Maung Yit - Editor's Hand Written Notes # 5


အယ်ဒီတာ့လက်ရေး (၅)
မောင်ရစ်၊ နိုဝင်ဘာ ၂၆၊ ၂၀၁၁
ကိုယ်တိုင်လည်း ရေးချင်၊ သူများတွေလည်း ရေးစေချင်တဲ့ အကြောင်းအရာတွေ၊ ပြောဖြစ်တာတွေကို အတိုချူံးမှတ်စုတို ထုတ်ထားတယ်။ ပြီးတော့ မရေးဖြစ်တဲ့ အကြွေးတွေ ဖြစ်ကုန်တယ်။ သည်တော့ ဒီအခွင့်အရေးကို ယူပြီး ပရိသတ်ကို တင်ပြလိုက်ပါတယ်။

ကလေး၊ ဆယ်ကျော်သက်နဲ့ လူငယ်များအတွက် ကူညီကာကွယ်ရေးကွန်ယက်
လွန်ခဲ့တဲ့ တပတ်က စင်္ကာပူမှာ ကလေးမလေးတဦးက ကိုယ့်အသက်ကို အဆုံးစီရင်သွားတယ်။ မယုံနိုင်လွန်းလို့ သတင်းကို မတင်ရက်ဘူး။ ကိုဝင်းလက်က သတင်းကို အခြားဝက်ဆိုက်တခုကို ကိုးကားပြီး တင်တယ်။ ကလေးမလေးဓာတ်ပုံကို မိုးမခမှာ မတင်ရက်တာနဲ့ ပုံကိုတော့ ဖယ်လိုက်မိတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ကလေးမလေးတဦး သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ စင်္ကာပူမှာပဲ။ အချစ်ရေးပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ ဘာအရေးပဲဖြစ်ဖြစ် မြန်မာကွန်မြူနီတီဟာ မိမိရင်သွေးတွေကို စောင့်ရှောက်ရေး၊ တိုင်ပင်ဆွေးနွေးရေး၊ ကာကွယ်ထိန်းသိမ်းရေးကွန်ယက်၊ ၀က်ဆိုက်၊ တယ်လီဖုံးလိုင်း၊ အီးမေးအဖွဲ့၊ အတိုင်ပင်ခံစေတနာရှင်တွေ လုပ်အားပေးတွေ လိုနေပြီ။ ကိုယ်ထူကိုယ်ထ စလုပ်ကြမှ ဖြစ်တော့မယ်။
အမေရိကန်က ကျောင်းတွေမှာ ကလေးတွေအချင်းချင်း အနိုင်ကျင့်တာ၊ စော်ကားတာတွေ ကာကွယ်ဖို့ လုပ်ငန်းတွေ၊ အဖွဲ့တွေထားတယ်။ ပြသနာရှိရင် ဆွေးနွေးပါလို့ ဖိတ်ခေါ်တယ်။ မိဘကို မပြောနိုင်ရင် ဆရာကိုပြော၊ ၀န်ထမ်းကိုပြော၊ ဆရာဝန်တွေ၊ ဘာသာရေးဆရာတွေ ပြောပါလို့ ပြောတယ်။ တိုက်တွန်းတယ်။ မဟုတ်ရင် ကလေးတွေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်။ သိပ်ဆိုးဝါးလာရင် ကိုယ့်ပတ်ဝန်းကျင် မိသားစုကို ရန်ရှာသတ်ဖြတ်မယ်။ ပြီးမှ အဆုံးစီရင်မယ်။ ကွန်မြူနီတီတခုလုံး မိသားစုတွေ ချစ်ခင်သူတွေနဲ့အတူ နစ်နာဆုံးရှုံး ကြေကွဲရပါတယ်။
အားနည်းသူတွေ နစ်နာသူတွေကို စကားပြောခွင့်ပေးဖို့၊ နားထောင်ဖို့၊ အားပေးစာနာ ကုစားဖို့၊ ဆက်လက်ရှင်သန်ဖို့ ပတ်ဝန်းကျင်က အားပေးကူညီဖို့ လိုပါတယ်။ ကျနော်တို့ ၀ိုင်းကြပါ။

မိမိပတ်ဝန်းကျင်မှာ စေတနာ့ဝန်ထမ်းလုပ်အားပေးတွေ လုပ်ကြဖို့
            ဆယ်ကျော်သက်ကလေးတွေအတွက် မိမိပတ်ဝန်းကျင်နဲ့ ဆက်စပ် ပတ်သက်ဖို့ ကွန်မြူနီတီအလုပ်တွေမှာ လုပ်အားပေးကြဖို့ လုပ်အားပေးစေတနာဝန်ထမ်းအဖွဲ့တွေက ကျောင်းတွေကို လာဆက်သွယ်တယ်။ အသင်းဝင်ခိုင်းတယ်။ စနေ တနင်္ဂနွေမှာ သူတို့ အစီအစဉ်တွေကို ဖိတ်ခေါ်တယ်။ အမေရိကန်က အထက်တန်းကျောင်းတွေမှာ ပြောတာပါ။
