14 persons related to Ashin Gambira got arrested

အရှင်ဂမ္ဘီရနှင့်ဆွေမျိုးတော်စပ်သူအပါအ၀င်

၁၄ ဦး ဖမ်းဆီးခံရ

ဘီဘီစီ

စက်တင်ဘာ ၁၃၊ ၂၀၀၈

ပြီးခဲ့တဲ့နှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်သူ သံဃာတော် အရှင်ဂမ္ဘီရနဲ့ ဆွေမျိုးတော်စပ်သူအပါအ၀င် ၁၄ ဦးကို အာဏာပိုင်တွေကနေ ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေတုန်းက ဖမ်းဆီးသွားပါတယ်။ ဘာကြောင့် ဖမ်းတယ်၊ သူတို့အိမ်ကနေ ဘာတွေ သိမ်းဆည်းသွားတယ် ဆိုတာကိုတော့ ရှင်ဂမ္ဘီရရဲ့ အစ်မတော်သူ မခင်သူထွေးကို မေးမြန်းထားတဲ့ ရနောင်းမှ ဘီဘီစီသတင်းထောက် ကိုကျော်စိုးဟိန်းက အကြောင်းစုံကို ပြောပြမှာ ဖြစ်ပါတယ်။

အခုဖမ်းဆီးခံရသူတွေကတော့ အရှင်ဂမ္ဘီရရဲ့ ညီတော်သူ မိတ္ထီလာမြို့မှာ နေထိုင်တဲ့ အောင်ကိုကိုလွင် အပါအ၀င် လူငယ် ၈ ဦးကို ကြာသပတေးနေ့က အာဏာပိုင်တွေ နေအိမ်မှာ ဖမ်းဆီးသွားခဲ့ပါတယ်။ အရင် အင်္ဂါနေ့မှာလည်း အရှင်ဂမ္ဘီရရဲ့ အစ်မ မခင်သူထွေးရဲ့ခင်ပွန်း ကိုမိုးထက်လျံကို ရန်ကုန်၊ ဒဂုံမြို့သစ်နေအိမ်မှာ ည ၇ နာရီက အာဏာပိုင်တွေ ဖမ်းဆီးခဲ့သလို သူ့မိတ်ဆွေတွေဖြစ်တဲ့ လှိုင်မျိုး၊ ကျော်မျိုးထက်၊ သူရ အပါအ၀င် ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးချိန်မှာ ဘာတွေသိမ်းဆည်းသွားတယ်ဆိုတာ မခင်သူထွေးက အခုလို ပြောပြပါတယ်။

“သိမ်းသွားတဲ့ပစ္စည်းတွေက ကွန်ပျူတာတစုံရယ်၊ ပရင်တာရယ်၊ ဓားစက် cutter ရယ်၊ အမ်ပီဖိုးရယ်၊ ရှိသမျှ စီဒီခွေ ကြွပ်ကြွပ်အိတ်နဲ့တလုံး၊ စာရွက်စာတမ်းတချို့ပေါ့။ memory stick တချောင်း။ စစချင်းတော့ ရပ်ကွက်က မပါသေးဘူး။ သူတို့တွေက ၁၅ ယောက်လောက် ရှိမယ်၊ ပြီးမှ ရပ်ကွက်လူကြီးကို သူတို့က သွားခေါ်တာ။ သူတို့က အကြောင်းကြားပါမယ်ဆိုလို့ စောင့်နေတာ၊ အခုထိလည်း လာပြီး အကြောင်းမကြားဘူး။ ဘယ်ကိုခေါ်သွားတယ် ဆိုတာလည်း မသိဘူး။ မေးတော့လည်း မရဘူး။ သူတို့ဘယ်သူတွေ ဘာရာထူးတွေဆိုတာလည်း မေးလို့မရဘူး”

မခင်သူထွေး ပြောပြတာ ဖြစ်ပါတယ်။ မိတ္ထီလာမြို့က အရှင်ဂမ္ဘီရရဲ့ညီ အောင်ကိုကိုလွင် နဲ့ လူငယ် ၈ ဦးကို ဘာကြောင့် ဖမ်းတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကိုမိုးထက်လျံကိုတော့ ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ မိုးပျံပူပေါင်းလွတ်မယ်လို့ ကြိုတင်သတင်းရလို့ ဖမ်းဆီးရတာပါလို့ အာဏာပိုင်တွေက ပြောပါတယ်။

မခင်သူထွေးကတော့ ပြစ်မှုတစုံတရာ ကျူးလွန်တာမရှိသေးဘဲ စစ်ကြောရေးစခန်းတွေမှာ ရိုက်နှက် ညှင်းပန်းနှိပ်စက်တာတွေကိုတော့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အခုဆိုရင် မောင်တော်သူ အရှင်ဂမ္ဘီရနဲ့ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်တို့ဟာ အင်းစိန်ထောင်မှာ အမှုအများကြီးနဲ့ ရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ မခင်သူထွေးက ပြောပြသွားပါတယ်။

Comments