မိုးမခ ၀င်း -ူပည်သူႚအင်အာူးဖင့် တည်ဆောက်ရမည့်ူမန်မာူပည်

နာဂစ်ကို သက်သေတည် … ပြည်သူ့ အင်အားဖြင့် တည်ဆောက်ရမည့် မြန်မာပြည်
မိုးမခ ၀င်း

ဇွန် ၃၊ ၂၀၀၈

မေလ ၂ ရက်နေ့ည ၈ နာရီကျော်ကျော်လောက်ကကြေငြာထားသော ဂူးဂဲလ် မိုးလေ၀သကြေငြာချက်

" ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကျော်ဝင်ရောက်လျက်ရှိသောဆိုင်ကလုံးမုန်တိုင်းသည် နှေးကွေး စွာဖြင့် ဆက်လက်တည်ရှိနေပြီးနောက် မည်သည့်ဒေသသို့ ဦးတည်လျက်ရှိသည်ကိုပင် ကြိုတင်မပြောနိုင်သောလည်း ထိုအပူပိုင်းနာဂစ် ဆိုင်ကလုံးမုန်ုတိုင်း (Tropical Cyclone Nargis) သည် ရုတ်တရက်ဆိုသလိုပင် အင်အားပြင်းထန်သော ဘီလူးသူရဲ ဆိုင်ကလုံး (Monstrous Cyclone) အဆင့်၎ဆင့်ရှိ ၁နာရီ ၁၃၂ မိုင်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်ဟု “တိုင်ဖုန်းကြိုတင်သတိပေးဌာန”မှ ထုတ်ပြန်ထားသည်ဟု ဆိုပါသည်။

နောက်ဆုံးကြိုတင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်သို့ နှေးကွေးစွာဝင်ရောက်နိုင်သည်ဟု ဆိုပါသည်။ သတင်းထုတ်ပြန်မူနှင့်ပတ်သက်၍ ထိုမပြည့်စုံသော မုန်ုတိုင်းသတိပေးမူများ များစွာ ရှိနေသောကြောင့် ထိုသတိပေးဌာန၏ သတင်းအချက်အလက်များအပေါ် တိကျသေချာသည်ဟု ပြောဖို့ခက်ပါသည်။

သတင်းထုတ်ပြန်ချက်များစွာမှ သိရသည်မှာ ထိုမုန်တိုင်းသည် ဘင်္ဂလားဒေ့နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခြင်း မပြုတော့ဟူသော အချက်ကိုတော့ ထိုနိုင်ငံအတွက် စိတ်အေးရသည်ဟု ဆိုရမည်။

လွန်ခဲ့သော လအနည်းငယ်က ထိုအဆင့်လေး ဟာရီကိန်း မုန်တိုင်းဒဏ်ကြောင့် ဘဂ်လားဒေ့ခ်ျနိုင်ငံမှာ အလူးအလဲ ခံလိုက်ရပါသည်။ လူတွေထောင်ချီသေကာ လူပေါင်းသန်းပေါင်းများစွာကိုလည်း အစာရေစာ ဆန်စပါးပြတ်လပ် ပျက်စီးမှုဒဏ် ခံခဲ့ကြရသည်။

ဟောသည် နာဂစ်မုန်တိုင်းကြီး၏ နောက်ဆုံးကြိုတင်ဟောကိန်းအရ အဆင့် ၁ သို့မဟုတ် အဆင့် ၂ မုန်တိုင်းအဖြစ် ရှိနိုင်သည်ဟု ဆိုပါသည်။ သို့သော် နောက်ဆုံးရရှိသော အချက်အလက်များအရ မုန်တိုင်းကြီးသည် ရုတ်တရက်ဆိုသလိုပင် အရှိန်အင်အား ပို၍မြင့်တက်သွားသည်ကို တွေ့ကြရသည်။

