No Burmese Women Workers outside Burma - Junta banned

မြန်မာအမျိုးသမီးများ ပြည်ပသို့ မပို့ရ - ပြည်တွင်းက အလုပ်သမားပွဲစားများကို သတိပေး

ကြပ်တည်းသော မြန်မာများအတွက် နိုင်ငံခြားထွက် အလုပ်ရှာမှုများ တိုးမြှင့်လာဆဲ

မိုးမခ အထောက်တော် (ရန်ကုန်)

ဇူလိုင် ၂၇၊ ၂၀၀၈

ပြည်တွင်းအေဂျင်စီများအနေဖြင့် ပြည်ပနိုင်င်ငံမျာားသို့ အလုပ်သမားများစေလွှတ်ရာတွင် အမျိုးသမီး အလုပ်သမားများ စေလွတ်ပါက ထိရောက်စွာ အရေးယူတော့မည်ဟု နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးမှုးဦးစီးဌာနက ထုတ်ပြန်ကြောင်း ယခုတပတ်ထုတ် ဂျာနယ်များတွင် ဖော်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်ရှာပေးသည့် အေဂျင်စီများကို စာအမှတ် ၃/ ၂၇/ အလည (လုပ် ၃)၊ ၂၀၀၈ ဇူလိုင် ၉ ရက်စွဲပါ အကြောင်းကြားစာတွင် - ဆော်ဒီအာရေဗျ နိုင်ငံနှင့် အခြား အာရပ် နိုင်ငံများတွင် ‘အိမ်ဖော်’ အဖြစ် သွားရောက် အလုပ်နေကြသော အာရှက အမျိုးသမီးများ ဆိုးဝါးသော ဒုက္ခ၊ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရကြောင်း၊

ပြည်ပသို့ အမျိုးသားများသာ အလုပ်လုပ်ကိုင်ဖို့ စေလွတ်ရန် ခွင့်ပြုထားရာ၊ လိုင်စင်ရ အေဂျင်စီများအနေဖြင့် အမျိုးသမီးများ စေလွှတ်ခြင်း မပြုကြရန်နှင့် စေလွှတ်ပါက ထိရောက်စွာ အရေးယူသွားရန်ရှိကြောင်း၊ တာဝန်သိ အလုပ်သမားအေဂျင်စီများကလည်း စည်းကမ်းဖောက်သော လုပ်ငန်းများအကြောင်းကို ဖော်ထုတ်သတင်းပေးကြစေလိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်ဟု ဂျာနယ်သတင်းများက ဆိုသည်။

"တိုင်းပြည်မှာ စီးပွားရေး အနေအထားက တနေ့တခြား ကြပ်တည်းလာနေပြီလေ။ တနေ့ တနေ့ အလုပ်အကိုင် ရှာာဖွေရေး အကျိုးဆောင်တွေဆီကို လာကြတာက အမျိုးသားရော အမျိုးသမီးရောဗျ။ ဆော်ဒ၊ီ ဒူဘိုင်း၊ အိုမန် စတဲ့ တိုင်းပြည်တွေကို ရှိတာ ရောင်းချပြီး အိမ်ဖော်တင် မဟုတ်ဘူး … ဟိုရောက်မှ ဘာလုပ်ရ လုပ်ရ ဆိုပြီး ရှိတာ ပေါင်နှံ ရောင်းချသွားတဲ့ မိန်းကလေးတွေလည်း အများကြီး။ သူတို့ကတော့ ငွေကြေးရော၊ ပညာရေးရော သိပ် မပြည်စုံတဲ့ သူတွေ။

နည်းနည်း တတ်နိုင်တဲ့သူတွေကတော့ စင်ကာပူ၊ မလေရှားလိုမျိုး နိုင်ငံတွေကို ထွက်ကြတယ်။ သူတို့ မိန်းကလေးတွေ ပြည်ပထွက်ပြီး အလုပ် မလုပ်ရဘူး ဆိုတော့ … တိုင်းပြည်မှာ စီးပွားရေး အဆင်မပြေဖြစ်နေတဲ့ အချိန်ကြီးဗျာ၊ တားလည်း ထွက်တဲ့သူက ဖြစ်တဲ့နည်းနဲ့ ထွက်မှာပဲ"

ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင် နီးစပ်သူတဦးက ပြောသည်။

ပြည်ပသို့ အမျိုးသမီးအလုပ်သမားများ စေလွှတ်ခြင်းမပြုရဟူသော စည်းကမ်းချက်မှာ လုပ်ငန်းလိုင်စင် ချပေးစဉ်ကပင် လိုက်နာကြရန် ညွှန်ကြားပြီးဖြစ်သော်လည်း အလုပ်သမားနှင့် ပွဲစားအေဂျင်စီများအကြား နားလည်မှုယူကာ စေလွှတ် သွားလာမှုများ ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း လုပ်ငန်းနှင့်နီးးစပ်သူများက ပြောသည်။

