အမေရိကန်ရဟတ်ယာဉ်များ မြန်မာပြည်ကိုကူညီရန်အဆင်သင့်
APသတင်းဌာန
ဇွန် ၆၊ ၂၀၀၈
ဒုက္ခသည်များကို ကူညီရေး အမေရိကန်၏တောင်းဆိုချက်ကို ငြင်းပယ်ထားသည့် မြန်မာအစိုးရ စိတ်ပြောင်းလာလျှင် အသုံးပြုနိုင်ရန်အတွက် ရဟတ်ယာဉ် ၂၂ စီးကို အသင့်ပြင်ထားပါကြောင်း အမေရိကန်စစ်တပ်က ယနေ့ပြောလိုက်သည်။အဆိုပါရဟတ်ယာဉ်များသည် အရေးပေါ်အကူအညီပစ္စည်းများကို ဒုက္ခသည်များထံ သုံးရက်အတွင်း ပေးပို့နိုင်သည်ဟုလည်း ဆိုသည်။
မြန်မာအစိုးရက မြန်မာလူထုနှင့် ပြည်ပသတင်းဌာနများကို မုန်တိုင်းတိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး လုပ်ကြံဖန်တီးထားသော သတင်းများ ထုတ်လွှင့်နေကြောင်း တိုက်ခိုက်ပြောဆိုနေသည်။ လေဘေးဒဏ်ခံခဲ့ရသူများထံ အကူအညီများ မရရှိသယောင် သတင်းလွှင့်မှုကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာ ကျဆင်းနေသည်ဟု ဆိုသည်။
မြန်မာပြည်အနီးသွားရောက်စောင့်ဆိုင်းနေသော အမေရိကန်စစ်သင်္ဘောများ နောက်ပြန်လှည့်ပြီး မကြာမီ ယခုကဲ့သို့ ရဟတ်ယာဉ်များဖြင့် အကူအညီ ပေးပို့လိုမှုကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များက C-130 အမေရိကန် စစ်ဘက် လေယာဉ်များဖြင့် အကူအညီပစ္စည်းများ ပို့ဆောင်မှုကို ၁၁၆ ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ရန်ကုန်မြို့သို့ ကုန်တန်ချိန်ပေါင်း ၂.၂သန်းမက ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်စစ်တပ်မှ အရာရှိ John Goodman က ဆိုသည်။ သို့သော်လည်း သွားရောက်ရန် ခက်ခဲသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ အမေရိကန်တို့အား ၀င်ရောက်ခွင့် မပြုသေးပေ။
အမေရိကန်ရဟတ်ယာဉ်များအား ၀င်ရောက်ခွင့်ပြုရေးဆိုသည်မှာ စစ်အစိုးရအတွက် အကဲဆတ်လှသည်။ ခွင့်ပြုလိုက်ပါက အမေရိကန်တို့၏ ကူညီရေးလုပ်ငန်းများ ပေါ်ပေါ်ထင်ထင်ကြီး ဖြစ်သွားနိုင်သည်။ မြန်မာလူထုမှာ အမေရိကန်ကို ဗိုလ်ကျစိုးမိုးလိုသူများအဖြစ် ယူဆရန် သင်ကြားခံထားရသူများဖြစ်သည်။
မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ခံအစိုးရကို အာဏာလွဲပေးရန်ပျက်ကွက်မှုများကြောင့် ဝေဖန်ပြောဆိုသူများထဲတွင် အမေရိကန်အစိုးရက ထိပ်ဆုံးမှ ပါဝင်သည်။ စစ်အစိုးရကမူ ၎င်းတို့စိတ်တိုင်းကျလုပ်ဆောင်ရန်သာ ဦးစားပေးလေ့ရှိသည်။
မုန်တိုင်းကယ်ဆယ်ရေး သတင်းထုတ်လွှင့်ရေးသားမှုများကို ဝေဖန်တိုက်ခိုက်ခြင်းမှာ ထင်ရှားသည့် လူရွှင်တော်တစ်ဦးကို ဖမ်းဆီးလိုက်ပြီးနောက်တစ်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးခံရသူမှာ ဒုက္ခသည်များကို သွားရောက်ကူညီခဲ့ရာမှ ပြန်လာသူဖြစ်ပြီး၊ အစိုးရ၏ကူညီမှုများ အချို့ဒုက္ခသည်များထံ ရောက်ရှိခြင်းမရှိဟု ဝေဖန်ပြောဆိုခဲ့သည်။
ယနေ့ ရန်ကုန်တွင်ထွက်ပေါ်နေသော အတည်မပြုနိုင်သည့် သတင်းများအရ မြစ်ဝကျွန်းပေါ်ဒေသသို့သွားရောက်ပြီး ဗီဒီယိုရိုက်ကူးမှုများနှင့် ဆက်နွယ်သည့် လူ ၁၂ ဦးမက အဖမ်းခံခဲ့ရသည်ဟု သိရသည်။ အစိုးရသတင်းစာက “အတ္တသမား၊ မသမာသူများ”က နိုင်ငံခြားသားများနှင့်ပူးပေါင်းပြီး မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသ အကူအညီပေးရေးနှင့်ပတ်သက်ပြီး လုပ်ကြံဖန်တီးသည့် ဇာတ်လမ်းများ ရိုက်ကူးခဲ့သည်ဟု ရေးသားလိုက်သည်။
“ပြည်ပသတင်းဌာနများက နိုင်ငံတကာတွင် မြန်မာပြည် သိက္ခာကျစေရန် ဒုက္ခသည်များ မည်သည့်အကူအညီမျှ မရ ဟူသော အခြေအမြစ်မရှိသည့် သတင်းများ ထုတ်ပြန်နေကြောင်း” အဆိုပါ သတင်းစာက ရေးသားလိုက်သည်။

ပြီးခဲ့သည့်လက ဒုက္ခသည်စခန်းတစ်ခုရောက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ စစ်အစိုးရ သတင်းစာတွင် လေဘေးသင့်ပြည်သူများအား ခုတုံးလုပ် အသုံးချနေသည့် မသမာသူများ၏ ယုတ်မာမှုအပေါ် ပြည်သူအများက စက်ဆုပ်ရွံရှာလျက်ရှိဟု ခေါင်းစဉ်တပ်ပြီး ရေးသားထားသည်။ (photo: myanmar dot com)
Comments