မြန်မာပြည်က အင်တာနက်
သန်းစိုးလှိုင်။ နိုဝင်ဘာ ၂၇၊ ရန်ကုန်
မြန်မာပြည်မှာ အင်တာနက်ဆိုတဲ့ အရာဟာ မနုဿတ္တ ဒုလ္လဘလို
ရခဲလှတဲ့ အရာနီးပါး ကုန်ကျစရိတ်သက်တောင့်သက်သာနဲ့ သုံးချင်တဲ့ အချိန်ကိုယ့်ကွန်ပျူတာနဲ့
ကိုသုံးခွင့်ရဖို့ ခက်ခဲလှပါတယ်။
ဝိုင်ဖိုင် အခမဲ့ သုံးနိုင်တဲ့ ကော်ဖီဆိုင်လိုမျိုး
ရန်ကုန်မြို့လယ်မှာ အနည်းငယ်ရှိလာပေမယ့်လို့ တခြားနိုင်ငံတွေမှာလို အများပြည်သူနဲ့ဆိုင်တဲ့နေရာ၊
စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ မရနိုင်သေးပါဘူး။
အင်တာနက်ဟာ လူမှုဆက်သွယ်ရေး နည်းပညာ တခုအဖြစ်စတင်ခဲ့ပေမယ့်
အခုတော့ နိုင်ငံတကာမှာ အဲဒီထက် အဓိပ္ပါယ်အများကြီးပို အသုံးတည့်နေပါပြီ။ ကျောင်းမှာ
စာသင်တဲ့ ကျောင်းသားတွေ ဆရာခိုင်းလိုက်တဲ့ အိမ်စာကို အင်တာနက် အွန်လိုင်းပေါ်မှာ လုပ်တာက
စလို့ တယ်လီဖုန်းပြောခ ငွေဖြည့်တာအလယ် အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ အကြောင်းကြားစာ အဆုံး
အင်တာနက်က နေ့စဉ်ဘ၀ထဲ ၀င်ရောက်ရောယှက်နေပါပြီ။
အမေရိကန်နိုင်ငံလို၊ ဥရောပလို နိုင်ငံတွေမှာ သက်ဆိုင်ရာ
အစိုးရတွေအနေနဲ့ မိသားစုတိုင်း မြန်နှုန်းမြင့် အင်တာနက် အိမ်မှာ သုံးနိုင်အောင် အစိုးရဘက်က
ဖြည့်ဆည်းပေးကြပါတယ်။ ၂၀၀၈-၀၉ အမေရိကန် စီးပွားပျက်ကပ်တုန်းကဆို အမေရိကန် အစိုးရက ဘရော့ဘန်း
အင်တာနက်ကို အိမ်တိုင်းမိသားစုတိုင်း သုံးနိုင်အောင် အစိုးရက ကမကထပြုလုပ်ဆောင်ပေးခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့အခါ အလုပ်လက်မဲ့ဖြစ်နေသူတွေအဖို့
အင်တာနက်မှ အလုပ်အကိုင် လက်ခံရရှိအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။
မရှိမဖြစ်လား ဒုလ္လဘလား
အမေရိကနဲ့ ဥရောပမှာ အင်တာနက်ဟာ ရုံးသာမကပဲ နေအိမ်အတွက်ပါ
မရှိမဖြစ်ပစ္စည်းတခု ဖြစ်နေပါတယ်။ အိမ်တိုင်းအိမ်တိုင်း အင်တာနက် အတွက် မများလှတဲ့ငွေပမာဏကို
သုံးစွဲနေကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်အကိုင်ရှိပြီးတော့လည်း အဖြစ်အပျက်တွေနဲ့
အဆက်မပြတ်ရအောင် အင်တာနက်ကို သုံးကြပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကို အိမ်နဲ့ အလုပ်ခွင်နဲ့
အများနဲ့ဆိုင်တဲ့နေရာတွေ စာသင်ကျောင်း တက္ကသိုလ်တွေမှာ လွယ်လွယ်ကူကူ သုံးနိုင်မယ့် ခေတ်ကို
