မင်းညွှန့်လှိုင် ● မြို့ကလေးက မပျော်တော့ပါဘူးတဲ့


မင်းညွှန့်လှိုင် ● မြို့ကလေးက မပျော်တော့ပါဘူးတဲ့
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၉

မောင်ချိုရေ…ချမ်းမြေ့မောင်ချိုရေ…
ခုတော့ ငါတို့မပျော်နိုင်တော့ပါဘူး။

မောင်ချိုလေးတို့
ပြည်သူချစ်တဲ့အနုပညာရှင်တွေလာတုန်းကတော့
ပျော်ရွှင်ခဲ့ကြတယ်ပေါ့
မပျော်ပဲနေမလားလေ
သုံးနှစ်မှတစ်ခါ ကျင်းပတဲ့စွယ်တော်ပွဲလေ
တစ်နှစ်ပျော်ဖို့
သုံးနှစ်ကြီးများတောင်အောင့်ခဲ့ကြတာလေ
ရက်ပေါင်းထောင်ကျော်စောင့်ခဲ့ရတာလေ
ရယ်လွန်းတဲ့ကလေး ငိုရတတ်တယ်လား
အခုတော့ မြို့ကလေးကမပျော်နိုင်တော့ပါဘူး။

မြို့ကလေးအထက်က
တောင်နဝင်းဆိုတဲ့ရေလှောင်တမံကြီးက
နိမ့်ကျသွားတယ်လေ
အက်ကြောင်းရာတွေလည်း ပေါ်လာသတဲ့လေ
ငလျင်ဒဏ်ကြောင့်လို့တော့ပြောတာပါပဲ
ဆည်ဆရာတွေကတော့ မစိုးရိမ်ရပါဘူးတဲ့
ဒါပေမယ့် မြို့ကလေးကမပျော်တော့ပါဘူး။

အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပါတယ်တဲ့
မြို့ကလေးက မပျော်တော့ပါဘူး။

လူကြီးတွေလည်း လာကြည့်သွားပါပြီတဲ့
မပျော်တော့ပါဘူး မြို့ကလေးက။

တိုင်းတာမှုတွေ စတင်လုပ်ဆောင်ပါတော့မယ်တဲ့
မပျော်တော့ပါဘူး မြို့ကလေးက။

သတင်းမှားတွေကို မယုံကြည်ပါနဲ့တဲ့
တကယ်ကို မပျော်တော့ပါဘူး။

ပြန်ကြားရေးဌာနကလည်း ပုံမှန်ရေပေးဝေနေပါသတဲ့
မြို့ကလေးကမပျော်တော့ပါဘူး။

အာဏာရှင်အဟောင်းကြီးရဲ့မွေးရပ်မြေတဲ့လေ
နောက်ထပ် နာမည်ဆိုးမလိုချင်တော့ပါဘူး
မြို့ကလေးက။

ဗိုလ်အောင်ဒင်က မမြဝင်းကိုခိုးပြေးခဲ့တဲ့နေရာတဲ့
ဇာတ်ကနာလှချည်ရဲ့။

ငြိမ်းချမ်းရေးကို သူတို့ကျောခိုင်းသွားကြလေပြီတဲ့
ရှေ့သို့စာစောင်ကြီးရဲ့ နောက်ကျောကိုဓားနဲ့ထိုးချက်ပေါ့
မပျော်တော့ပါဘူး မြို့ကလေးက။

လူလာတိုင်းဒဏ်ရာတွေလှန်လှန်ပြလို့ပေါ့
တောင်ဇင်းဝဟာ အမာရွတ်တွေ ဟောက်ပက်ကြီးနဲ့
မြို့ကလေးက မပျော်တော့ပါဘူး။

သူ့ဝန်ကြီးချုပ်ကိုရော သူပြန်တွေ့ရပါဦးမလား
မပျော်တော့ပါဘူး မြို့ကလေးက။

မြို့အလယ်မှာ
အမျိုးသားခေါင်းဆောင်ကငူငူကြီးရပ်လို့
မြို့ကလေးက မပျော်တော့ပါဘူး။

တကယ်ဆို
အရေးအကြောင်းဆို ပြေးရလွှားရအောင်
မြင်းစီးကြေးရုပ်လေး လုပ်ပေးခဲ့ဖို့ကောင်းတယ်
မြို့ကလေးက မပျော်တော့ပါဘူး။

ညညဆို
နှင်းစက်ကျသံလည်းရေစီးသံထင်နေမိတယ်
မြောက်လေတိုးသံကိုလည်း
တာဘောင်ကျိုးသံထင်မိတယ်
မြို့ကလေးက မပျော်တော့ပါဘူး။

Water Water everywhere !
စာသားတွေက လှလိုက်တာ
မြို့ကလေးက မပျော်တော့ပါဘူး။

ကွယ်…
မအောင်မြင်ချင်နေပါစေ
မကျော်ကြားချင်နေပါစေ
ကြေးဝါမြင်းသည်တော်လို ကဗျာရှည်တစ်ပုဒ်တော့
မရေးထုတ်ချင်ပါဘူး ပေါက်ခေါင်းရေ…။     ။

မင်းညွန့်လှိုင်

Comments