စိုးခိုင်ညိန်း ● လေထဲက ဖုန်မှုန့်တွေ

 စိုးခိုင်ညိန်း ● လေထဲက ဖုန်မှုန့်တွေ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၉

သိပ်မကြာသေးခင်က ငယ်ငယ်က သိကျွမ်းခဲ့ရသော သူငယ်ချင်းတယောက်နှင့် မမျှော်လင့်ပဲ ပြန်ဆုံရသည်။ သူနှင့် မတွေ့ရသည်မှာ ဆယ့်ငါးနှစ်လောက် ရှိပြီ ဖြစ်သည်။ သူ့ပုံစံသည်ပင် သူ့အသက်နှင့် စာလျှင် အနည်းငယ်အိုဇာနေသည်ဟု ထင်ရသည်။ သူနှင့် ကျွန်တော် ကွဲသွားကတည်းက ဘာအဆက်အသွယ်မှ မရှိခဲ့။ အခုမှ ဖေစ်ဘုတ်ကနေ ပြန်တွေ့ပြီး အဆက်အသွယ် ပြန်ရခြင်း ဖြစ်သည်။ ကျွန်တော်တို့ ရှေးဟောင်းနှောင်းဖြစ်တွေ၊ အလုပ်အကိုင် အခြေအနေစသည်တွေ စကားတွေအများကြီး ပြောဖြစ်ကြသည်။ သူ့ကို ဘာလုပ်သလဲ မေးကြည့်တော့ ဖားကန့်က ပြန်လာတာ မကြာသေးဘူးဟု ဆိုသည်။ သူသည် ရေမဆေးရှာသူ တယောက်ပါလားဟု သူ့ကို အံ့သြစိတ်ဖြင့် ကျွန်တော်က ငေးကြည့် နေမိသည်။ သူ့ရှေ့မှာပင် မြေစာပုံပိလို့ သေတဲ့သူတွေ အများကြီးပဲဟု သူက ပြောပြပါသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်အချို့လည်း သေသည့်အထဲ ပါသွားသည်တဲ့။ "မနေ့ကပဲ သူနဲ့ အတူတူအိပ်၊ အတူတူစား အတူတူ စကားတွေပြောနေခဲ့တာ နောက်နေ့လည်း ရောက်ရော သူက မြေကြီးထဲ ရောက်သွားတာ တွေ့လိုက်ရတယ်။ ကိုယ်တော်တော်လန့်သွားတယ်၊ ဒါနဲ့ ကိုယ်လည်း ပြန်ပြေးလာတာပဲ"ဟု သူက အခြေအနေကို ပြောပါသည်။

"အခုလောလောစယ်တော့ ကိုယ်လည်း လေနေတယ်။ ဘာလုပ်စားရမယ်မှန်းလည်း မသိဘူး" ဟု ငြီးတွားကာ ကျွန်တော့်ကို ရင်ဖွင့်နေသော သူ့ပုံစံသည် အရာရာကို စိတ်ပျက်နေသည့် ပုံစံမျိုး ဖြစ်ပါသည်။ စိတ်ဓါတ်မကျပါနဲ့ကွာဟု ကျွန်တော်က အားပေးနေရသော်လည်း ကိုယ်တိုင်လည်း ရုန်းကန်နေရသည်မို့ သူ့ကို အကူအညီ ကောင်းကောင်း မပေးနိုင်ခဲ့။ ဘာပဲဖြစ်ြဖစ်ကွာ အဲဒီကိုတော့ ပြန်မသွားပါနဲ့ဟု ပြောရုံပဲ တတ်နိုင်ခဲ့သည်။

ပြီးခဲ့တဲ့ သုံးလကျော်လောက်က ကံသီလို့ သေဘေးတခုမှ လွတ်မြောက်ခဲ့ရတာကြောင့် ကျွန်တော်သည် အခုရက်ပိုင်းတွေမှာ ဒီသေခြင်းတရားကိုပဲ မကြာခဏ တွေးတောဆင်ခြင်နေခဲ့မိတာ ဖြစ်ပါသည်။ ဒီအတော်အတွင်းမှာပဲ လူတွေသေဆုံးရတဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေကို  ကြားသိနေခဲ့ရတာပဲ ဖြစ်ပါသည်။ ရွာပြန်ရောက်တော့ မူလတန်းမှာ အတူတက်ခဲ့ရတဲ့ ငယ်သူငယ်ချင်းတွေက စုံစုံလင်လင် မရှိကြတော့၊ သေတဲ့သူက သေကုန်ပြီ။ တယောက်ယောက်ကိုများ မမြင်မိလို့ မေးကြည့်လိုက်ရင် ဟောဗျာ မသိသေးဘူးလား၊ မနှစ်ကပဲ ဆုံးသွားပြီလေ တဲ့၊ ကျွန်တော့်မှာ အံ့သြမှင်သက်နေရပါသည်။

