နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၁)
ဘာသာရေးနှင့် နိုင်ငံရေး ဆက်စပ်မှု
ထိန်လင်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
နိုင်ငံရေးစာပေတွေ၊ နိုင်ငံရေးဖြစ်ရပ်တွေကို လေ့လာတဲ့အခါ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ သူနဲ့ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အရေးကိစ္စတွေကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အကြောင်းကိစ္စတွေ အရေးအရာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပတ်သက်နေကြပြီး သီးခြားဖယ်ထုတ်လို့မရပါဘူး။ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး၊ နိုင်ငံရေးနဲ့လွတ်လပ်ရေး စသဖြင့် အားလုံး ဆက်စပ်နေတဲ့အရာတွေက အများကြီးပါ။
အဲဒီလို ဆက်စပ်မှုတွေမှာ အာဏာရှင်အဆက်ဆက် ကန့်သတ်မှု အပြုလုပ်ဆုံး၊ ပြောဆိုတားမြစ်မှု အလုပ်ဆုံးကတော့ ဘာသာရေးနဲ့ နိုင်ငံရေးဆက်စပ်မှုပဲဖြစ်ပါတယ်။ မဆလ လက်ထက်မှာပဲဖြစ်ဖြစ်၊ လက်ရှိ အာဏာပိုင်တွေရဲ့ လက်ထက်မှာပဲဖြစ်ဖြစ် ဘာသာရေးနဲ့နိုင်ငံရေး မရောယှက်ရဘူးဆိုတဲ့ အသုံးအနှုန်းကို သုံးရင်း နိုင်ငံရေးလုပ်ဆောင်သူတွေကို ဘာသာရေးနယ်ပယ်က လက်မခံရဲအောင်၊ နိုင်ငံရေးဆိုတဲ့အရာကို မတို့ထိရဲအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဆိုတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ သူတို့ကိုယ်တိုင်ကရော ဒီပြဋ္ဌာန်းချက်ကို လိုက်နာပါသလား။ အဓိကရုဏ်းတွေ အရေးအခင်းတွေ ပေါ်ပေါက်တဲ့အခါ ဘာသာရေးခေါင်းဆောင်တွေကိုပဲ ပန်ကြားခိုင်းတာတွေ လုပ်ဆောင်သလို၊ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပေါ်ဖို့ တော်လှန်ရေးအရှိန်အဟုန် ကြီးမားလာပြီဆိုရင်လည်း ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေကို အချင်းချင်း ထိန်းခိုင်းတာတွေ ပြုလုပ်ပါတယ်။ ဒါက သိသာတဲ့ ရောယှက်မှုတွေပါပဲ။
သေချာတဲ့အချက်ကတော့ သူတို့လိုရင် လိုသလို၊ မလိုရင် မလိုသလို ကျင့်သုံးတဲ့မူပဲ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း အပြီးမှာ ရိုက်ကူးဖြန့်ချိခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ ‘ဧရာဝတီရဲ့ မနက်ဖြန်’ဆိုတဲ့ ရုပ်ရှင်ထဲမှာ ကျောင်းထိုင်ဘုန်းကြီးအဖြစ် သရုပ်ဆောင်သူက ‘ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း’ဝင်ဖို့ စည်းရုံးတဲ့ ပြကွက်တောင် ထည့်သွင်းပြသထားပါတယ်။ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ လူထုအပေါ်၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူတွေအပေါ် နှိပ်စက်လွန်းလို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒီအသင်းကိုဝင်ဖို့ စည်းရုံးတာကို ခွင့်ပြုပြီး တိုင်းပြည်ကောင်းဖို့ ရည်ရွယ်ပြီး မေတ္တာပို့တာကိုတော့ သတ်ဖြတ် ဖမ်းဆီးတာ ဘယ်လို အဓိပ္ပာယ်လဲ ဆိုတာ အလွယ်တကူ စဉ်းစားနိုင်ပါတယ်။
