ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တွင် အယ်လ်အေက မြန်မာများ ဒုလ္လဘရဟန်းခံ
မိုးမခ ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၇၊ ၂၀၀၈
ယမန်နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားဒေသ၊ အယ်လ်အေမြို့ရောက် မြန်မာအမျိုးသား ၈ ဦးက ဓမ္မဇောတိကျောင်းတိုက်တွင် ဒုလ္လဘရဟန်းခံကြသည်။
ဆရာတော်ဦးဂုဏိဿရက မိုးမခသို့ ပြောကြားရာတွင် - မြန်မာပြည်တွင် ၂၀၀၇ စက်တင်ဘာက ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးကို အလေးအမြတ်ပြုသောအားဖြင့်၎င်း၊ ဗုဒ္ဓဘာသာ မြန်မာတို့အနေနှင့် ထူးမြတ်သော ကုသိုလ်တခုအဖြစ် ဒုလ္လဘရဟန်းအဖြစ်ကို ခံယူခြင်း၊ ဆောက်တည်ခြင်းဖြင့် ရရှိမည့် ကောင်းမှု ကုသိုလ်နှင့်တကွ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို ပေါင်းစုပြီး ကျဆုံးခဲ့သော အာဇာနည် သံဃာတော်များ၊ အပြစ်မဲ့ ပြည်သူလူထုကြီး၊ ယခုအချိန်အထိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်များ၊ ဒုက္ခသည်စခန်းများတွင် မိသားစုများ တကွဲတပြား ရောက်ရှိနေသော မြန်မာပြည်သား စစ်ဘေးဒုက္ခသည်များ အားလုံးနှင့်တကွ စစ်အာဏာရှင်လက်အောက်က လူသားအားလုံးကို မေတ္တာပို့ အမျှအတန်းပေးဝေနိုင်စေရေးကို ရည်ရွယ်ပြီး သူတို့က ဒုလ္လဘရဟန်းအဖြစ်ကို ခံယူကြကြောင်း ရှင်းလင်း ပြောပြသည်။
ငြိမ်းချမ်းသော ဘာသာရေးနည်းလမ်းတခုဖြင့် ရွှေဝါရောင် ကိုယ်တော်များနှင့် အရေးတော်ပုံကြီးကို ဂုဏ်ပြုကြသူ မြန်မာအမျိုးသား ၈ ဦးမှာ - ကိုဘုန်းရောင်ဦး၊ ကိုခင်မောင်ရွှေ၊ ကိုမင်းမင်း၊ ကိုလက်ယာ၊ ကိုဇော်ဇော်အောင်၊ ကိုဟိန်း၊ ကိုကောင်းထိုက်နှင့် ကိုမိုးကျော်တို့ ဖြစ်ကြောင်း သိရှိရသည်။ လာရောက်သည့် ဧည့်ပရိသတ်မှာ ၂၀၀ ဦးရေခန့်ရှိပြီး ရှမ်းခေါက်ဆွဲနှင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသား ရုပ်ရှင်အဖွဲ့တဖွဲ့က ထူးခြားသည့် မြန်မာဗုဒ္ဓဘာသာထုံးတမ်းနှင့် ပြုလုပ်သော ဘာသာရေးအခမ်းအနားကို လာရောက်လေ့လာကြည့်ရှုသည်။
Comments