"ကျနော့်အစ်မ၀မ်းကွဲ တယောက်တောင် ပြီးခဲ့တဲ့လကတည်းက မလေးရှားကို ထွက်သွားတာ၊ အလုပ်အကိုင်အေဂျင်စီတခုနဲ့ ဆက်သွယ်ပြီး သွားတာပါပဲ။ ပတ်စ်ပို့တို့ လိုအပ်တဲ့ အထောက်အထားတွေရော သူတို့ဘက်က အကုန် လုပ်ပေးပါတယ်။ ဟိုက စက်ရုံ တရုံမှာ လုပ်ရမယ် ပြောတယ်။ စုစုပေါင်း ၁၇ သိန်း ၀န်းကျင်လောက်တော့ ကုန်သွားတယ်။ တရားဝင် အကျိုးဆောင်လား၊ လိုင်စင်ရ အကျိုးဆောင်လားတော့ ကျနော်တို့မှာ ဂရုမစိုက်အားပါဘူး ခင်ဗျာ။ ကျနော်တို့က အပြင်ထွက် အလုပ်လုပ်ချင်တယ်။ သူတို့က ရှာပေးတယ်။ အဲဒီအတွက် ကျနော်တို့က ကျသင့်ငွေ ပေးရတယ်။ နှစ်ဦးနှစ်ဘက် အဆင်ပြေတယ်။ ဒါပဲလေ …"

ဟု ရန်ကုန်မြို့ခံတဦးက မိုးမခသို့ ပြောသည်။

ယနေ့ တိုင်းပြည် စီးပွားရေး ခြွတ်ခြုံကျလျှက်ရှိရာ ပြည်ပတွင် အလုပ်ထွက်လုပ်သည့် လူဦးရေးမှာလည်း တနေ့တခြား တိုးလာလျှက်ရှိသည်။ ထို့အပြင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများလည်း ကျွဲကူး ရေပါ များပြားလာခဲ့ပြီး၊ အလုပ်သမားနှင့် အေဂျင်စီ တချို့ အကြား ငွေကြေးဆိုင်ရာ မဟုတ်မမှန် လုပ်ကြံမှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ကြားသိရသည်။

"နိုင်ငံခြားသွားတဲ့သူ ကျနော်တို့ တိုင်းပြည်မှာ ဘယ်လောက်တောင် များလာနေတယ် ဆိုတာ ပန်းဆိုးတန်းက လူဝင်မှုကြီးကြပ်ရေးရုံးကို လာကြည့်ရင် သိနိုင်ပါတယ်ဗျာ။ တနေ့ တနေ့ကို ပတ်စ်ပို့လုပ်တဲ့သူ၊ ပတ်စ်ပို့ လျှောက်တဲ့သူတွေ တိုးမပေါက်ဘူး။ မြန်မာပြည်မှာ နိုင်ငံခြား အရေးပေါ် မသွားရလည်း၊ လိုလိုမယ်မယ် ပတ်စပို့လုပ်ထားဦးမှ ဆိုတဲ့သူကလည်း တော်တော်ကို များတယ်။ အခြေအနေမပေးလို့သာ ပြည်တွင်းမှာ ကြိတ်မှိတ်ပြီး နေရတာကိုး။ ပြည်သူအားလုံးက အခြေအနေပေးရင် နိုင်ငံခြားထွက်မယ်ဆိုတဲ့ သူတွေချည်းပဲ။ မြန်မာပြည်မှာ ပတ်စ်ပို့လုပ်တာ ဖက်ရှင်တခုလိုတောင်ဖြစ်နေပြီ"

ဟု မိုးမခမိတ်ဆွေ ရန်ကုန်မြို့ခံများက ဆိုသည်။

“ကျနော်တို့ စစ်အစိုးရက “ဘူး” တလုံးဆောင်ပြီး တိုင်းပြည်ကို အုပ်ချုပ်တာပဲ တတ်တယ်။ မလုပ်ရဘူး၊ မလာရဘူး၊ မသွားရဘူး၊ မပေးဘူး၊ ဒါပဲ လုပ်တတ်တယ်။ ဒီလို လုပ်ကြစို့၊ ဟိုလို လုပ်ကြစို့၊ ၀ိုင်းပြီး ဖြေရှင်းကြစို့၊ စကားဝိုင်းလုပ်ပြီး ပြောကြစို့ ဒါမျိုး မရှိဘူး။ နာဂစ်တုန်းကလည်း မလိုဘူး ဆိုပြီး တားတယ်။ လူတွေ ငတ်လို့ အလုပ်ထွက်လုပ်တာကို ဖြေရှင်းပေးဖို့ မစဉ်းစားဘူး။ မလုပ်ရဘူး ဆိုပြီး ပိတ်တယ်။ အဲ ခင်ဗျားတို့ ကုလားထိုင်က ဆင်းမပေးဘူးလား ဆိုတော့ - အေး၊ မဆင်းပေးဘူး တဲ့။ ကဲ .. မခက်လား။” ဟု သူက ရယ်သွမ်းသွေး သွားသည်။

ပြည်ပထွက် အလုပ်လုပ်ကိုင်သူများတွင် နယ်တွင်နေထိုင်သူများက အများဆုံးဖြစ်သည်။

Comments