![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosep9TG1R-CzGfV3EUYUQNzD86ekwuc5z4v8yQF7Ay57r84aa3Ku487wdhePe9C3fRJivSCOiL_UGrOuUaoIuPkl_b8E5Ie7vqMjasHbsczL6h2blSq4f-APJF55-QGxLTRhVBsUnVBM/s640/53369494_2195897613837531_4990548515286417408_n.jpg)
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မတ် ၁၃ ကျင်းပ
ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၉
ရန်ကုန် မတ် ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့ ကျဆုံးခြင်း ၃၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgklYPHpvgeYuynMMuaDiv6XYPG1bKMapsEcFGNYafhrX1QvvTacwLT-fcIK238IuUDSTQTSPZQgmk3lEiY4z9sN8-9UfAYkoSi_sFkTzcR8mR3JKzgfRG84eXp5AcyZrTXoGFNPG4inIg/s640/53712319_2004925659817404_6595720060298330112_n.jpg)
ရှေးဦးစွာ ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့အတွက် ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiLeRdcjRlyqEt_iqKq8NOxyRvSSH3XWdY_Pz8_tUM6bTi_lEzjs86Vb6S8JO2_GEGAP6Js1HO2LE1FmDSqR6ebuHMXl_SiuwJZ2_gp3fsFWNJC5Up2hPvBufDe1zUQ0mRncVyozpy22o/s640/54114887_298704850800329_96754313119924224_n.jpg)
ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစည်သူခန့်မင်းက ပွဲကျင်းပ ပြုလုပ်ရခြင်း နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှပေးပို့သော သဝဏ်လွှာ ကို ပထမနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား မမေမြင့်မြတ်ခင် က ဖတ်ကြားခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL0qMrz4DJXvhrrJXAhF0KF4-WN3O5Rm9y4i3RzKgA63psNFHQSQOD7wMdKvg0LfROFyaaCj6n0Rxm7DbBIjvXy3-IdejDbFve3lbgJEtAnZ9qx_Z1sbPL5fva8rkaiP3AVNx-mhk5CPg/s640/54206217_262195588051868_1465306270025121792_n.jpg)
အဆိုပါ အခမ်းအနားသို့ လက်ရှိ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂ နှင့် မတ် ၁၃ ရက်နေ့ က ရဲလုံခြုံရေး၏ အကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ကြသော ကျောင်းသားဟောင်းများ၊ ဆရာဟောင်းများ အပြင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ဦးမင်းဇေယျ ၊ ဦးမင်းကိုနိုင်၊ ဦးအောင်ထွန်း စသော သူများ တက်ရောက်ခဲ့ကြပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVNvnkTWzGzBL1lLPgSQB4ymz84uew-FD2xbtv5iJAmI-YTG12ziuC6FfjFJF9jg4u6LIFmJubsDy6jrM_PkmWYcerzF3Q04O8z7vBeo8xC-nmxVpIgzL8d80UuQB0zs3CDuMd35RUaY8/s640/54518730_2141896089189690_5770615430662062080_n.jpg)
၁၉၈၈ မတ် ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအပါအ၀င် ကျောင်းဝင်းအနီး အချင်းများမှုတခုကို ထိုစဉ်က မဆလတပါတီ အာဏာရှင်အစိုးရက တရားသဖြင့်ဖြေရှင်းခြင်း မပြုဘဲ ကျောင်းသားများကို ကျောင်းဝင်းတွင်းအထိ လိုက်လံ ပစ်ခတ်နှိမ်နှင်းခဲ့သည်။ ထိုအကြမ်းဖက်မှုကြောင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ကိုမြင့်ဦးမှာ သေနတ်ဒဏ်ရာ ရခဲ့သည်။ ကျောင်းသားအများအပြားကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုကို ဖုံးကွယ်သတင်းထုတ်ပြန်ခဲ့သည်။ နှစ်ပေါင်းများစွာ အထွေထွေ ယိုယွင်းပျက်စီးနေသော မြန်မာပြည်တွင် ထိုမတရားမှုမှ အစပြုပြီး ကျောင်းသားများ၏ အရေးတော်ပုံသည် တက္ကသိုလ်ကောလိပ်များ အထက်တန်းကျောင်းများသို့ ပြန့်နှံ့ခဲ့ပြီး ပြည်သူလူထု၏ အရေးတော်ပုံအဖြစ် ဦးတည်ကာ ၁၉၈၈ သြဂုတ်လတွင် ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်လာခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBbjUO8dY8dK-FrI4uxVthwQ2fEOJlw3qRRhOP_StnZUZtkKtRF0oh62h1OuM8olIyZftIy443LDnQmZQeRrL28SwCzSkH2hea6rTH8QfCN-5xkvyO4aP3hfiqR_5nhVs6wTAyD4JOFQ/s640/54254922_1308840669263769_7932458966808788992_n.jpg)
၁၉၈၈ လူထုလှုပ်ရှားမှုအတွင်း မဆလအစိုးရနှင့် စစ်တပ်က အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်ခဲ့သဖြင့် လူ ထောင်ပေါင်းများစွာ ကျဆုံးခဲ့ရသည်။ မဆလပါတီအစိုးရ ပြုတ်ကျခဲ့သည်။ စစ်တပ်က ၁၉၈၈ စက်တင်ဘာတွင် အာဏာသိမ်းပြီး ဆက်လက်အုပ်ချုပ်ရန် ကြိုးစားခဲ့သော်လည်း မြန်မာပြည်သူတို့၏ ဆက်လက် အုံကြွဖီဆန်မှုများ တိုက်ပွဲဝင်မှုများကြောင့် ၂၀၁၀တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခြင်းနှင့် ၂၀၁၅ တွင် လူထုထောက်ခံသော NLD ပါတီ အာဏာရ အစိုးရဖွဲ့နိုင်သည်အထိ ပြောင်းလဲလာခဲ့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXQoTxO6Gece7234FvpGYNJxac4C7xL9kCN-egrwVlh70w8NFUImAkFFpA4F0SPctmBjeIPkuv3CroiPHTP-gxnSNQbEMp5ZvA45bFUbUYh7T9Mra7_ZFTiKO_4A1MG7nYugoOUf-dZY/s640/54523069_2141798429189154_8253840344387420160_n.jpg)
စစ်အစိုးရ ပိတ်ထားခဲ့သော အဆိုပါ စက်မှုတက္ကသိုလ်ကို နည်းပညာတက္ကသိုလ်အဖြစ် ၂၀၁၀ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်း ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်ပြီးနောက် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများလည်း ပြန်လည် ဖြစ်ထွန်းလာခဲ့သည်။ ထိုနောက် ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ယခုကဲ့သို့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်များ ကျောင်းဝင်းအတွင်း ကျင်းပနိုင်လာသည်။ ၁၉၈၉ ခုနှစ်က ကိုဖုန်းမော်ကျဆုံးခြင်း ၁နှစ်ပတ်လည်အခမ်းအနားဖြင့် ကျောင်းသားများက မတ် ၁၃ ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ကြသော်လည်း ယခုအချိန်ထိ "ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့" အဖြစ် ကျင်းပနေသည်ကို တွေ့ရသည်။
Comments