(မိုးမခ) ဧပြီ ၃၊ ၂၀၁၉
မနေ့က ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ အင်အယ်ဒီပါတီကချည်းပဲ အနိုင်ရရှိတယ်။ မဲပေးပိုင်ခွင့်ရှိသူ အသက် ၁၈ နှစ် အထက် ပြည်သူအားလုံးရဲ့ ၁၀ ရာနှုန်းပဲ မဲပေးကြတော့ အမျိုးမျိုးကောက် ချက် ချ ကြ တယ်။ အင်အယ်ဒီပါတီအလံနဲ့ ပြိုင်တာ မတရားဘူး၊ ကော်မတီဝင် ၁၁ ဦးမှာ မြို့တော်ဝန် အပါဝင် ၅ ဦးကို ရန်ကုန်တိုင်းအစိုးရ (NLD 75%, Military 25%) ရဲ့ အင်အယ်ဒီဝန်ကြီးချုပ် (ဦးဖြိုးမင်းသိန်း or NLD ပါတီ) က ရွေးပေးထားပြီပဲ။ ကျန်တဲ့ ၅ ယောက်ကို အင်အယ်ဒီပါတီ အရွေး မခံသင့်ဘူးလို့ ပြောလဲမရပါ။ ပါတီအလံနဲ့ပြိုင်တော့၊ နေရာအားလုံး (ဆိပ်ကမ်းမြို့နယ်ကလွဲပြီး) အင်အယ်ဒီ ကိုယ်စားလှယ်များ အနိုင်ရသွားပါတယ်။
ရန်ကုန် မြို့တော်ဝန်နဲ့ ရန်ကုန်တိုင်း အစိုးရဝန်ကြီးချုပ်ရာထူးနဲ့ လုပ်ပိုင်ခွင့်ကိုကြည့်ရင် ရန်ကုန်စည်ပင် ဌာနကို အုပ်ချုပ်မဲ့ အဖွဲ့က အာဏာရ ပါတီပဲ ဖြစ်တယ်။ မြို့တော်ဝန် Mayor လုပ်ပိုင်ခွင့်က တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူး။ တရုတ်ပြည်မှာ ဗဟို အစိုးရ ကွန်မြူနစ်ပါတီက ရွေးချယ်တယ်။ အင်ဒိုနီးရှား၊ အမေရိကားမှာတော့ ပြည်သူလူထု တိုက်ရိုက် ရွေးတယ်။ စင်ကာပူ မှာတော့ Town Council ဆိုပြီး အနိုင်ရတဲ့ပါတီက လွှတ်တော်အမတ်တွေက အုပ်ချုပ်တယ်။
မြန်မာပြည်ကတော့ တရုတ်စတိုင်ဖြစ်လို့ ဗဟိုအစိုးရကပဲ မြို့တော်ဝန်ခန့်တယ်။ ပြည်သူပါတယ်ပြောရုံလေး ကော်မတီဝင် ၁၁ နေရာမှာ ၅ နေရာ ရွေးကောက်ပွဲလုပ်ပေးတယ်။ စည်ပင်နည်းဥပဒေအရ ပါတီတွေ ပါတီအလံသုံးခွင့်ပေးတော့ အင်အယ်ဒီတွေပဲ နိုင်သွားတယ်။
● မဲပေးသူ အရမ်းနည်းပါး
၁၀ % ပဲ မဲပေးကြတယ်ဆိုတာ အလွန်ရုပ်ဆိုးပါတယ်။ ကမ္ဘာ့ရွေးကောက်ပွဲဥပဒေအရဆိုရင် ဒီရလဒ် တရားမဝင်ဘူးတောင် အငြင်းပွားလို့ရတယ်။ ရှိပါစေတော့။ ဘာကြောင့် လာမဲမပေးသလဲဆိုတော့၊ အတိုက်ခံပါတီများက အရေးမကြီးလို့ အင်အယ်ဒီကို အချိန်ကုန်၊ ငွေကုန်ခံပြီး ဝင်ပြိုင်မနေတော့ပါ။
● တသီးပုဂ္ဂလိကများရှုံးးကြ (သုံးသပ်ချက်)
ကျနော်လည်း COI ရှိတယ်။ RIT ကျောင်းဆင်း အင်ဂျင်နီယာ ကိုကြက်တောကို ဝန်းရံတယ်။ အမှတ် (၃) နယ်မြေ ၁၀ ဦးတောင် ပြိုင်ကြတယ်။ ကိုကြက်တော နိုင်မယ်လုံးဝမထင်ဘူး။ ထင်တဲ့အတိုင်း မော်ဒယ်မိန်းကလေးနဲ့ လူငယ်ပညာရှင် အောင်ခန့်တို့ကိုတောင် မနိုင်ဘူး။ NLD ဦးစိုးလွင် ပထမ (36.1 %)၊ အသက် ၂၇ နိုင်ငံခြားပြန်လူငယ်လေး