အောက်တွင်ဖော်ပြထားသော မြေပုံအရမေလ ၂ ရက်နေ့ည သန်းခေါင်ရံတွင် တနာရီ ၁၃၂ မိုင်နှူန်းဖြင့် ရန်ကုန်မြို့သို့ ၀င်ရောက်ဖွယ်ရှိကာ ယင်းသည် တနာရီ ၁၆၁ မိုင်နှူန်းသို့ အင်အားတိုးသွားဖွယ် ရှိသည်ဟု ဆိုပါသည်။”

သူ့စာအောက်က မြေပုံမှာတော့ မုန်တိုင်းကြီး၏ ဗဟိုချက် ရွေ့ရှားရာ လမ်းကြောင်းကို ပြထားပါသည်။ ဟိုင်းကြီးကျွန်းမှသည် ၀င်ရောက်လာသော မုန်တိုင်း ဗဟိုချက်သည် ရန်ကုန်မြို့သို့ တည့်တည့်ပင် မေလ ၂ ရက်ည သန်းခေါင်ယံမှ မေလ ၃ ရက်နေ့ကို ဖြတ်ကျော် ၀င်ရောက်နေသည်ကို တွေ့ရသည်။

ဂူးဂဲမြေပုံ ပြချက်

ဤကား ဂူးဂဲလ် မိုးလေ၀သကို မေလ ၂ရက်နေ့ ည ၈ နာရီလောက်မှာ အင်တာနက်ကနေ ကျွန်မကိုယ်တိုင်ဖတ်ခဲ့သော ကြေငြာချက်ဖြစ်ပါသည်။ သို့သော် မြန်မာ့အသံကနေပြီး ကြေငြာချက်တွင် တနာရီ မိုင် ၄၅ မိုင်ခန့်ထက် မကျော်ပါ။

မီးက ည ၉ နာရီ လောက်ကတည်းက ပျက်သွားသဖြင့် နောက် ဘယ်လို ဆက်ကြေငြာနေသလဲမသိပါ။ ကျွန်မတို့လို မီး စောစော ပျက်သွားသူများ၊ တီဗီကို မကြည့်မိသူများ၊ ရေဒီယို နားမထောင်မိသူများ၊ ညအချိန်ထိ အလုပ်ဝင်နေသူများ၊ ညအထိ သင်တန်း တက်နေရသူများကို မိုးလေ၀သဌာနမှ လိုက်သတိပေးဖို့၊ လော်စပီကာနှင့် သတိပေးဖို့၊ တာဝန်ရှိသည်ဟု ကျွန်မ ယူဆသည်။ ထို့ကြောင့် ဂူးဂဲလ် မိုးလေ၀သ မှားနေသည်

ဟု ကျွန်မတွေးသည်။ ဒီလောက် အားကောင်းသည့် သူရဲသဘက်လိုဟု တင်စားထားသည့် ထိုမုန်တိုင်းကြီးကို တကယ်သာ ရန်ကုန်ဝင်တော့မည်ဆိုလျှင် သည်လိုတော့ အစိုးရက နေမှာ မဟုတ်ပါဘူး။ သတိပေးတာတွေ အကုန်လုပ်မှာပေါ့။ ကျွန်မသည် ထိုခဏလေးမှာ ဟောဒီစစ်အစိုးရက ပြည်သူလူထုကို မေတ္တာမရှိပါ ဟူသော

အချက်ကို တကယ်ပင် မေ့လျော့ခဲ့ပါသည်။

တကယ်ပင် မေတ္တာမရှိပါ ဆိုတာကို ကျွန်မတို့တတွေ ခံရမှ သိပါတော့သည်။ သို့သော် နာဂစ်မုန်ုတိုင်းကြီးသည် ရန်ကုန်သူ ရန်ကုန်သားတွေ အားလုံး အိမ်ပြန်ရောက်တဲ့အချိန် ည သန်းခေါင်ယံ ၁၂ နာရီခွဲ ကြမှ ၀င်လာပါသည်။ ထို့ကြောင့်စစ်အစိုးရက ဘယ်လောက်ကြီးပဲ ရန်ကုန်သူ ရန်ကုန်သားတွေကို သေစေချင်သည်ဖြစ်စေ မုန်တိုင်းကြီးက အားလုံအိမ်ပြန်ရောက်သည့်အချိန်ကိုသာ ရွေးဝင်သွားပါသည်။ မုန်တိုင်းကြီး၏ဒဏ်ကို လူတွေကိုယ်စား ခံသွားပေးသူများကား သစ်ပင်ကြီးများ ဖြစ်ပါသည်။ အိမ်တွေ ပျက်စီးရသည်။ အမိုးတွေ လွင့်ကုန်ပါပြီ။ ခြံစည်းရိုးတွေ ပျက်သွားပါပြီ။ ရန်ကုန်သူ ရန်ကုန်သားအပေါင်းမှာ အမြစ်များထွက်ကာ လဲကုန်သောသစ်ပင်ကြီးများကို စိတ်မကောင်းစွာဖြင့် ကြည့်နေမိကြပါသည်။

