Eain Thi poem on Win Tin

အနာဂတ်ကို ပုံဖော်နေသော .. လက်
အိမ်သီ (သာယာဝတီ)
ဇွန် ၁၃၊ ၂ဝဝ၉


ဒါ... မတရားဘူး
ဒါ… မမှန်ကန်ဘူး
ဒါ… မမျှတဘူး လို့ 
အာဏာယူထား သူတို့ အား
အရိုးသားဆုံး စွပ်စွဲပြီး
တရားဖို့ 
မှန်ကန်ဖို့ 
မျှတဖို့ 
အပြီးသတ် ပြောင်းလဲပစ်နိုင်ဖို့ 
တရားတဲ့  ယုံကြည်ချက်
မှန်ကန်တဲ့  ခံယူချက်
မျှတတဲ့  ရပ်တည်ချက်တွေ
ပီပြင်စွာ ဆုပ်ကိုင်လျက်
အရိုးသားဆုံး ခြေလှမ်းတွေနဲ့ပဲ
တလှမ်းခြင်း လှမ်းရင်း
အာဏာရှင်ကို
ရဲဝံ့စွာ ရင်ဆိုင်နေတဲ့
သူ……

ကြီးကျယ်မြင့်မြတ်သော
အကျဉ်းသားဘဝနှင့်
နှစ်ပေါင်းများစွာ
ဖြတ်သန်းရင်း
အသေ အချိန်တွေကို
ယုံကြည်ချက်နဲ့ ရှင်သန်စေပြီး
အမှောင်ကို အံတုနိုင်ခဲ့တဲ့
ငရဲခန်းတွေကို လှောင်ရယ်နိုင်ခဲ့တဲ့
သူရဲကောင်း
သူ …..

ပြောတဲ့ စကားတွေက တာသွား
လုပ်နေတဲ့ အလုပ်တွေက အမှန်တရား
စိန်ခေါ်မှုတွေကို
မတုန်လှုပ်ဘဲ
သူ့ အတွက် မဟုတ်တဲ့ 
မိမိအတွက် မဟုတ်တဲ့ 
အချိန်တွေထဲ
ဘဝကို နှစ်မြှုပ်
အခမ်းနားဆုံး ခေတ်သစ်ကို
တည်ထောင်နေသူ
သူ….သူ….သူ

သူ့ ကို
တကမ္ဘာလုံးက သိတယ်
မြန်မာပြည်ကလဲ သိတယ်
လူငယ်တွေကလဲ ချစ်တဲ့ 
တော်လှန်ရေး လောကတခုလုံးကလဲ လေးစားတဲ့
သူ…..

သတင်းစာဆရာကြီး
တော်လှန်ရေးသမားကြီး
လေးစားဂုဏ်ယူထိုက်သူ
သူ….

ဦးဝင်းတင်
အဘ ဦးဝင်းတင်
ဘဘ ဦးဝင်းတင်။ ။

Comments