ဘန်ကောက်ဆန္ဒပြပွဲကြီး အဆုံးသတ်၊ ယိုးဒယား သင်္ကြန်ပွဲကို ၂ ရက် တိုးချဲ့မည်ဟုဆို
မိုးမခအထောက်တော် ၀၀၆
ဧပြီ ၁၄၊ ၂၀၀၉
မိုးမခအထောက်တော် ၀၀၆
ဧပြီ ၁၄၊ ၂၀၀၉
သင်္ကြန်ပွဲတော်ကို ၂ ရက် တိုးချဲ့လိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ကြေညာလိုက်သဖြင့် ကြာသာပတေး နှင့် သောကြာနေ့အထိ ထိုင်းနိုင်ငံတွင် ရေသဘင်ပွဲ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန အင်တာနက် စာမျက်နှာတွင် ရေးထားသည်။
ထို ၂ ရက်အတွင်း ဘဏ်များ၊ ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများ ပိတ်ရေး မပိတ်ရေးကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြောင်း အစိုးရ ပြောခွင့်ရအရာရှိ Panithan Wattanayagorn က ပြောသည်။
အနီရောင်ဝတ် ဆန္ဒပြသူများ နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပဋိပက္ခဖြစ်သည့် နေရာများမှ ပျက်စီးမှုများကို တိုးချဲ့သင်္ကြန်ရက်အတွင်း ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်နိုင်မည်ဟု ဆိုသည်။
ထိုသို့ ကြေညာပြီး မိနစ်အနည်းငယ် အကြာတွင် ဘဏ်လုပ်ငန်းများကို ကြာသပတေး နှင့် သောကြာနေ့တို့တွင် ဖွင့်မည်ဟူသောသတင်းလည်း ထွက်ပေါ်လာသည်။
ဆန္ဒပြခေါင်းဆောင်များက ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြမှုများကို အဆုံးသတ်ကြောင်း ကြေညာသည်။ လက်ကျန် ဆန္ဒပြသမား ၂၀၀၀ ခန့်လည်း အိမ်ပြန်ကြမည်ဟု ဆိုသည်။
သို့သော်လည်း ခရိုင် ၅ခုအတွင်း အရေးပေါ် ကြေညာထားမှုများကို ချက်ချင်း ပြန်လည် ရုပ်သိမ်းမည် မဟုတ်ဟု ယူဆရသည်။
အစိုးရရုံးကို သိမ်းပိုက်ထားသည့် ဆန္ဒပြသူများ တပ်ဆုတ်သွားသဖြင့် ဘန်ကောက်သည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်စပြုလာပြီဟု ဆိုသည်။
လူငယ်များက ရေကစားရန် လမ်းပေါ်ထွက်လာကြသည်။ ဘတ်စ်ကားများလည်း လမ်းပေါ် ပြန်ရောက်လာသည်။ လမ်းတချို့မှာ ယမန်နေ့က ပဋိပက္ခများကြောင့် ရှင်းလင်းရန် လိုအပ်နေသည်။ ကုန်တိုက်တချို့ ယနေ့ နေ့လည်ပိုင်းက ပြန်ဖွင့်ကြသည်။

ယမန်နေ့က ဘန်ကောက် ဒေသခံတချို့ ရရာလက်နက် ဆွဲကိုင်ပြီး ဆန္ဒပြသူများကို မောင်းထုတ်ကြသည်။ စစ်သားများကလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ဆန္ဒပြသူများကလည်း ဗုံး၊ ကျောက်ခဲများဖြင့် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့သည်။ (Reuters)
ဒဏ်ရာ ရသွားသော ဆန္ဒပြသူတဦး နှင့် အစိုးရရုံးမှ ပြန်လည်ဆုတ်ခွာသွားသော ဆန္ဒပြသူတဦး။ ယနေ့ နံနက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ အစိုးရရုံးကို ၀ိုင်းလိုက်သည့်အခါ ဆန္ဒပြ ခေါင်းဆောင်များက ဆန္ဒပြပွဲကို အဆုံးသတ်ကြောင်း ကြေညာလိုက်သည်။ ၎င်းတို့၏ ခရီးစဉ်အတွက် အစိုးရက ဘတ်စ်ကား စီးရေ ၆၀ ပို့လိုက်သည်။ (AP)
Comments