            သူတို့တွေလုပ်တာတွေက အပင်တွေစိုက်၊ အမှိုက်တွေ ကောက်၊ သိပံ္ဗပြခန်းတွေမှာ လုပ်အားပေး၊ ချိုတဲ့တဲ့ ကလေးတွေအတွက် စာကိုပြတာ၊ မုန့်လိုက်ကျွေးတာတွေကအစ ပတ်ဝန်းကျင်မြို့နယ်တွေက အခြားစေတနာဝန်ထမ်းလုပ်ငန်းတွေမှာ သွားပြီး လုပ်အားပေးကြတယ်။
            မြန်မာပြည်မှာ ဘုန်းကြီးတွေ၊ ခရစ်ယာန်ကျောင်းတော်တွေမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးအလုပ်တွေ လုပ်ကြလေ့ရှိတယ်လို့ ပြောပါတယ်။ သစ်ပင်စိုက်တာ၊ ဘေးဒုက္ခရောက်နေတဲ့ နေရာတွေကို သွားရောက် လုပ်အားပေးတာ၊ လေ့လာတာ၊ ပြီးတော့ သူတို့အတွေ့အကြုံတွေ ပြန်ပြောတာ၊ စာရေးတာ၊ ထုတ်ဖော်တာတွေ တိုးမြှင့်ပြီး လုပ်ကြရမယ် ထင်ပါတယ်။

ဧရာဝတီကို ကယ်နေစရာ မလိုတော့ဘူးလား
            ယခင်တပတ်က ဘေးဧရိယာက Save Irrawaddy SF လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ ဆွေးနွေးပွဲကလေး တခု မြန်မာကွန်မြူနီတီက စိတ်ဝင်စားသူလုပ်အားပေးတွေနဲ့ ကျင်းပဖြစ်တယ်။ မိုးမခကလည်း ပြန်ကြားရေးနဲ့ ကြော်ငြာကဏ္ဍမှာ ၀င်ပါတယ်။ စက်တင်ဘာ ၃၀မှာ သမ္မတကြီးသိန်းစိန်က မြစ်ဆုံကိုရပ်လိုက်တာနဲ့ ပြီးပြီလားဆိုပြီး အထင်အမြင်ရှိသူတွေ အဲသည်ဆွေးနွေးပွဲက ရုပ်သံပြန်ထုတ်တာကို ကြည့်ရှုအားပေးသင့်ပါတယ်။
            ပြည်တွင်းကလူတွေတော့ မသိဘူး၊ ပြည်ပကလူတွေက မြန်မာပြည်က ဧရာဝတီအရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲအရေး၊ ဘာအရေး၊ ညာအရေးဖြစ်ဖြစ် “အင်း … လူတွေက လုပ်ချလိုက်ပြန်ပြီ” လားဆိုတဲ့ မျက်ခုံးလေးမြှင့်ပြီး ကြည့်ကြတယ်။ မြန်မာပြည်ဟာ ယခင်တုန်းကလို ကန့်လန်ကာနောက်ကွယ်မှာ အမြဲနေမှာမဟုတ်တော့ ပြည်ပကလူတွေလည်း ကိုယ်တိုင် မျက်ဝါးထင်ထင် မြန်မာပြည်အခြေအနေတွေကို မြင်ကြ သိကြဖို့ အခွင့်တွေ ပွင့်နေပြီ ထင်ပါတယ်။
            အဲသည်လို အခြေအနေမှာ အခုလို မြန်မာပြည်သူတွေအချင်ချင်းနဲ့ ပညာရှင်တွေ၊ ပြောရေးဆိုခွင့်ရှိသူတွေ များများ ဆွေးနွေး ဟောပြောပွဲတွေ လုပ်ကြဖို့ တိုက်တွန်းရမယ် ထင်တယ်။ ပြည်တွင်းမှာလည်း လုပ်ငန်းရှင်များအသင်းအသီးသီးက ပညာရှင်ဆွေးနွေးပွဲတွေလုပ်နေခဲ့ကြတာ နှစ်ချီနေပြီလေ။ ပြည်ပမှာလည်း ကွန်မြူနီတီကလည်း ဆွေးနွေးပွဲတွေ လုပ်သင့်တယ် မထင်ဘူးလား။

မြန်မာပြည်ရဲ့ အနက်ကြီး ၆ နက်၊ အခက်ကြီး ၆ ခက် ပြီးတော့ လူထုရဲ့သီလ
နိုဝင်ဘာ ၁၈ မှာ အင်န်အယ်ဒီက ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်တယ်။ နိုဝင်ဘာ ၂၄ မှာ မှတ်ပုံတင်ဖို့ ဖွဲ့စည်းမှုကို စတင်ပြီး နေပြည်တော်မှာ မှတ်ပုံသွားတင်တယ် လို့ပြောပါတယ်။ အဲသည်နိုင်ငံတော်ရဲ့ ထူးခြားတဲ့ အပြောင်းအလဲကာလမှာ ရန်ကုန်အခြေစိုက် နိုင်ငံရေးထုတ်ဖော်ပြောဆိုသူ ကိုအောင်မျိုးထွန်းက အနက်ကြီး ၆ နက်ကို သူ့အီးမေးနဲ့ ဖေ့စ်ဘွတ်ကနေ ထုတ်ပြောတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့ကြတာလည်း တခဲနက်...