အို..သူတို့က ငါတို့ကိုယ်စား ခံ ပေးသွားကြတယ် ... ငါတို့ကို ကာကွယ်ပေးသွားကြတယ် … အခု လဲနေတဲ့ သစ်ပင်တွေနေရာမှာ ငါတို့ ဖြစ်မှာ….။ ကျွန်မတို့ရင်ထဲက အတွေးတွေပေါ့။

ကျွန်မတို့ထက် ဆိုးရွားစွာခံရသည့်နေရာဒေသများကား ဟိုင်းကြီးကျွန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ လပွတ်တာ၊ ရွာပေါင်းများစွာ မရေတွက်နိုင် … ။

သူတို့ကား နေစရာအိမ်ပင် မရှိတော့၊ ၀တ်စရာပင် မရှိ၊ စားစရာဆိုတာ ဝေလာဝေးလို့ အဆိုးဆုံးကတော့ ဆုံးရှူံးသွားသည့် အသက်တွေ၊ အသက် ကယ်ဆယ်ရေးကိုလိုအပ်နေသည့် နေရာတွေ…..။

မြန်မြန် ကယ်ဆယ်ရေးတွေ လွှတ်ကြပါတော့ ... သူတို့ နေရာတွေဆီကို။

ကျွန်မသည် ရုတ်တရက်ပင် စစ်အစိုးရသည် ပြည်သူလူထုကို မေတ္တာမရှိ ဆိုသည့်အချက်ကို မေ့ပြီး ဆုတောင်းမိပြန်ပါသည်။ ရန်ကုန်မှာတော့ ရေပြဿနာကို တပတ်လောက် ခံနေရဆဲ ဖြစ်ပါသည်။ ကိုယ့်အားကိုယ်ကိုး ရေစည်များ၊ ရေတင်စက်များ၊ အမိုးဖာပေးသူများ၊ သစ်ပင်ခုတ်လှဲပေးသူများ … ရှုပ်ရှက်ခတ်နေသည့်ကြားမှပင် ထိုရွာတွေကို ကူညီပေးချင်စိတ်တွေ ပေါ်လာရသည်။ ကိုယ်ထိလက်ရောက် သွားလှူကြတာတွေ၊ ဆရာတော်တွေ သွားရောက်ကူညီတာတွေ ရင်နှင့်မမျှ ကြားရ သိရသည်။ အခုထိ စစ်အစိုးရက မလှုပ် တလှုပ်။ ပြင်ပက အကူအညီ မယူချင်သလိုလို။

ဒါဆိုလည်း သူတို့ကိုယ်တိုင် သွားကယ်ကြလေ။ အဲသည်လိုလည်း မဟုတ်ပြန် … ။

ပြည်ပက ပေးသည်ဆိုသော အင်နာဂျီဘီစကွပ်များ၊ ရေသန့်များ ဘယ်မှာမှ ပေးဝေတာ မတွေ့ရသေးပါ။ ဘယ်ရောက်ကုန်ပါလိမ့်။ ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုကြီွးကို သူတို့က မနာလို ဖြစ်နေပုံရပါသည်။ ၀ိုင်းဝန်းကူညီသူများကို မကျေမနပ် ဖြစ်နေလိုက်ကြတာ သိသာလိုက်တာ။ သူတို့က တကယ့်ကို ဒီပစ္စည်းတွေ လိုချင်နေကြ၊ ဒုက္ခရောက်နေသူတွေကို မနာလိုဖြစ်နေကြတာ သိသာထင်ရှားကုန်ပါပြီ။