ကျွန်တော်သည် ထိုကဲ့သို့သော ခံစားမှုတို့ဖြင့် တိတ်ဆိတ်အေးစက်ကာ အဖြစ်အပျက်တို့ကို အပြန်ပြန်အလှန်လှန် တွေးတောဆင်ခြင်နေမိပါသည်။ ထိုအခါတွင် ကျွန်တော်၏ ပုံစံသည် အေးစက်ကာ ငူငူငိုင်ငိုင်လိုမျိုး ဖြစ်သွားပါသည်။ ကျွန်တော်သည် ဗလာသက်သက် လေဟာနယ်ထဲ သွားနေမိသလို ဘာကိုမှ မလုပ်မကိုင်မိပဲ ဖြစ်သွားပါသည်။ ထိုအခါတွင် ကိုယ့်ဟာကိုယ် သတိပြန်ကပ်ခါ စာတွေကိုပဲ တအုပ်ပြီး တအုပ် စိတ်နှစ်ကာ ဖတ်ဖို့ ကြိုးစားရပါသည်။ စာကိုတော့ တလုံးမှ ချမရေးမိ၊ ရေးစရာလည်း မရှိ၊ ရေးဖို့ရာလည်း မတွေးမိ၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့တနေ့ကတော့ အချိန်တန်တော့လည်း ကုန်သွားမှာပဲ လို့ ကိုယ့်အတွေးနဲ့ကိုယ် အားတင်းထားရပါသည်။

ဒီနေ့မှာတော့ မထိုင်တာ ကြာပြီဖြစ်သည့် စာရေးစားပွဲမှာ ပြန်ထိုင်တော့ စားပွဲပေါ်မှာ ဖုန်တွေက အထပ်လိုက်ဖြစ်နေတော့သည်။ ဒီဖုန်တွေဟာ တရက်တရက်မှာ နည်းနည်းချင်း ကျတဲ့ ဖုန်တွေ ဖြစ်မှာပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ နေ့တိုင်း ကျနေတဲ့ ဖုန်တွေကို လေထဲမှာ မမြင်နိုင်ခဲ့။ လေထဲမှာ ကိုယ့်မျက်စိနှင့် မမြင်နိုင်တဲ့ ဖုန်တွေဟာ အချိန်ပြည့်လွင့်ဝဲနေမှာပဲလို့ တွေးတောနေမိသည်။ ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့ အသုံးအဆောင်တွေပေါ်မှာလည်း ဖုန်တွေဟာ နေ့တိုင်း ကျနေမှာပဲ ဖြစ်သည်။ အမြဲတမ်း လှည်းကျင်း သန့်ရှင်းမှု ပြုလုပ်နိုင်ကာမှ တော်ရာကျပေသည်။ ပစ်ထားလိုက်လို့ ရက်အနည်းငယ် ကြာသွားလျှင် ဖုန်တွေက သိသိသာသာ ဖွေးနေတော့သည်။ လေထဲက မမြင်ရတဲ့ ဖုန်တွေဟာ များလာပြီး ထုနဲ့ထည်နဲ့ ဖြစ်ကာ အရာဝတ္ထုများကို ဖုန်းလွှမ်းသွားနိုင်တာပဲဟု စဉ်းစားနေမိသည်။ အော် သေခြင်းတရား ဆိုသည်ကလည်း မမြင်နိုင်တဲ့ လေထဲက ဖုန်မှုန့်တွေလို နေရာအနှံ့ တည်ရှိနေနိုင်တာပါပဲလားဟု ဆင်ခြင်လိုက်မိသည်။

