လင်းသက်ငြိမ် ● မဟာဂီတ


လင်းသက်ငြိမ် ● မဟာဂီတ
(မိုးမခ) ဧပြီ ၅၊ ၂၀၁၉

လူသေကောင်ရဲ့ဦးခေါင်းခွံဟာ အုတ်ဂူထဲပျင်းရိငြီးငွေ့
အပြင်ကိုလမ်းလျှောက်ထွက်လာ
သူသေတဲ့ခုနှစ် သူ့ဖာသာ ပြန်မမှတ်မိတော့တဲ့
ဦးခေါင်းခွံရဲ့လမ်းလျှောက်ခန်းမှာ
သမားစဉ်အတိုင်း ခွေးအူသံတွေ ထည့်ထား
လိုတာထက်ပိုမှောင်ဖို့ ညကို ပြင်ဆင်ထား
သွပ်မိုးကို တဗျန်းဗျန်းမြည်အောင် လေတိုးစေ
သစ်ပင်တွေကို ကြောက်မက်ဖွယ် ယိမ်းကစေ
ဦးခေါင်းခွံရဲ့လမ်းလျှောက်သံကို တဒေါက်ဒေါက်ကြားရ
ခြေမပါလက်မပါ ဦးခေါင်းခွံက
ဘယ်လို လမ်းလျှောက်တာပါလိမ့်
ယုတ္တိဗေဒကို ခုတ်ထစ်ခြေမွထားလိုက်
အိမ်တအိမ်ရှေ့ ရပ်တံ့မိတဲ့ အခိုက်အတံ့
ဘယ်သူလဲဆိုပြီး ဦးခေါင်းခွံတခု
ဗြုန်းခနဲ အိမ်တံခါးဝက  ပြူ ထွက်လာ
သင်္ချိုင်းကလာတဲ့ ဦးခေါင်းခွံ လွှတ်ခနဲလန့်ပြီး
ဆောက်တည်ရာမရ ထွက်ပြေး
တလမ်းလုံး ဒေါက်ဒေါက်ညံ
အိမ်တွေထဲကပြူထွက်လာကြတဲ့ နောက်ထပ်ဦးခေါင်းခွံတွေ
ဦးခေါင်းခွံက ဦးခေါင်းခွံတွေကို
ပြန်ကြောက်ပြီး ပြေးလွှားနေတဲ့ညပေါ့
သင်္ချိုင်းကလာပြီး သင်္ချိုင်းထဲ ခြောက်ခြောက်ခြားခြားပြေးဝင်သွားတဲ့
ဦးခေါင်းခွံကိုကြည့်ရင်း အိမ်ထဲကဦးခေါင်းခွံများ
သူတို့ရဲ့အတွေးအခေါ်တွေကို တဂျစ်ဂျစ် ပြိုင်တူကုတ်ခြစ်မိကြ
ညက တယောထိုးသံကို ဘယ်သူကြားမိကြသလဲဆိုတဲ့မေးခွန်း
မနက်ဖြန်ကျမြို့ထဲ ဗိုင်းရပ်စ်လို ကူးစက်ပြန့်ပွားပါလိမ့်မယ်။

လင်းသက်ငြိမ်

Comments