editorial for i million kyats

မိုးမခတောထဲက သတင်း အပိုင်းအစများ
အယ်ဒီတာပြောတဲ့ ၁၀ သိန်းတန် စကား
အဝေးကြည့်မှန်ပြောင်း
ဧပြီ ၂၇၊ ၂၀၁၀

Voice ဂျာနယ် အယ်ဒီတာ့အာဘော်ရေးသူ ၁၀ သိန်းရမည်
ဟုတ်ပါတယ်။ ၁၀ သိန်း။ ၁၀ သိန်း တိတိပါခင်ဗျ။ ဘယ်သူက ပေးမှာလဲ ဆိုတော့ အာဏာပိုင်တို့က ပေးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက - အဟမ်း - အဟမ်း - -း) ရန်ကုန်သင်္ကြန် ဗုံးခွဲသူရဲ့ အနံ့ကို ရနေလို့ပါ။ သင်္ကြန် ဗုံးခွဲသူကို ဖမ်းမိရေး သတင်းပေးနိုင်သူကို ငွေ ၁၀ သိန်း ဆုပေးမယ်လို့ ကြေညာထားတာ ရှိတယ် မဟုတ်လား။

ဗုံးခွဲသူတွေဟာ နိုင်ငံခြားက ဆိုပဲ။ တနင်္လာနေ့ ရက်စွဲနဲ့ ဖြန့်ထားတဲ့ Voice ဂျာနယ် အယ်ဒီတာ့အာဘော်မှာ အတိအကျ ရေးထားလေရဲ့။ အဲဒီလောက် သိနေမှတော့ အာဘော်ရေးတဲ့ ကိုယ့်ဆရာ ၁၀ သိန်း ရဖို့ သေချာပြီလို့ ပြောတာပေါ့ဗျာ။ အင်း - မနာလိုစရာ ကောင်းလိုက်တာ။ ဒီသတင်း ကျုပ်သိလို့ကတော့ အိုကေပြီ။ သတင်းပေးလိုက်ရုံသာ။ ကွန်ပျူတာအသစ်တလုံး ရချင်နေတာ ကြာလှပေါ့။ ၁၀ သိန်း ဆိုတဲ့ ငွေနဲ့ဆိုရင် သူများသားသမီးတွေ ကိုင်၊ ကိုင်နေကြတဲ့ လက်ပ်တော့ ဆိုတဲ့ လက်ဆွဲကွန်ပျူတာနဲ့ ဟန်ကျနိုင်ပြီလေ။

အနာဂတ်အတွက် အကြံကောင်းသူ
အာဘော်ရေးသူမှာ အကြံကောင်း၊ ဉာဏ်ကောင်း တွေလည်း ရှိနေသဗျ။ ဟုတ်ပါတယ် “ထိုသို့သော အကြမ်းဖက် တိုက်ခိုက်မှုများ နောင်တွင် မဖြစ်ပေါ်စေရေးအတွက်” “မြန်မာနိုင်ငံ ပြင်ပတွင်ရှိနေသော မြန်မာများကို” ၂ မျိုး ခွဲလိုက်ဖို့ပါပဲ တဲ့။

၁။ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လိုသူများ
၂။ အာဏာရရှိရေးသက်သက် စိတ်ဝင်စားသူများ ဆိုပြီး အမြန်ဆုံး ခွဲခြားရမယ်လို့ ဆိုပါတယ်။ ဒါဆိုရင် - အပ်ချလောင်း - ဗုံးခွဲမှုများ ပျောက်စေ ပေါ့ဗျာ။

အကြံကောင်းတွေ ရချင်ရင် ဒီလိုအာဘော်တွေ စောင့်ဖတ်ရမယ် ထင်ပါရဲ့း) အကြံကောင်း ဆိုလို့ ပြောရဦးမယ်၊ ကျုပ်မှာလည်း ရှိပါ့။

စောစောက ပြောတဲ့ ကျပ် ၁၀ သိန်း ဆိုတာကို ဒေါ်လာဖွဲ့လိုက်ရင် တထောင် ရသဗျ။ ဒေါ်လာ တထောင်ဆို နည်းလားဗျာ။ ဘယ်နည်းပါ့မလဲ။ ဒါဆို ဒေါ်လာ နှစ်သန်း ဆိုရင်ရော ဘယ်လိုနေမလဲ။ အဲဒီငွေ ရနိုင်တဲ့ နည်းလမ်းကို ကျုပ် သိထားသဗျ။ သိပ်တော့ မခက်ပါဘူး။ အိုစမာ ဘင်လာဒင် ဘယ်တော ဘယ်တောင် ဘယ်အပင်အောက်မှာ ထိုင်နေတယ် ဆိုတာကိုသာ ပြောလိုက်၊ ပြီးရင် အမေရိကန် အစိုးရဆီမှာ အဲဒီငွေ သွားထုတ်ပေတော့။