သေဆုံးသွားကြတဲ့ သူတွေသည် လေထဲက ဖုန်မှုန့်တွေလို လူမြင်ကွင်းကနေ ပျောက်ကွယ်သွားကြ သည်။ တနည်းအားဖြင့် ဆိုရလျှင် သေဆုံးသွားကြသူတို့သည် ဖုန်မှုန့်တွေဖြင့် ဖုန်းလွှမ်းပျောက်ကွယ်သွား ကြသည်။ ပစ္စည်းဝတ္ထုစသည့် အရာဝတ္ထုတို့သည် အသုံးမပြုပဲ ကြာရှည်စွာ ပစ်ထားလိုက်လျှင် ဖုန်မှုန့်တို့ဖြင့် ဖုန်းလွှမ်းကာ မြေကြီးအောက်သို့ ရောက်ကာ ပျောက်ကွယ်သွားကြသည်မှာ သဘာဝပဲ ဖြစ်သည်။ မြေကြီးထဲမှ ရှေးလူတို့ အသုံးပြုခဲ့ကြသော ရှေးဟောင်းပစ္စည်းများကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိကြသည်။ ထိုအရာဝတ္ထုများသည် လူတို့ အသုံးပြုစဉ်တုန်းကတော့ မြေပေါ်မှာ တည်ရှိနေခဲ့သော အရာများ ဖြစ်ပါသည်။ သို့သော်လည်း မလှုပ်မယှက်သေသလို ဖြစ်သွားသော အရာတို့သည် လေထဲက ဖုန်တို့ဖြင့် ဖုန်းလွှမ်းကာ မြေကြီးထဲသို့ ရောက်သွားကြခြင်း ဖြစ်သည်။

လူ့ဘ၀ဆိုသည်မှာလည်း လေထဲက ဖုန်တွေမတက်အောင် တနည်းပြောရလျှင် အသက်ရှင်သန်ရ လေအောင် လှုပ်ရှာရုန်းကန် နေရခြင်းပဲ ဖြစ်ပါသည်။ လှုပ်ရှားနေသော အရာဝတ္ထုပေါ်တွင် ဖုန်မှုန့်တို့သည် လွယ်လင့်တကူ မတင်နိုင်၊ သို့သော်လည်း ကျွန်တော်တို့သည် ဖုန်မတင်အောင် ထာဝရလှုပ်ရှားနေဖို့ဆို သည်မှာလည်း မဖြစ်နိုင်သော ကိစ္စတခုပဲ ဖြစ်သည်။ တနေ့နေ့ တချိန်ချိန်မှာတော့ ငြိမ်သက်ရပ်တန့် ကာ ဖုန်မှုန့်တို့၏ ဖုန်းလွှမ်းမှုကို ခံရမည်သာ ဖြစ်သည်။

တနေ့က youtube မှာ အဆိုတော် KanSas သီဆိုသည့် Dust in the Wind သီချင်းကို နားထောင်မိသည်။ ဟို အရင်က နားထောင်ဘူးသော်လည်း အခုလို သေသေချာချာ နားမထောင်မိခဲ့၊ အခုတော့ သေသေချာချာပဲ ထပ်ခါထပ်ခါ နားထောင်နေမိသည်။ တနေ့တော့ ကျွန်တော်တို့ အားလုံးသည် သီချင်းထဲကလို လေထဲက ဖုန်မှုန့်တွေလို လွင့်ပါးပျောက်ကွယ် သွားကြရမှာချည်းပဲ ဖြစ်ပါသည်။ မိုးပေါက် မိုးရေစက်တွေသည် ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးထဲ နစ်ဝင်ပျောက်ကွယ်သွားသလို ပျောက် ကွယ်သွားကြရဦးမည်ပဲ ဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်တို့သည် မထူးဆန်းလှသော ကိစ္စများပဲ ဖြစ် ပါသည်။ တနေ့ လေထဲက ဖုန်မှုန့်တွေလို ပျောက်ကွယ်သွားမည့်အကြောင်းကို တွေးပြီး ထိပ်လှန့် တုန်လှုပ်ကာ စိတ်ပျက်အားငယ်နေစရာတော့ မလိုပေ၊ ထိုသဘောတရားကိုပဲ တတ်နိုင်သမျှ တွန်းလှန်ကာ ရင်ဆိုင် ရှင်သန်နေရသည်ကပင် ဘ၀တခု ဖြစ်သည်။ ဘ၀ဆိုသည် လောကဓံရိုက်ချက်တို့ဖြင့် ပြည့်နေသော တိုက်ပွဲတခုပဲ ဖြစ်သည်။ လောကဓံဆိုသည်မှာ အနိမ့်အမြင့်သဘော၊ အဆိုးအကောင်းတို့ ဖြင့် တလှည့်စီ ကြုံကြိုက်ရမည့် သဘာဝတရားတခုပဲ ဖြစ်သည်။ ထိုအရာသည် ရှောင်လွှဲ၍ မရ။ အဆိုးတို့ ၀င်ရောက်လာသည့်အခါ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနိုင်ပါမှ အကောင်းတို့ဖြင့် တွေ့ကြုံရမည် ဖြစ်သည်။