ရောက်ဖို့ တော်တော်လေးအလှမ်းဝေး နေပါသေးတယ်။
သူများနိုင်ငံတွေမှာ အင်တာနက်ကို များများ သုံးနိုင်သမျှသုံးအောင်
၊ အဆင်ပြေအောင် လုပ်ပေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ အင်တာနက်က ဘာလို့ တန်ဖိုးကြီးပစ္စည်း
ဖြစ်နေသေးတာလဲ။
အဖြေကတော့ ရှင်းပါတယ်။ အင်တာနက်ကို သတင်းအချက်အလက်
စီးထွက်ရာ လမ်းကြောင်းအဖြစ်မြင်လို့ မြန်မာအစိုးရက တတ်နိုင်သမျှ လွယ်လွယ်မသုံးစွဲနိုင်အောင်
လုပ်ဆောင်ထားတာပါ။
နိုင်ငံတကာက တက္ကသိုလ်တွေမှာ ပညာသင်ကြားရေးတွက် အင်တာနက်ကို
ကောင်းနိုင်သမျှကောင်းအောင် စီစဉ်ပေးနေချိန်မှာ မြန်မာပြည်က ဘယ်တက္ကသိုလ် ကျောင်းသားမှ
ကျောင်းမှာ အင်တာနက် သုံးစွဲနိုင်ခြင်းမရှိသေးပါဘူး။
ပညာရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တဲ့ အင်တာနက်ကို
တက္ကသိုလ်မှာ သုံးခွင့်မပေးတဲ့ နောက်ကွယ်အကြောင်းတွေအထဲ သတင်းတွေ အချက်အလက်တွေကို တက္ကသိုလ်ကျောင်းသားတွေ
လွယ်လွယ်ကူကူ ရယူတာ ပေးပို့တာမျိုးဖြစ်မှာစိုးတာကြောင့်ဖြစ်ပါတယ်။
တက္ကသိုလ်က ကျောင်းသားတွေ အင်တာနက် လွယ်လွယ်ကူကူ မသုံးနိုင်သလို
သာမန်လူတွေအဖို့လည်း အင်တာနက်ကို အိမ်မှာ သုံးခွင့်မသာပါဘူး။ မိုဘိုင်းဖုန်းတွေမှာ
အင်တာနက်သုံးနိုင်လာတာ မှန်ပေမယ့် နှေးလွန်းလို့
ကိုယ်ပို့ချင်တဲ့စာ လောက်ကိုပဲ နာရီဝက် ၄၅ မိနစ်ကြာလောက်အောင် သုံးရပါတယ်။
ဘရော့ဘန်း အင်တာနက်နှုန်းထားတွေ
အခုလက်ရှိ မြန်မာပြည်မှာ ဘရော့ဘန်း အင်တာနက် လို့ခေါ်တဲ့
ADSL , Wi Max, Sky Net satellite ဆိုတဲ့ဟာတွေက အနိမ့်ဆုံး ကျပ် ၅ သိန်းကနေ အများဆုံး
၁၁ သိန်းလောက်ထိရှိပါသေးတယ်။ (တနှစ် ဒေါ်လာ ၆ ထောင် ကနေ ၁ သောင်းကျော်ဖိုး)
ADSL ဆိုရင် ကျပ် ငါးသိန်းနဲ့ နှစ်စဉ်ကြေး ကျပ် ၆ သောင်း
ကျသင့်ပါတယ်။ ကုန်ကျစရိတ်နည်းပေမယ့် တယ်လီဖုန်းလိုင်း ရှိရပါမယ်၊ လိုင်းလာတပ်ဆင်ဖို့
၄၅ ရက်ထိကြာနိုင်ပါတယ်။ နေရာရွှေ့ပြောင်းရင်လည်း လျှောက်ထားရဦးမှာဖြစ်ပြီး ရွှေ့ခ ၁
သိန်းသွင်းရမယ်၊ ၄၅ ရက်ထိ အများဆုံးစောင့်ရမယ်ဆိုတာမျိုးကြောင့် အသုံးနည်းလာပါတယ်။
ဒီ ADSL မှ ရတနာပုံ တယ်လီပို့တ်နဲ့ ဆက်သွယ်ရေး MPT တို့ကရောင်းပါတယ်။ ရတနာပုံ တယ်လီပို့တ်
ဆိုတာ ယခင် ပုဂံဆိုင်ဘာတက်ခ် ၊ နောက်