ဦးအောင်ခန့် ဒုတိယ (36.1 %) ဇောတိကဦးခင်လိIင် တတိယ (18.9 %)၊ RIT အင်ဂျင်နီယာ ကိုကြက်တော No.6 (3.1%) ပဲရတယ်။ မိုဒယ်မိန်းကလေးက စတ္တုထ (8.9%) ရတယ်ဆိုတော့ ကိုအောင်ခန့်နဲ့ မထက်ထက်ထွန်း ပူးပေါင်းညီညွတ်လိုက်ရင် အင် အယ်ဒီကို ယှဉ်နိုင်မှာပါ။ အင်ဒိုနီးရှားသမ္မတရွေးပွဲ မဲနည်းသူတွေဖြုတ်ပြီး ဒုတိယအကြိမ် မဲထပ်ပေးခိုင်းတယ်။ မြန်မာပြည် တော့ ရွေးကောက်ပွဲစရိတ်ထောင်းလို့ တကြိမ်နဲ့အပြတ်လုပ်ရတယ်။
မိမိအရွေးခံရရင် လာပ်စားမှုတွေကို တောင့်ခံဖို့ စိုးရိမ်မိတယ်ပြောတဲ့ လာဘ်စားမှုမကြိုက်သူ စက်မှုဇုံ ဦးဝင်းချိုခမျာ ၅၈၄ မဲ နဲ့ No.9 ပဲ ရရှိတာ သင်ခန်းစာပဲ။ မြန်မာပြည်မှာ လာဘ်စားသူနှိပ်ကွပ်ချင်ရင် လူကြိုက်နည်းမယ်။
● ဦးအောင်ခန့်၊ ဦးခင်လှိုင်တို့လည်း မဲအများကြီးရပေမဲ့
အထူးသဖြင့် အခွင့်ထူးရထားတဲ့ ပြည်သူနဲ့ ဝန်ထမ်းတွေက DASSK ကို ပိုတောင်မကြိုက်ကြတော့ဘူး။ ဥပမာ ရန်ကုန်မြို့ ၈ ထပ်တိုက် အောက်ဆုံးထပ်ပိုင်ရှင်က သူတိုက်ရှေ့ ကားပတ်မြေကို သူအပိုင်သိမ်းထားတဲ့ မြေသိမ်းသမားတွေက လုံးဝ မကြိုက်တော့ဘူး။ ကျန်တဲ့ ၇ ထပ်မှာနေသူတွေက ထောက်ခံနေဆဲပါ။ ကျနော်လဲ NLD ထောက်ခံနေဆဲ။ ကိုယ်ကျိုးသမား တွေ ပါတီက ထိန်းနိုင်ပါစေ။
● နိဂုံး (၂၀၂၀ ရွေးကောက်ပွဲ)
ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ၁၀ % သာ မဲပေးဖြစ်လို ရွေးကောက်ပွဲကော်မရှင်ကို မကျေနပ်ပါ။ တခြားပါတီတွေကလဲ (ဥပမာ - ကြံ့ခိုင်ရေး) အင်အယ်ဒီကိုရှုံးမှာပဲဆိုပြီး လာမပြိုင်တာ စိတ်ပျက်မိတယ်။ ရန်ကုန်တိုင်း စည်ပင်ဥပဒေသစ်က စင်ကာပူ Town Council Law ကို ကိုးကားရေးဆွဲထားပေမဲ့ မြို့တော်ဝန်လဲ လုပ်ပိုင်ခွင့်သိပ်မရှိ၊ မြို့တော်ဝန်က ဝန်ကြီးချုပ်အောက်မှာလိုလို ဖြစ်နေပါတယ်။ ဒီတော့ ရွေးခံကော်မတီဝင်တွေ စည်ပင်ပေါ်လစီ NLD အောက်မှာပဲ ပျော်ပျော်ပါးပါး ဆက်လုပ်ကြရပါတော့မယ်။
ဒီရလဒ်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံပါတီများအတွက် သင်ခန်းစာအနည်းကျဉ်းတော့ရပါမယ်။ မိမိပါတီ ခေါင်းဆောင်များက ညစ်ကျယ် ရှက်ဖွယ်ဖြစ်နေရင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်အယ်ဒီအလံကို နိုင်မှာ မဟုတ်ပါ။ မဲမပေးမနေရ ဥပဒေလုပ်ထားတဲ့ နိုင်ငံများစွာရှိပေမဲ့ အတင်းအကြပ် မဲပေးစေခြင်းကလဲ မကောင်းပါ။ မဲပေးသူ ၆၀ % ရှိအောင် ရွေးကောက်ကော်မရှင်နဲ့ ပါတီများက ကြိုးစားရပါမယ်။
ဇော်အောင် (မုံရွာ)
ဧပြီ ၂၊ ၂၀၁၉
Comments