ကြိုးစားနေသမျှ အောင်မြင်သွားကြတဲ့ သူတွေကို ကြည့်ပြီး ငါလည်း တနေ့ပေါ့ ဆိုသည့် စိတ်ကူးဖြင့် မျှော်လင့် နေနိုင်သည်။ ထိုအတူပင် ကျရှုံး ပျောက်ကွယ်သွားကြသူတွေကိုကြည့်ပြီးလည်း ငါလည်း တနေ့ ဆိုသည့် အတွေးဖြင့် ရောက်လာမည့် လောကဓံကို ကြိုတင်ပြင်ဆင် ထားရမည်သာ ဖြစ်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကဗျာဆရာလှသန်းသည်လည်း ငါလည်းတနေ့ ဆိုပြီး ဆင်ခြင်သွားပုံကို တွေ့ရပါသည်။

ငါလည်းတနေ့

ချောင်းရိုက်ခံရတာကို
ဘယ်လိုလက်တုံ့ပြန်မှာလဲ
လောကဓံဆိုတာ ဒီလိုပါပဲ
စိတ်အားငယ်စရာတွေကြားမှာ
ပြက်ရယ်ပြု စကားပြောတတ်သူ
ငြိတွယ်စိတ်ကြီးမား
အားသွန်ခွန်စိုက် လွမ်းရတာလဲ
အရသာတမျိုးပါပဲ
တယောက်ပြီးတယောက်
နောက်တယောက်
နေ့ခင်းကြောင်တောင်
လင်းလင်းကျင်းကျင်းကြီးထဲ ပျောက်ကွယ်

ဘယ်ရောက်ကုန်ပြီလဲ
တယောက်နဲ့တယောက် နှုတ်မဆက်နိုင်ခဲ့
နေ့စဉ်နဲ့ အမျှ
ဆက်ဆံနေရတာက
လူရွှင်တော်တွေ
လူပြက်တွေ
ခက်ခက်ခဲခဲ ရယ်မောခဲ့ရ
ခြေကုန်လက်ပန်းကျ။

နောက်ဆုံးခရီး
ခေါင်းတိုင်က မီးခိုးတွေ
"လေပြင်းထဲက ဖယောင်းတိုင်" ပြော ပြော
"လေပြင်းထဲက ဖုန်မှုန့်" ပြော ပြော
ပြာကျခဲ့တာ
သေချာပါတယ်။ ။

(လှသန်း)

နေရောင်ချည်သည် တံခါးတချပ်ဖွင့်ထားသော ပြတင်းပေါက်မှ စာရေးစားပွဲပေါ်သို့ ထိုးကျနေ သည်။ စလိုက်တခုလို ထိုးကျနေသော နေရောင်ချည်ထဲတွင် သေချာကြည့်လိုက်တော့ လွင့်ဝဲနေသော ဖုန်မှုန့်တို့ကို တွေ့လိုက်ရသည်။ လွင့်ဝဲနေသော လေထဲက ထိုအမှုန်အမွှားတို့သည် စာရေးစားပွဲပေါ်သာမက စာရေးနေသော ကျွန်တော်၏ ကိုယ်ပေါ်သို့လည်း ကျနေပေလိမ့်မည်။

ရေးလက်စ စာကို လက်စသတ်ပြီး ဖေစ်ဘုတ်ကို ဖွင့်ကြည့်လိုက်တော့ နိုင်ငံရေးမှာ အထင်ကရ သူတဦး၏ ရုတ်တရက် ကွယ်လွန်တဲ့ နားရေးသတင်းကို ဖတ်လိုက်ရသည်။ ဒီလက သြဂုတ်လ၊ သမိုင်းမှာလည်း အသေအပျောက်များခဲ့တဲ့ လတ လပဲ ဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် ဒီသြဂုတ်လမှာပဲ ကြွေလွင့်သွားကြသည့် ကြယ်ပွင့်တွေ၏ အမည်များမှာ မဟာ ဆွေ၊ ရွှေဥဒေါင်း၊ လူထုဦးလှ၊ လင်းယုန်သစ်လွင်၊ ဘီးအီးဒီအောင်သိုက်၊ ထူးအိမ်သင်၊ မင်းသုဝဏ်၊ တာရာမင်းဝေ၊ နန္ဒသိန်း ဇံ၊၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး၊ ဒဂုံတာရာ၊ ခိုင်ထူး စသည်တို့ ဖြစ်သည်ဟု မှတ်သားရသည်။ သူတို့သည် ဖုန်မှုန့်တွေလို ပျောက်ကွယ် သွားကြပေမဲ့ သူတို့၏ နာမည်များကတော့ လေထဲမှာ ထင်ကျန်ကာ ရှင်သန်နေဆဲပဲ ဖြစ်ပါသည်။

စိုးခိုင်ညိန်း
၁၃၊ ၈၊ ၂၀၁၈

Comments