နာမည်တကြိမ်ပြောင်းတော့ မြန်မာ တယ်လီပို့တ် ဆိုတဲ့နာမည်တွေနဲ့ ရှိခဲ့တဲ့ အစိုးရပိုင်
ကုမ္ပဏီခွဲတခုပါ။ ရရှိတဲ့ ၀င်ငွေကို ကာကွယ်ရေး
ဝန်ကြီးရုံး ပင်စင်ဋ္ဌာနက သုံးစွဲပါတယ်။
Wi Max ကတော့ ရွှေ့လို့ပြုလို့လွယ်တယ်။ ကြိုးဖုန်းလည်းမလိုဘူး
ဈေးနှုန်းကတော့ ၈ သိန်း ၁သောင်းပါ။ သူရဦးရွှေမန်းရဲ့သားဖြစ်သူပိုင်ဆိုင်တဲ့ Red
Link ကုမ္ပဏီက ဖြန့်ချိခွင့်ရပါတယ်။
နောက်တမျိုး အလင်းဖန်မျှင်လို့ခေါ်တဲ့ optical
fibre စနစ်သုံး အင်တာနက်ကတော့ ရန်ကုန်မှာ နေရာတိုင်းမရသေးသလို ကုန်ကျစရိတ်ကလည်း တခြားအမျိုးအစား
အားလုံးထက် မြင့်ပါတယ်။
နောက်ဆုံးပေါ် Sky Net လို့ခေါ်တဲ့ ဂြိုဟ်တု စနစ်သုံး
အင်တာနက်ပါ။ မြန်မာတနိုင်ငံလုံး ဘယ်နေရာမဆို စလောင်းဗန်းနဲ့ စက်သယ်သွားရင် သုံးလို့ရပါတယ်။
အရင် အိုင်ပီစတားစနစ်လိုပါပဲ။ စလောင်းဗန်း အရွယ်ကတော့ သေးငယ်သွားပါတယ်။ ၃ ပေခွဲသာသာပဲ
ရှိပါတယ်။ မိုးကြိုးပြစ်နေတဲ့အခါမျိုး တိမ်သိပ်ထူနေတဲ့အခါမျိုးမှာ သုံးမရတတ်ပါဘူး။
နှိုင်းယှဉ်ချက်အားဖြင့် မြန်နှုန်းတခြားအမျိုးအစားထက်
သာတယ်လို့ သုံးသူတွေကပြောကြတယ်။ ဈေးနှုန်းတော့ မသက်သာပါဘူး။ စတပ်ဆင်တဲ့အချိန်မှ ရုပ်သံလိုင်းတွေပါ
တွဲလျက် မယူမဖြစ်လို့ ၁၀ သိန်း ၁၁ သိန်းလောက်ကျပါတယ်။ ဗီအိုအိုင်ပီဖုန်း သုံးမယ်ဆို
၁ သိန်းလောက်ပိုပါတယ်။ ဒီဟာကတော့ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ဖြစ်တဲ့ ရွှေသံလွင်
ဦးကျော်ဝင်းပိုင် ကုမ္ပဏီက ရောင်းပါတယ်။
အင်တာနက်အတွက် သုံးလိုက်ရတဲ့ငွေတွေ
အခု အထက်က ဟာတွေ အားလုံးကြည့်တဲ့အခါ အင်တာနက် လိုင်းရောင်းချတဲ့
ကုမ္ပဏီတွေက အစိုးရ၊ စစ်တပ်နဲ့ လူကြီးသားသမီး၊ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်
တို့ပဲ တွေ့ရပါတယ်။ ကုမ္ပဏီ တခုနဲ့ တခု လွတ်လပ်စွာပြိုင်ဆိုင်တာတွေ မရှိပါဘူး။ သုံးစွဲသူတွေ
အနေနဲ့ တလကို ၁ သောင်း ၂ သောင်းလောက်နဲ့ အင်တာနက် ကို အိမ်မှာ ကိုယ်ပိုင် ရုံးခန်းတွေမှာ
သုံးခွင့်ရဖို့ မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုမရှိပဲ သုံးစွဲသူတွေဘက်က ရွေးစရာမရှိတော့
ဝန်ဆောင်မှုမကောင်းပဲ ဈေးကြီးကြီးနဲ့ သုံးနေရတဲ့ သဘောလည်း ဖြစ်ပါတယ်။
အင်တာနက် အတွက် လူတွေ ငွေသုံးရတာမနည်းတော့ပါဘူး။ အခုနှစ်ပိုင်းခေတ်စားလာတာက