တကယ့်တကယ်မှာတော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေအတွင်း သာသနာ့ဝန်ထမ်း ရဟန်းတော်များက အမျိုးဘာသာ သာသနာ စောင့်ရှောက်မှု၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာ စဉ်ဆက်မပြတ် ပါဝင်ခဲ့ပါတယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံမှာ ကိုလိုနီအစိုးရကို လူထုနဲ့အတူ ဆန့်ကျင်ခဲ့သလို၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာလည်း ဒီမိုကရေစီရေးအတွက် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း ထုတ်ဝေခဲ့တဲ့ သခင်ဘိုးလှကြီးရဲ့ ‘သပိတ်စစ်ပွဲ’ စာအုပ်၊ ဆရာ ဗန်းမော်တင်အောင်ရဲ့ ‘မြန်မာနိုင်ငံတော်သမိုင်း’စာအုပ်တို့မှာ တွေ့နိုင်သလို သမိုင်းစာအုပ်အများအပြားမှာလည်း တွေ့နိုင်တဲ့ အချက်အလက်ဖြစ်ပါတယ်။
ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ တို့ကို သံဃာ့အာဇာနည်အဖြစ် ကျောင်းသုံးစာအုပ်တွေမှာဖော်ပြခဲ့ပေမယ့် လက်ရှိကာလ ရဟန်းသံဃာတွေကို နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ ပြောဆိုကြတာ ဘာကြောင့်ပါလဲ။ အာဏာပိုင်တွေက သူတို့အာဏာ တည်မြဲရေးကို အနှောင့်အယှက် ပြုမှာစိုးလို့ ဖြစ်ပါတယ်။ ကိုလိုနီအစိုးရက ဆရာတော် ဦးဥတ္တမ ကို ဖမ်းဆီးထောင်ချခဲ့တာနဲ့ လက်ရှိ အာဏာပိုင်တွေက ရဟန်းသံဃာတွေကို ဖမ်းဆီးထောင်ချပုံတွေ တူနေတာကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။ သေချာတဲ့အချက်ကတော့ ကိုလိုနီခေတ်နောက်ပိုင်း သံဃာတော်တွေကို အဖိနှိပ်ဆုံး၊ အရက်စက်ဆုံး အစိုးရဟာ ဒီကနေ့ အုပ်စိုးနေသူတွေပဲဖြစ်ပါတယ်။ ‘ဗုဒ္ဓဘာသာ တိုင်းပြည်’လို့ ခေါင်းစဉ်တပ်ထားတဲ့ မြန်မာပြည်မှာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကိုတောင် ဒီလို နှိပ်စက်နေတယ်ဆိုရင် ကျန်တဲ့ ဘာသာဝင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဘယ်လိုသဘောထားမလဲ ဆိုတာကိုလည်း ဆက်စပ်တွေးတော ကြည့်နိုင်ပါတယ်။
အာဏာရှင်တွေက နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို ‘ကိုလိုနီအမွေဆိုး’ ဆက်ခံသူတွေအဖြစ် ပြောလေ့ရှိပါတယ်။ ဒါပေမယ့် တကယ်ကျတော့ သူတို့ကသာ အဲဒီလို လုပ်ဆောင်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာတော်ဦးဥတ္တမကို ကိုလိုနီအစိုးရက ထောင်ချတော့ သင်္ကန်းကို ချွတ်စေပြီး ထောင်အဝတ်အစားကိုသာ ဝတ်စေခဲ့ပါတယ်။ လက်ရှိကာလမှာ အဲဒီလို လူဝတ်လဲစေတာတင်မကဘဲ အတင်းအဓမ္မ ရဟန်းသိက္ခာချပြီး လူအဖြစ် ခံယူစေတာတွေတောင် ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ နိုင်ငံရေးအရှိန်အဝါ မကျဆင်းဖို့ ဘာသာရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို အနိုင်ကျင့်ဖျက်ဆီးတဲ့ သဘောပါပဲ။
