Burmese Artist Mar Mar Aye & Overseas Burmese in the bay area mark 63rd Birthday of Aung San Suu Kyi


တေးသံရှင် မာမာအေးနှင့်အတူ ဘေးဧရိယာက မြန်မာအမျိုးသမီးများက
ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အတူတကွ ကျင်းပ
မိုးမခ အထောက်တော် ၀၀၂
ဇွန် ၁၆၊ ၂၀၀၈

အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာဒေသရှိ မြန်မာအမေရိကန် အမျိုးသမီးမဟာမိတ်အဖွဲ့က ကြီးမှူးကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်နှင့် မြန်မာပြည်က နာဂစ်မုန်တိုင်းသင့် ပြည်သူများနှင့်တကွ အဖိနှိပ်ခံ မြန်မာပြည်သူများ အားလုံးသို့ ဘာသာပေါင်းစုံက ဆုတောင်းမေတ္တာပို့သသည့် အခမ်းအနားကို ယမန်နေ့က ဖရီးမောင့်မြို့တွင် ကျင်းပခဲ့သည်။

ဘာသာရေး လူမှုရေး အဖွဲ့အစည်းအသီးသီးမှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖိနှိပ်ခံ ပြည်သူများ၊ သဘာဝဘေးဒဏ်ခံစားနေကြရသော စစ်အစိုးရပစ်ပယ်ထားသည့် မြန်မာပြည်သူများအားလုံး ဒုက္ခအသီးသီးမှ အမြန်ဆုံး လွတ်မြောက်ရေး ဆုတောင်းစကားများ ပြောကြသည်။ အခမ်းအနားသို့ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းတွင် ခေတ္တနေထိုင်သူ ဂီတပညာရှင် မာမာအေး လာရောက်ပြီး အမှတ်တရ စကားနှင့် မွေးနေ့ဆုတောင်း သီချင်း သီဆိုပေးခဲ့သည်။ ထိုနောက် မြန်မာပြည်နိုင်ငံရေး မှတ်တမ်းရုပ်ရှင်ကားတိုတခုကို ပြသပြီး အခမ်းအနားကို ရုတ်သိမ်းသည်။

ဂီတပညာရှင် မာမာအေးက သူ့အနေနှင့် မြန်မာပြည်ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားတခုတွင် တက်ရောက်ပြီး ဂုဏ်ပြုစကားပြောရခြင်းမှာ ယခု ပထမဦးဆုံးပင် ဖြစ်ကြောင်း၊ ယခင်က အနုပညာရှင်တဦးအနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ပရိသတ်တဦးအနေဖြင့် ရပ်တည်ခဲ့သော်လည်း ယခု သံဃာအရေးအခင်းအပြီး၊ နာဂစ်မုန်တိုင်းအရေးအခင်းများနောက် တိုင်းပြည်တခုလုံး ဒုက္ခပင်လယ်ဝေနေချိန်၊ နိုင်ငံတကာက လူမျိုး၊ ဘာသာစုံ အသီးသီးက ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လွတ်လပ်လပ်ရှိပါလျင် တိုင်းပြည်ကောင်းကျိုး၊ ပြည်သူကောင်းကျိုးကို စွမ်းဆောင်နိုင်မည်ကို မာမာအေး တဦးတည်းအနေဖြင့် လွတ်လွတ်လပ်လပ် ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါသဖြင့် ၆၃ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့ တက်ရောက်ပြီး အမှတ်တရ စကား ပြောကြားပါကြောင်း ပြောဆိုသွားပါသည်။

ထို့နောက် မွေးနေ့ဆုတောင်းသီချင်းအဖြစ် - "ချမ်းမြေ့ပါစေ" သီချင်းကို သီဆိုသည်။ ၄င်းက ဆက်လက် ပြောကြားရာတွင် မြန်မာပြည်၏ ရာဇ၀င်တွင်သော အမျိုးသားသီချင်း၊ နိုင်ငံတော် သီချင်း အပြည့်အစုံကို စစ်အစိုးရက ပြောင်းလဲရန်၊ ထားရစ်ခဲ့ရန် ကြိုးစားနေချိန်၊ စစ်အစိုးရ အလိုကျ အခြေခံဥပဒေတခုထုတ်ပြန်ပြီး ပြည်သူဆန္ဒတို့ကို ပစ်ပယ်ရန် ကြိုးစားနေချိန်တွင် မူလလက်ဟောင်း ရာဇ၀င်တွင်ပြီးဖြစ်သည့် နိုင်ငံတော်သီချင်းကို ပရိသတ်နှင့်တကွ မျိုးဆက်သစ်မြန်မာတို့ မမေ့မလျော့၊ မမှားမယွင်းဖြင့် လက်ဆင့်ကမ်း သယ်ဆောင်နိုင်စိမ့်ငှာ တီးလုံးသီးသန့်ကို အဆိုဖြင့်တွဲပြီး မိမိ သီဆိုမည် ဖြစ်ကြောင်း၊ ပရိသတ်ကလည်း မိမိနှင့်အတူ သီဆိုပြီး ဆက်လက် သယ်ဆောင်သွားစေလိုကြောင်း ပြောကြားပြီး မြန်မာပြည် လွတ်လပ်ရေး အမျိုးသားသီချင်း၊ နိုင်ငံတော်သီချင်း မူလကို သီဆိုသွားခဲ့သည်။ မိုးမခက ရုပ်သံမှတ်တမ်းကို တင်ဆက်ပေးပါမည်။

Comments