မုန်တိုင်းကြီးကလည်း သူတို့ကို ဘာကြောင့် ကျော်သွားပါလိမ့်။

ကျိုက်လတ်က ကလေးများ၊ မိဘမဲ့သွားခဲ့သည့်ကလေး လက်ဆောင်ရသည့် ကားရုပ်လေးနှင့်

ကျွန်မ တွေးမိသည်မှာ ယခု ကြုံတွေ့လိုက်ရသော နာဂစ်မုန်တိုင်းကြီးကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများ အလူးအလဲခံလိုက်ရသည်။ ရန်ကုန်တိုင်းကတော့ အိမ်ခြေအပျက်အစီးများကို ပြုပြင်နေရပါသည်။

ဧရာဝတီတိုင်းဘက်ကတော့ ကယ်ဆယ်ရေးကိုပင် အနိုင်နိုင်။ ဆုံးရှူံးသွားသော လူ့အသက်တွေအတွက် မျက်ရည်များ မခန်းသေးပါ။ သို့သော် မြန်မာပြည်သူပြည်သားအပေါင်းက အရေးကြုံတော့ အားလုံး လက်တွေ တွဲမိကြသည်။ ဒုက္ခသည်အပေါင်းကို ၀ိုင်းဝန်း ကူညီနေဆဲ။ ဆက်လက်၍ ကူညီဖို့ အသင့်ရှိနေဆဲ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဟူသော ဆိုရိုးစကားလို ကိုယ့်မြန်မာပြည်သား တစ်ဦးဦး ဒုက္ခရောက်နေသည်ဆိုလျှင် ကိုယ့်သွေးသားရင်းချာတွေလို ခံစားမိကြရ၊ ကူညီဖို့ လက်မနှေး၊ ကိုယ်တတ်နိုင်သည်ကို ပေးရသည်ကိုပင် အားမရနိုင်။ အဲသည် စိတ်ဓါတ်ဖြင့် ရှိနေကြဆဲမှာ ဆန္ဒခံယူပွဲ အဲလေ ထောက်ခံပွဲကိုမေလ ၁၀ ရက်နေ့ကကျင်းပဖြစ်အောင်ကို ကျင်းပလိုက်ပြန်ပါသည်။

မိသားစု ညီအကို မောင်နှမ စိတ်နှင့် အမှန်တကယ်ဆို တတိုင်းပြည်လုံးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆန္ဒခံယူပွဲကို ရက်ရွေ့ရမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကိုတော့ မတတ်သာလွန်း၍ ဖယ်လိုက်ရပါသည်။ သို့သော် စစ်အစိုးရ၏ ပြည်သူလူထုအပေါ် စေတနာ မေတ္တာ ခေါင်းပါးမူကား လူသိရှင်ကြားပင်ဖြစ်နေပါတော့သည်။

နာဂစ်မုန်ုတိုင်းဒဏ် ခံရရခြင်း သစ်ပင်များကို လမ်းရှင်း ခုတ်ထွင်နေကြသူများကား ပြည်သူလူထုသာ ဖြစ်ပါသည်။ ဘယ်စစ်သား တဦးတလေမှ ထွက်မလာပါ။ ဒီအခွင့်အရေးကို ယူတတ်လျှင် ပြည်သူလူထုသည် စစ်တပ်နှင့် တသားတည်း ဖြစ်သွားနိုင်ပါသည်။

သို့သော် သူတို့ထွက်လာပြီး သစ်ပင်ကြီးတပင်ကို မနိုင်မနင်း မ နေတာ တွေ့သည့် ရပ်ကွက်က လူငယ်တွေက ၀ိုင်းကူဖို့ ထွက်လာတာကိုပင် ”ရိုက်ကွင်း ပိတ်တယ် ဖယ် ဖယ်”ဟု ဆိုကာ ဖယ်ခိုင်းပါသည်။ သူတို့ တီဗီမှာ ပြဖို့ ရိုက်နေကြတာ ဖြစ်ပါသည်။ ထိုမြင်ကွင်းကိုမြင်ခဲ့သူက ကျွန်မ မောင်တယောက် ဖြစ်ပါသည်။ လူထုမှာ ရယ်ပြီး ကြည့်နေလိုက်ရပါသည်။