ဘရော့ဘန်း အင်တာနက်ဆိုင်တွေက သူတို့ဝိုင်ဖိုင်နက်ဝေါ့ခ်မှာ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေ
ထည့်ထားပြီးတော့ နက်ဝေါ့မိတဲ့ အိမ်တွေရုံးတွေက သုံးလိုရင် ဆက်သွယ်ပြီး ဈေးစကားပြောကြပါတယ်။
ကွန်ပျူတာတလုံး တလ ၂ သောင်းခွဲမှ ၃ သောင်းခွဲထိ ပေးရပါတယ်။ အဲလို ၀ိုင်ဖိုင်ကို လစဉ်ကြေးပေးသုံးကြတဲ့
အလေ့က ရန်ကုန်တင်မကတော့ပဲ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ဧရာဝတီတိုင်းတွေအထိ ပျံ့နှံ့နေပါတယ်။
ကွန်ပျူတာ တလုံးအတွက်ကို တလ ၃ သောင်းဆိုရင် ထိုင်းဘတ်ငွေနဲ့ ၁၂၀၀ နဲ့ ညီမျှပါတယ်။ ထိုင်းနိုင်ငံမှာဆို
အဲဒီ ADSL ကို ကိုယ်ပိုင် သုံးမှ တလ ဘတ် ၆၀၀ (မြန်မာငွေ ၁ သောင်းခွဲ) ပဲကျသင့်ပါတယ်။
စားသုံးသူကို ဂရုမစိုက်တဲ့ အဖြစ်တွေ
ခုတလော အင်တာနက် နှေးနေတာ တလတောင်ကျော်လာပါပြီ။ ဖြစ်ခါစတုန်းက
သုံးသူတွေကို အသိပေးချက် ထုတ်ပြန်ပေမယ့် အခု တလနဲ့ ၁၀ ရက်လောက်ရှိလာပေမယ့် ပြင်ပြီးလား
မပြီးသေးလားဆိုတာကို ထပ်အသိမပေးတော့ပါဘူး။ ၀ယ်ယူသူ၊ သုံးစွဲသူကို အလေးမထားတဲ့ သဘောလည်း
ထင်ရှားစွာ မြင်တွေ့ရပါတယ်။ ရေအောက်ကြိုးပေါက်တယ်ဆိုတာ ကြားပြီးနောက်ထပ် ဘာအသိပေးချက်မှ
ထပ်မလာတော့တာပါ။ နှေးတာ တလပဲဖြစ်ဖြစ်
၂လပဲ ဖြစ်ဖြစ် လစဉ်ကြေးကိုတော့ ဘယ်တုန်းကမှ လျော့ယူလေ့မရှိပါ။
အင်တာနက် ကဖေးတွေလည်း နှေးလွန်းလို့ ဂိမ်းဆိုင်တွေအဖြစ်
ပြောင်းလဲကုန်ပါပြီ။ အင်တာနက်ဆိုင်မှာ counter strike ဂိမ်းဆော့နေတဲ့ လူငယ်တွေချည်း
မြင်ရပါတော့တယ်။
မြန်မာပြည်မှာ အင်တာနက် နှေးတဲ့အကြောင်း ပြောရရင် ပြောမဆုံးပေါင်အဖြစ်မျိုးပါပဲ၊
တလောက ဖေ့စ်ဘွတ်မှာ မြန်မာပြည်က မိုဘိုင်းဖုန်းအကြောင်း ဟစ်တလာရုပ်ရှင်နဲ့ အစားထိုးဟာသလုပ်လိုက်တာ
ကြည့်သူတိုင်း တ၀ါးဝါး တဟားဟားနဲ့ သဘောကျလိုက်ကြသလိုပဲ အင်တာနက် စာမျက်နှာ တမျက်နှာတက်ဖို့ရာ
ထမင်းတခါစားပြီးတာတောင် မတက်လာသေးတဲ့ အဖြစ်မျိုးကြုံတွေ့နေကြရတာပါ။
အခုလို အင်တာနက် အကြောင်းပြောရတာဟာ သမ္မတ ဦးသိန်းစိန်ပြောသလို
ခေတ်တွေ ပြောင်းနေပါပြီ၊ စနစ်တွေပြောင်းနေပါပြီ ဆိုတာတကယ် ဟုတ်မဟုတ် လူမှုနေ့စဉ်ဘ၀မှာ
အရင် စစ်အစိုးရခေတ်လိုပဲ စားသုံးသူ၊ သုံးစွဲသူကို ဂရုမထားတဲ့ အခြေအနေအတိုင်းရှိသေးတဲ့
သာဓက တခုဖြစ်နေသေးတာကို ထောက်ပြချင်လို့ ပဲ ဖြစ်ပါတယ်။

Comments