ဘာသာရေးနဲ့နိုင်ငံရေး မရောထွေးသင့်ဘူး ဆိုတဲ့ စကားရပ်နဲ့ပတ်သက်လို့ ၂ဝဝ၇ ခုနှစ်တုန်းက ပြည်ပသာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသ ကို မေးလျှောက်ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးက အခုလို အမိန့်ရှိခဲ့ပါတယ်။
“သာသနာရေးနဲ့နိုင်ငံရေးဟာ မရောထွေးသင့်ဘူး လို့ ပြောလိုက်တဲ့အခါကျတော့ ဗြုန်းခနဲဆိုတော့ ဟုတ်သလိုလိုတော့ ဖြစ်တာပေါ့။ ဒါပေမယ့် သာသနာရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးဆိုတာ ဘာလဲ၊ ၂ ခု အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်။ ဥပမာတစ်ခု ထမင်းစားစရာ မရှိတဲ့လူ၊ ထမင်းငတ်နေတဲ့လူကို ဝိပဿနာဟောလို့ ရပါမလား။ အဲဒါ ဘုန်းကြီးက ပြောတယ်။ အဲဒီတော့ ထမင်းငတ်နေတဲ့လူကို၊ ထမင်းစားစရာ မရှိတဲ့လူကို ဘုန်းကြီးတို့က ဘာလုပ်ပေးရမလဲ၊ သူတို့စားစရာ ရှိအောင် လုပ်ပေးရမယ်။ အဲဒီတော့ နိုင်ငံရေးဆိုတော့ သာသနာရေးက ဘယ်မှာတည်နေသလဲ။ နိုင်ငံ့အတွင်းမှာ တည်နေတာပဲ။ ဒီနိုင်ငံတစ်ခုက သတ်လား ဖြတ်လား၊ ခုတ်လား ထစ်လား၊ ခိုးလား တိုက်လား ခိုက်လား လုပ်နေတော့ ဒီသာသနာ ဘာဖြစ်မလဲ။ ဓားပြသာသနာပဲဖြစ်မှာပေါ့၊ သူခိုးသာသနာပဲ ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲ၊ သူခိုးနိုင်ငံမှာပဲ တည်နေတာကိုး။ အဲဒီတော့ ဓားပြနိုင်ငံမှာ တည်နေရင် ဓားပြသာသနာပဲ ဖြစ်မှာပဲ။ အဲဒါကြောင့်မို့ နိုင်ငံကို အရင်ကောင်းအောင် လုပ်ရလိမ့်မယ်။ နိုင်ငံမကောင်းဘဲ သာသနာ ဘယ်တော့မှ မကောင်းဘူး။ နိုင်ငံရေးနဲ့ သာသနာရေးကို မရောထွေးရဘူး ဆိုတာက ဘာပြောမှန်း æ ဗမာလိုလဲ နားမလည်တဲ့သူတစ်ယောက် ပြောတာပါ။ နိုင်ငံနဲ့ပတ်သက်လာတဲ့အရေးဟာ နိုင်ငံမှာ တိုးတိုးတက်တက် စည်စည်ပင်ပင် စည်စည်ကားကား ဖြစ်ရမယ်။ အဲဒါမှသာလျှင် ကိုးကွယ်တဲ့သာသနာတော်ကြီးကလည်း တိုးတက်လာမှာပေါ့။ ဘာသာရေးသည် နိုင်ငံ့အပေါ်မှာ တည်နေတယ်။ နိုင်ငံ့ရေးရာ မကောင်းရင် သာသနာ့ရေးရာက ဘယ်လိုလုပ်ကောင်းမှာလဲ”
ဆရာတော်ကြီးက သူပြောလေ့ရှိတဲ့ ဥပမာလေးကိုလည်း အခုလို အမိန့်ရှိပါတယ်။
“နိုင်ငံရေးနဲ့ သာသနာရေး ဘုန်းကြီး အမြဲတမ်း ပြောလေ့ရှိပါတယ်။ ဒင်္ဂါးပြားလိုပဲ၊ တစ်ပြားတည်း လို့။ ဟိုဘက် ဒီဘက်ပဲ မတူတာ၊ ခေါင်းဘက် ပန်းဘက်ပဲ ကွဲနေတာ။ သို့သော်လည်း အရှင်ဘုရား ဘက်ချင်း တူသလား ဆိုတော့ မတူတော့ မတူဘူး၊ ဟိုဘက်နဲ့ဒီဘက်။ ဒါပေမယ့် နှစ်ပြားလား မဟုတ်ဘူး တစ်ပြားတည်း။ အဲဒီလို နားလည်ထားဖို့လိုတယ်လို့ ဘုန်းကြီးထင်တယ်”
တကယ်တော့ ဆက်စပ်တဲ့အရာကို ဆက်စပ်သလို၊ လိုအပ်တာကို လိုအပ်သလို အမှန်အတိုင်း လက်ခံဖို့ပဲ လိုအပ်ပါတယ်။ နောက်တပတ်မှာတော့ စာအုပ်များမှာ တွေ့ရတဲ့ သာသနာအပေါ် အာဏာပိုင်တွေရဲ့ ကန့်သတ်ချုပ်ချယ်မှုများအကြောင်း တင်ပြသွားမှာဖြစ်ပါတယ်။ ။
၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၈ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
Comments