သို့ပါသော်လည်း ဧရာဝတီမှ ဒုက္ခသည်များကို ပြုစုစောင့်ရှောက်ခြင်းဖြင့် ရသည့် ကုသိုလ်ကို နာဂစ်မုန်တိုင်းကြီးက ကျွန်မတို့ကို ပေးလိုက်ပြီ။ ရှေးဘ၀က မကောင်းသော ၀ဠ်ကြွေးတွေကို ဆေးကြောဖို့ နာဂစ်မုန်တိုင်းကြီးက အခွင့်အရေး ပေးလိုက်ပါပြီ။

ဧရာဝတီမြစ်ဝကျွန်းပေါ် ကလေးတဦး၊ လက်ဆောင်ရသည့် ကျောင်းဝတ်စုံနှင့် အပျော်မှာ ကြာကြာမခံ၊ ဒုဗိုလ်ချုပ်ကြီး မောင်အေး လာရောက်မည်ဖြစ်သဖြင့် ထိုဒုက္ခသည်များကို မြို့များ၊ ကျောင်းများမှ မောင်းချခံလိုက်ရသည်။

ယခုလည်း မြန်မာ့အသံရုပ်မြင်သံကြားမှနေ၍ သွားလှူနေသည့်သူအပေါင်းအား မညှာမတာပင် ဝေဖန်နေပါသည်။ ဘုန်းကြီးတပါးကနေ၍ အမိန့်ရှိနေသည်မှာ သွားလှူနေသည့်ကားက ဘယ်နှစ်စင်း၊ လူက ဘယ်နှစ်စင်း၊ ပစ်ကနစ်ထွက်နေသည့်ပုံစံမျိုး ဖြစ်နေကြောင်း ဆိုပါသည်။ စစ်အစိုးရက ပြည်ပအကူအညီတွေ လေယာဉ် ဘယ်နှစ်စင်း၊ ဘယ်နှစ်စင်းက ဘယ်ရောက်သည်ဟူ၍ အဘယ်ကြောင့် တွက်မပြသည်ကို နားမလည်ပါ။ အမှန်တကယ်တော့လည်း မည်သို့ပင် ကုသိုလ်ကိုပြုနေသည် ဖြစ်ပါစေ ပြုနေခြင်းသည် ကောင်းမူဟု ခံယူရမည် ဖြစ်ပါသည်။

ထို့အပြင် လမ်းပေါ်မှာ တောင်းခံနေသူများသည် တိုင်းပြည်သိက္ခာကျသည်ဟု ဆိုကာ ဥပဒေတွေ

ထုတ်ပြန်ပါသည်။ ထိုသူများကို အထုတ်များ ပစ်ပေးသည်ဟူသော စွဲချက်ဖြင့် လှူပြီးပြန်လာသူများ ဌားလာသောကားများကို ဖမ်းပြီး ဒဏ်ငွေဆောင်ခိုင်းပြန်ပါသည်။ နောက်နောင် မလိုက်ရဲအောင်ဟု တွေးမိပါသည်။

ကျွန်မကတော့ အခုလို အရေးကြီးသည့်အချိန်ကို ကျော်လွန်ဖို့ များစွာသော ကူညီမူတွေ သိပ်ကို လိုအပ်နေပါသည်ဟု ယူဆပါသည်။ ထို့အပြင် ရမ်းကားမူများ၊ အကြမ်းဖက်မူများဖြစ်မည်ကို တကယ် စိုးရိမ်ပါလျှင် ဤသို့ တားမြစ်ခြင်းသည် ယင်းကို ဖြစ်အောင် လုပ်ခိုင်းသည့် သဘော ဖြစ်နေပါသည်။ လူတွေကစည်းကမ်း ရှိရှိ နေလေ သူတို့က တခုခုဖြစ်စေချင်ပုံ ရလေလေ ဖြစ်ပါသည်။ တကယ် ဘာမှမဖြစ်သောအခါ ဖြစ်မည်ကို စိုးရိမ်သည်ဟု အကြောင်းပြ၍ ဥပဒေတွေ ထုတ်ပြပါတော့သည်။