CRPP ကို ဖွဲ့ တုန်းကလည်း တခဲနက်...
၂၀၀၈ ဖွဲ့ စည်းပုံ ဆန္ဒခံယူပွဲမှာလည်း တခဲနက်...
ရွှေဂုံတိုင်ကြေညာချက်တုန်းကလည်း တခဲနက်...
၂၀၁၀ ရွေးကောက်ပွဲမယ် ကြံ့ဖွံ့ ပါတီ အောင်ပွဲခံပြန်တော့လည်း တခဲနက်...
အခုနောက်ဆုံးပေါ် “တင်/ ၀င်”  ဇာတ်တော်ကြီးမှာလည်း တခဲနက် လို့ ရေးထားတယ်။ အဲသည် ၆ နက်ထဲမှာ ၃ နက်ထဲမှာ သင်ပါတယ်ဆိုရင် သင့်မှာ ပြသနာရှိပြီ၊ ပုံမှန်မဟုတ်ဘူး လို့ ရေးထားတယ်။
ဒါကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အနေအထားကနေပြန်ကြည့်မိတော့ ဒါတွေဟာ သူတို့တွေကိုယ်တိုင်လည်း အခက်ကြီး ၆ ခက်နဲ့ ကြုံခဲ့ကြတာပဲလို့ တွေးမိပြန်တယ်။ ၉၀မှာ ပြည်သူက တခဲနက်ထောက်ခံခဲ့တော့ အခက်အခဲတွေကို ရင်ဆိုင်ပြီး စွန့်လွှတ်စွန့်စားသူ ကျောင်းသားလူငယ်တွေဟာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဆက်လက်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ အဲသည်အနက်တိုင်းမှာ ဒီအရေးအခင်းတွေကို နိုင်ငံရေးလှုပ်ရှားသူတွေဟာ အခက်အခဲတွေ ဖိနှိပ် ချေမှုန်းမှုတွေ အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာချည်းပဲလို့ မြင်မိပါတယ်။
နောက်တချက်တွေးမိတာကတော့ နိုင်ငံရေးတိုက်ပွဲထဲမှာ တိုက်ရိုက်ဝင်ရောက် ရုန်းကန် ရှင်သန် လှုပ်ရှားနေသူတွေက လူနည်းစုပါ။ သူတို့မှာ အခက်အခဲတွေကို ရင်ဆိုင်ပြီး ယုံကြည်ချက်အတွက် ရပ်တည်ကြရသူတွေပါ။ နေုာက်လူများစုကြီးကတော့ ဒီမိုကရေစီကို လိုလားသူ၊ အမှန်တရားနဲ့ တရားမျှတမှုကို မျှော်လင့်သူ လူထုပရိသတ်ကြီးပါ။ လူထုကတော့ နေရာတိုင်း ဒေါင့်တိုင်းမှာ တိုက်ရိုက်ဝင်ရောက် ပတ်သက်လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း လူထုက သူတို့ရဲ့ နောက်ကနေ အမြဲတမ်း အစဉ်အမြဲ ထောက်ခံရပ်တည်လျက် ရှိတယ်လို့ ထင်မြင်မိပါတယ်။
လူထုဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ် ချုပ်ချယ် ကန့်သတ်ခြင်း ခံထားရသော အားနည်းသူ လူများစုကြီးဖြစ်သော်လည်း သူတို့ရဲ့ သီလကတော့ ဒီမိုကရေစီကို ထောက်ခံပြီး၊ အာဏာရှင်တွေကို လက်မခံခြင်းပါပဲ။ ၅ပါးသီလများလိုပေါ့ အဲသည်သီလက စောင့်ထိန်းရတဲ့ သီလ။ လုပ်ရတဲ့ အရာ မဟုတ်၊ မလုပ်ဘဲ နေရာတဲ့ တာဝန်ပေါ့။ အာဏာရှင်များရဲ့ မတရားလုပ် အနိုင်ကျင့် စော်ကားမှုများကို ခါးစည်းပြီး ခေါင်းငုံပြီး ခံနေရသော်လည်း သူတို့တွေဟာ ဘယ်တုန်းကမှ ဒီမိုကရေစီကို လက်လွှတ်လိုက်ပြီး အာဏာရှင်တွေကို သစ္စာခံသွားတယ်ရယ်လို့ မရှိဘူး။ (အာဏာရှင်သရဏံ ဂစ္ဆာမိ မလုပ်ကြဘူး)
အာဏာရှင်စနစ် အသက်ရှည်ပါစေလို့ ဘယ်လူထုကမှ ကိုယ့်အသိစိတ်နဲ့ကိုယ် အိမ်ထဲကထွက်ပြီး ကြွေးကြော်ခြင်း မရှိသော်လည်း ဒီမိုကရေစီအရေး တို့အရေးလို့ ဆိုတာကိုတော့ ပြည်သူလူထုဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် အိမ်က ထွက်ပြီး ကြွေးကြော်ရမယ့်အချိန်ကို မျိုးဆက်အဆင့်ဆင့် အံခဲပြီး စောင့်ဆိုင်းနေသူတွေ ဖြစ်ပါတယ်။
အဲသည်အတွက် လူထုကြီးက ဘာလုပ်ဖူးလို့လဲတော့ မမေးပါနဲ့ဗျာ။ ပြီးတော့ လူနည်းစုဖြစ်တဲ့ တကယ့်ကို စွန့်လွှတ်စွန့်စားသူ နိုင်ငံရေးသမား ဒေါင်ဒေါင်မြည်တွေကိုလည်း သံသယမဖြစ်စေချင်ပါ။ သူတို့က သူတို့ယုံကြည်မှုအတွက် သူတို့စွန့်လွှတ်စွန့်စားမှုတွေကို အရေးလုပ်ပြီးတောင် ထုတ်ပြောချင်သူတွေ မဟုတ်ပါ။ ဘယ် အနက်ကြီးတွေဖြစ်ဖြစ် ဘယ်လောက်ပဲ ခက်ခက်၊ အံခဲပြီး ချီတက်နေမှာပါ။ သူတို့တွေဟာ လက်မြှောက်အညံ့ခံသူတွေ မဟုတ်ပါ။
သည်တော့ ပြောချင်တာက မောင်ရစ်ကာတွန်းထဲက ကျောမွဲပြီး ဖင်ပါပြောင်နေတဲ့ လူထုပရိသတ်ကြီးကို မောင်ရစ်က သရော်စော်ကားခြင်း ပြုတဲ့သဘောနဲ့ ရေးသားခြင်း မဟုတ်ဘူး ဆိုတာကို ပြောချင်တာပါပဲ။ လူထုကြီးနဲ့ လူနည်းစု သူတော်ကောင်းနိုင်ငံရေးသမားများအတွက် အလုပ်အကျွေးပြုချင်တာက မိုးမခမီဒီယာပါ။ ဒေ၀ဒတ်ကို ဘုရားထင်ပြီး ဆုတောင်းမှားသူတွေထဲမှာ မပါချင်ပါခင်ဗျာ။ သိန်းစိန်မထိနဲ့ မီးပွင့်သွားမယ်အစားထဲ မပါတဲ့ မိုးမခ၀ိုင်းတော်သားတွေအတွက် ဂုဏ်ယူမိပါတယ်။
အပြောင်းအလဲများတဲ့ လောကကြီးထဲမှာ စောင့်ထိန်းစရာက သီလပဲရှိတယ်။ လူထုကြီးရဲ့ မမှတ်မသုံတဲ့ နိုင်ငံရေးသီလနဲ့ သစ္စာတော့ ဆိုချင်ပါရဲ့။ ရသင့် ရထိုက်တဲ့ ဒီမိုကရေစီလူဘောင်လောက မြန်မာပြည်ကြီးမှာ အချိန်အခါသင့်တဲ့ဆီမှာ ရရပါလို့၏။ မစောပါနဲ့။ မနောက်ကျပါရစေနဲ့။           ။

Comments