အကြားအမြင် ရနေသလား
ဘင်လာဒင် စတည်းချတဲ့နေရာ မသိလို့ စိတ်ညစ်မနေပါနဲ့ဗျာ။ ကျနော်လည်း အဲဒီလိုပါပဲ၊ မသိပါဘူး။
စောစောက Voice အယ်ဒီတာ့ အာဘော်ရဲ့ ကောင်းချက်တွေအကြောင်း ပြန်ဆက်ပါရစေ။ သင်္ကြန်ဗုံးခွဲတာ ဘယ်ဆရာတွေပါလိမ့်၊ ငါ့ဆရာတွေများလား ဆိုပြီး ရဲချုပ်ခင်ရီတယောက် ဆံပင်ဖြူ အပင် ၁၀၀ ပေါက်မတတ် စဉ်းစားနေဟန် ရှိနေချိန်မှာ အာဘော်ရေးသူက ဗုံးခွဲသူတွေရဲ့ ရည်မှန်းချက်တွေကိုတောင် သိနေပါသတဲ့။

(၁) ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်း ဖြစ်ကြောင်း ပြောဆိုနေမှုများကို အခြားနည်းလမ်းများ ရှိသေးကြောင်း သက်သေထူရန်။
(၂) ရွေးကောက်ပွဲများကို ကျင်းပမည် ဆိုပါက ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို အမှုမထားဘဲ တိုက်ခိုက်မည် ဖြစ်ကြောင်း ပြသရန်။
(၃) အစိုးရနှင့် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်နိုင်ခြေရှိသော ပြဿနာ မှန်သမျှကို မီးထိုးပေးရန်။
(၄) အစိုးရနှင့် အိမ်နီးချင်းနိုင်ငံအကြား တင်းမာမှုများ ဖန်တီးပေးရန်
တဲ့။

အသေအချာကို ရေးထားတာခင်ဗျ။ ကွဲသွားတဲ့ ဗုံး အစအနတွေမှာ ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံး တွေ့လိုက်ပုံရတယ်။

နိုင်ငံခြားဗုံး
အာဘော်မှာ ရေးထားသေးတယ် ဗုံးဆရာတွေက နိုင်ငံခြားက လာတာ တဲ့။ အင်း - မတော်တဆများ အဲဒီ အယူအဆ လွဲချော်ခဲ့ရင်တော့ ဗုံးဆရာတွေ စိတ်တိုတော့မှာပဲ ငါတို့ကို အထင်သေးရန်ကော ဆိုပြီး။ ဒီလိုပါပဲ ကျနော်တို့ ရွှေတွေဟာ နိုင်ငံခြားကို သိပ် အထင်ကြီးတာ။ တခုခု ထူးထူးခြားခြား တွေ့ရင် ဒါ နိုင်ငံခြားကလာတာလေ၊ ဒါ နိုင်ငံခြားကပေါ့၊ ဖောရိန်းမိတ်လေ၊ ဒါလား - အင်း နိုင်ငံခြားက ဖြစ်မှာပေါ့ စသဖြင့် ပြောမဆုံး ထင်မဆုံးတော့ဘူး။ လူချင်း အတူတူတောင် နိုင်ငံခြားသား လေလည်ရင် အနံ့က လန်းမှာပဲလို့ ယူဆချင် ယူဆနေမှား)

လက်နက်
လက်နက်နဲ့ ဖြေရှင်းတာ မမိုက်ဘူး၊ ဂွမ်းတယ်လို့ ဆိုကြတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ အော်တဲ့သူလည်း အကြမ်းဖက်သမား တံဆိပ် အကပ်ခံနေရတယ်။

ပစ်တယ် ခတ်တယ် ဖောက်ခွဲတယ် ဆိုတာ လက်နက်ရှိသူများရဲ့ လက်ချက် မဟုတ်လား။ အင်း - မြန်မာပြည်မှာ လက်နက် ရှိသူတွေက အများသား။

လက်နက် ဆိုလို့ တခု သတိရမိတယ်၊ ဘန်ကောက်က အသားမည်းမည်း ရုပ်ချောချော သတင်းသမားကြီး တယောက်ကို သတိနဲ့ နေထိုင် သွားလာဖို့ ဂျီတော့ကနေ လှမ်းပြောရဦးမယ်၊ တော်ကြာ သူ့မှာ လက်နက်ရှိတယ် ဆိုပြီး စွပ်စွဲခံရမှ ခက်ရချည်ရဲ့။ ဗုံးသမားဟာ နိုင်ငံခြားကဖြစ်ကြောင်း အာဘော်ရေးသူကလည်း အသေအချာ ဆိုထားတယ် မဟုတ်လား။ ကိုယ့်လူကလည်း လက် အနက်ရောင်နဲ့ဆိုတော့ စိတ်ပူရတယ်း)

Comments