ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးအား
မန္တလေးမြို့မှ နှင်ထုတ်ခြင်းခံရ
မင်းမင်းလတ်(မြစ်မခ)။ နိုဝင်ဘာ ၁၇၊ ၂၀၁၁၊ ဖေ့စ်ဘွတ်
နိုဝင်ဘာလ ၁၇ရက်နေ့တွင် မဟာသံဃာနာယက(မဟန)မှ
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးအား မန္တလေးမြို့တွင် နေထိုင်ခွင့်မပြုတော့ဘဲ
မုံရွာသို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရှိရသည်။
“တိုင်းက သံဃာနာယကတို့ကနေပြီးတော့ မစိုးရိမ်တိုက်ဟောင်းမှာ ဒီနေ့မနက်က
ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ဦးဇဉ်းငါးပါးကို ဆွမ်းကပ်တယ် သြ၀ါဒပေးတယ်ပေါ့ နောက်ညနေ လေးနာရီလောက်မှာ
မဟန(မဟာသံဃာနာယက)အဖွဲ့ကနေ စာရောက်တယ် ဒီဦးဇဉ်းငါးပါးကို မန္တလေးမြို့မှာ နေခွင့်မပြုဘူး
တခြားကို ပြောင်းပါဆိုပြီးစာကျလို့ ဦးဇဉ်းတွေကို တခြားဘုန်းကြီးကျောင်းတိုက်ကို ပြောင်းရွှေ့သွားကြတယ်”ဟု
မန္တလေးတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက ပြောသည်။
မဟာသံဃာနာယကအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လိုသော
ဦးဇဉ်းငါးပါးမှာ မန္တလေးတိုင်းဒေသကြီး ရေတော်တိုက်မှ မုံရွာမြို့ရှိ ဇောတိကကျောင်းတိုက်သို့
ပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
မုံရွာ ဇောတိကကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းဘုန်းသည်
အဆိုပါဦးဇဉ်းများအား သီတင်းသုံးခွင့်ပြုသော်လည်း နိုင်ငံတော်သမ္မတမှ သဘောမတူခြင်းမရှိသောကြောင့်
ဦးဇဉ်းငါးပါး၏ နေရပ်သို့ ည ၇နာရီခွဲခန့်တွင် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
“၇နာရီ ၁၅လောက်မှာ မုံရွာက ဇောတိက ကျောင်းတိုက်ကို
ရောက်တယ် ရောက်တော့ ကျောင်းထိုင်ဘုန်းဘုန်းကတော့ ဦးဇဉ်းငါးပါးကို သီတင်းသုံးခွင့်ပြုတယ်
ဒါပေမဲ့ နိုင်ငံတော်က သဘောမတူဘူး အဲ့ဒါကြောင့် ညတွင်းချင်းဘဲ သံဃာတော်တွေကို ကိုယ့်နေရပ်ကို
လိုက်ပို့ပေးလိုက်တယ်”ဟု မန္တလေးတိုင်းဒေသကြီးမှ အကူအညီပေးရေးအဖွဲ့တာဝန်ခံ တစ်ဦးက ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးမှ တစ်ပါးမှာ ယင်းမာပင်မြို့နယ်မှ
ဖြစ်ပြီး ကျန်လေးပါးမှာ မုံရွာမြို့ကန္နီကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။
ဦးဇဉ်းငါးပါးတောင်းဆိုခဲ့သော ပြည်တွင်းစစ်ချက်ချင်းရပ်
၊ နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွှတ် ၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ ၊ ဟူသော အချက်များကို
လက်ခံသော်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်များကို လက်ခံသဘောတူညီခြင်းမရှိသေးသောကြောင့်
ယခုကဲ့သို့ ဦးဇဉ်းငါးပါးအား ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments