ဆောင်းယွန်းလ ● ကမ္ဘာပတ်ပြီးဖတ်မိတဲ့ စာမျက်နှာများ


ဆောင်းယွန်းလ ● ကမ္ဘာပတ်ပြီးဖတ်မိတဲ့ စာမျက်နှာများ
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၉

ဝိုင်ယာကြိုးတွေနဲ့ ရှုပ်ပွေနေတဲ့မြို့ကြီးဟာ
သူ့ရဲ့ခွန်အားတွေကိုပြနေတာဘဲ
ဘယ်နေရာကြည့်ကြည့်
လက်ညှိုးထိုးမလွဲတဲ့ ကွမ်းသွေးတွေအပြည့်နဲ့
တိုက်နံရံတွေပေါ်က
နေပူစာလှုံနေကြတဲ့ အဝတ်အထည်များ

အပူရောင်သမ်းနေသူ လူတွေက
ယာဉ်သွားလမ်းမထက် လမ်းလျှောက်သင်နေကြ
တစုံတရာကိုကျော်တက်ဖို့အတွက်များ
ဦးတည်နေကြသရော့လား

ခေါင်းမော်ကြည့်ရင် အမိုးပေါက်နဲ့တွေ့ ပြီး
ခေါင်းငုံ့ကြည့်တော့ ကြမ်းအကျိုးနဲ့တိုးမယ်

အမှိုက်ကစပြီး
မိုးထိအောင်မီးလောင်နေတဲ့ နေ့အဟောင်းများ
ခပ်စောင်းစောင်းချိတ်ထားတဲ့ ပြောင်းလဲခြင်းဆိုင်းဘုတ်အောက်
မသန်တဲ့ခြေထောက်ကိုတုတ်ထောက်ထားရတာ
ဘယ်တော့မှအဆုံးမသတ်တဲ့ ဝင်္ကဘာတမျိုးဘဲ

ခြောက်သွေ့တဲ့ ဝမ်းရေးအတွက်
ကောက်ကွေ့နေရတာလည်း မဆန်းတော့ဘူး
ဘယ်တုန်းကမှ မဖြောင့်တန်းခဲ့ဖူးတဲ့လမ်းတွေ

ပင်လယ်ပြင်ကျယ်ထဲ စီးမြောသွားကြတဲ့
အကြွေစောသူတွေနဲ့
ကျန်ရစ်သူတွေ တဝဲဝဲလည်နေတဲ့ ရေအိုင်ငယ်မှာ
ကမ္ဘာဟာကျယ်လွန်းပါတယ်

ဘယ်လိုအော်ဟစ်လည်း
အသံတွေ တိုးတိမ်နစ်မြုပ်ဆဲဘဲ
ဘယ်လောက်လျှောက်လျှောက် မရောက်တဲ့လမ်းတွေ။

ဆောင်းယွန်းလ

Comments