ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်သည့် တတိယနေ့ သတင်းယူခွင့်ပြုမည်ဟု ဆို
မိုးမခ၊ (ကိုးကား - အေအက်ဖ်ပီ၊ ချိုင်းနားဒေးလီ)
မေ ၂၀၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်ကိုတရားစီရင်နေသည့် တရားခွင်သို့ သတင်းထောက်များအား ၀င်ရောက်သတင်းလိုက်ခွင့်ပေးမည်ဟု ယနေ့ ရန်ကုန်အချိန် မနက်ခင်းတွင် စစ်အစိုးရက ထုတ်ဖော်ပြောကြားသည်။ ပြည်ပသတင်းထောက် ၅ ဦးနှင့် ပြည်တွင်း စာနယ်ဇင်းသမားအချို့ကို ခွင့်ပြုမည်ဟု ဆိုသော်လည်း စာရင်းအတိအကျ မသိရသေးပေ။ ၎င်းတို့ကို နေ့လည်ပိုင်းတွင် ၀င်ရောက်ခွင့် ပြုမည်ဟု ဆိုသည်။ နိုင်ငံခြားသံတမန်များအတွက် သီးခြားစီစဉ်ပေးမည်ကို မသိရသေးပေ။
ယမန်နေ့က အာဆီယံအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ထိုနေ့ တရုတ်အစိုးရ သတင်းစာရှင်းလင်းပွဲတခုတွင် နိုင်ငံခြားရေးရာတာဝန်ခံက မြန်မာပြည်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အင်အားစုများအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာသင့်သည်ဟု သတင်းထောက်တဦး၏ မေးခွန်းကို ဖြေကြားရင်း သဘောထားကို ပြောဆိုခဲ့သည်။
အင်န်အယ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်က ဒေါ်စုကို အမြန်ဆုံး တရားစီရင်လိမ့်မည်၊ အချိန်ဆွဲနေမည်မဟုတ်ဟု ယမန်နေ့က ဒုတိယတရားရုံးချိန်းအပြီးမှာ ပြောဆိုခဲ့သည်။ ယမန်နေ့ကအထိ အင်န်အယ်ဒီပါတီဝင်များ၊ နိုင်ငံရေးတက်ကြွသူများ၊ ဒေါ်စု ထောက်ခံသူများနှင့်အတူ အတိုက်အခံခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည်လည်း အင်းစိန်ထောင်အနီး တရားရုံးအပြင်ဖက် လမ်းမပေါ်တွင် လာရောက် စောင့်ဆိုင်းခဲ့ကြသည်ဟု ဆိုသည်။
Comments