စစ်အစိုးရသည် နာဂစ်မုန်တိုင်းကြီး မြန်မာပြည်သို့ ၀င်မည့်ကိစ္စကို မြန်မာပြည်သူလူထုအား ကြိုတင်သတိပေးခြင်း မပြုခဲ့။ မုန်တိုင်းသည် အားပျော့သွားကာ ထိုင်းနိုင်ငံဖက်သို့ ၀င်ရောက်သွားသည်ဟုပင် ကြေငြာခဲ့သည်။ မုန်တိုင်းဝင်ရောက်မည်ကို ကြိုတင်သိသည့်အတွက် ၎င်းတို့၏ လေယောဉ်ပျံများကို ရန်ကုန်လေဆိပ်၌ ဆိုက်ကပ်ခြင်း မပြုခဲ့သည်မှာ ထင်ရှားသက်သေဖြစ်သည်။

မုန်ုတိုင်းကြီး ကျရောက်ပြီးသည့်နောက်တွင်လည်း သစ်ပင်များကို ရှင်းလင်း ခုတ်ထွင်ခြင်း၊ လမ်းများ ရှင်းရသည်များကို ပြည်သူလူထုများကသာ လုပ်ခဲ့ရသည်။ ဧရာဝတီတိုင်းအတွင်း သေကြေမူများကို လိုက်လံကြည့်ရူသူ စစ်အစိုးရအဖွဲ့များသည် လူသေအလောင်းများကို ရှင်းလင်းပေးခြင်း မပြုသည့်အပြင် "ပစ်ထားလိုက်ပါ။ ငါးစာဖြစ်သွားမယ်။”ဟု ဒုက္ခသည်များရှေ့တွင်ပင် မညှာမတာပြောခဲ့ကြသည်။

ကျွန်မတို့ မြန်မာပြည်သူပြည်သားအပေါင်းကတော့ သူတို့ပြောသမျှ ခေါင်းငုံ့ခံ၊ သူတို့ ပစ်ထားလည်း ရသည့်နည်းနှင့် ရှင်သန်၊ သူတို့ပြုသည့် အ ကုသိုလ်ထဲကို လက်မလျှိုရဲကြပါ။ အခုတောင် ဒီလောက်ခံနေရပါလျှင် သူတို့နှင့် သွား ပတ်သက်မိလျှင် နေစရာတောင် ရှိပါတော့မလား။

ကျွန်မတို့ဖက်မှာ ကျွန်မတို့နှင့် အတူတူ အလှူအတန်းတွေ ပြုပေးနေသည့် ဆရာတော်ကြီးတွေ ရှိသည်။ ကျွန်မတို့ဖက်မှာ ဟောဒီ မြန်မာပြည်သူလူထုကြီး ရှိသည်။ အဲဒါဆို လုံလောက်ပါပြီ ဟူ၍သာ … ။

Comments

kay kay said…
very nice post...Cheers
Kye Kye said…
This comment has been removed by the author.
Kye Kye said…
တကယ်တော့ မုန်တိုင်းပြင်းအားကို သူတို့သိတယ်။ တေဇက ဟိုင်းကြီး မိန်းမလှကမန်းတ၀ိုက်မှာ သစ်ခုတ်နေတဲ့ သူ့အဖွဲ့သားတွေကို အမီပြန်ခေါ်ခဲ့တယ်။ လွန်းသီက ကွမ်းခြံကုန်းက သူ့အမျိုးတွေကို အချိန်မီ ကျပ်ပြေးကို ခေါ်ထားခဲ့တယ်.။ ပြည်သူတွေအပေါ်သူတို့ တကယ် ယုတ်မာခဲ့ကြတာပါ။