ဖိုးရွှေညီမှိုင်း - ရိုးရိုးကလေး ငြိမ်းချမ်းရေး

ရိုးရိုးကလေး ငြိမ်းချမ်းရေး
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၁

ဒါ ကို မထုတ်နဲ့
ထုတ်မိရင် ခုတ်ပြီးမှ 
ပြန်ထည့်လို့ရသတဲ့။

ခဏ ခဏ ထုတ်ခဲ့ကြ
ခဏ ခဏ ခုတ်ခဲ့ရ သံမဏိသား
ပဲ့ ရွဲ့ အသွားက ထက်မြဆဲ။

တိတ်ဆိတ်သလောက်ခမ်နား
ရှည်လျားမြစ်တစင်းလို ရာဇဝင်တွေနဲ့နေခဲ့သူ
သက်တမ်းအရကို အနားယူပါစေတော့။

အဘိုးကိုင်ခဲ့ 
အဖေ ကိုင်ခဲ့
ငါကိုင်ခဲ့တဲ့ ဒီဓား
အဘိုးလည်း အနားယူသွားပြီ
အဖေလည်း အနားယူသွားပြီ
ငါလည်း အနားယူတော့မယ်
သက်တမ်းအရကို အနားယူပါစေတော့။

မထုတ်ကြပါနဲ့တော့
မသကြ၊ မသွေးကြ၊ မခုတ်ကြပါနဲ့တော့
သူ့ရာဇဝင် ဓားအိမ်ကလေးထဲ
အေးအေးချမ်းချမ်း နွေးထွေး
ငြိမ်သက် ငြိမ်းချမ်း
လွမ်းစရာ နံရံဟောင်းကြီးထက်
ချိတ်ဆွဲထားလျက်အတိုင်းသာ ထားလိုက်ပါတော့။
...
ဖိုးရွှေညီမှိုင်း
၂၀၂၀ ဒီဇင်ဘာ ၂၄

Comments