Thee Lay Thee will go home? Pann Thee & Kyw Thee Answer


သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ၊ သူတို့လည်း ပြန်ကြမှာလား
မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၁

မေး  ။    ။ ခုတလော သီးလေးသီး အဖွဲ့ ပြည်တော်ပြန်ဝင်မယ်ဆို့ တဲ့သတင်းတွေကြားနေရတာကို မေးချင်လို့ပါ။

ကြယ်သီး   ။    ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဘို့ အစီစဉ်မရှိသေးပါဘူး

မေး  ။     ။ သီးလေးသီးအဖွဲ့သားတချို့တော့ ပြန်မယ်ဆိုတာ ဟုတ်လားခင်ဗျ။

ကြယ်သီး  ။     ။  အဲဒီအတွက်တော့ အတိအကျမသိဘူးခင်ဗျ။ ပြောသံတွေကြားတာတော့ အစုံပဲ။

မေး  ။    ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည်မပြန်သေးဘူးဆိုတော့ ဘယ်လိုအကြောင်းကြောင့် မပြန်သေးတာလဲ။

ပန်းသီး  ။    ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ  မလွတ်မြောက်သေးပါဘူး။ အဲ့ဒီတော့ကျနော်တို့အနေနဲ့  သူတို့တွေလွတ်မြောက်တာကိုလိုချင်၊ တွေ့ချင်ပါတယ်။ ဒုတိယအချက်က တိကျတဲ့ဥပဒေတွေလဲ မထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဘို့ကိစ္စကို မစဉ်းစားသေးတာပါ။ ပြန်သင့်တဲ့တနေ့ ရရင်တော့ ပြန်မှာပေါ့ဗျာ။

မေး ။    ။ တကယ်လို့ အတူတွဲလုပ်ခဲ့တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေ ပြန်မယ်ဆိုရင်ကော ဘာများပြောချင်ပါသလဲ။

ပန်းသီး  ။    ။ ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ခံယူချက်နဲ့ကိုယ် လုပ်နေကြတာလေ။ ပြီးတော့ ရန်သူတွေလဲ မဟုတ်ခဲ့ကြတော့။ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာ ပြောဘို့မရှိသလို ကန့်ကွက်ဘို့လဲ မရှိပါဘူး။ သူတို့လဲ သူတို့လျောက်မယ့်လမ်း လွတ်လပ်စွာ ရွေးကြတယ်လို့ပဲ ပြောချင်ပါတယ်။

မေး   ။    ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများ ပြောစရာရှိသေးလဲ။

ကြယ်သီး   ။    ။ဟုတ်ကဲ့။      သီးလေးသီးအဖွှဲကြီး မြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သဘော ကိုယ်ဆန္ဒနဲ့တချို့ ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို သီးလေးသီးအဖွဲ့ကြီး ပြန်တယ်လို့တော့ ပြောလို့မရပါဘူး။
 
မေး   ။   ။ ပရိတ်တွေကို ဘာများပြောချင်ပါသေးလဲ။

ကြယ်သီး   ။  ။ ကျနော်တို့တွေ မိဝေး၊ ဖဝေး စားဝတ်နေရေးအခက်အခဲ မျိုးစုံကြားကနေ အနုပညာလမ်းကြောင်းကို ရှိတဲ့အင်အား ရှိတဲ့ခွန်အားတွေနဲ့ ကြိုးစားပြီး ရိုးသားစွာနဲ့  ဆက်လက် လျောက်လှမ်းသွားမှာပါ။

မေး   ။   ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ
ပန်းသီး   ။   ။ အစ်ကိုဆရာ အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည်ပြန်ရောက်တဲ့နေ့ မင်္ဂလာဒုံလေယဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့ မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင်ပါတယ်ဗျာ။

Comments