U Aye Than (1990 Election - MP) passes away
လူထုရွေးခဲ့တဲ့ အမတ်တဦးကွယ်လွန်ခဲ့ပြီ
ဦးအေးသန်း ( ၁၉ ၄၂ - ၂၀၁၁)၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပေါင်းတည် (၂) ကိုယ်စားလှယ်
မိုးမခအထောက်တော် ၀၀၇၊ နိုဝင်ဘာ ၂၆၊ ၂၀၁၁
                     ဦးအေးသန်း သည်  ၁၉၆၉ - ၇၀  ရန်ကုန်တက္ကသိုလ် တတိယနှစ်  ကျောင်းသားဘ၀ တွင်အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲတော် အရေးအခင်းနှင့်ပတ်သက်ပြီး  အင်းစိန်ထောင်တွင်  ၁နှစ်ကျော် အထိန်းသိမ်းခံရပြီး ၁၉၇၁ ခုဇွန်လတွင်  ထောင်မှလွတ်မြောက်ခဲ့ပါသည်။  ၁၉၇၃-၇၄ တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဖာဘွဲ့ ကို ရရှိ ခဲ့ ပါသည်။
                   မဆလ တပါတီခေတ်  နိုင်ငံရေးအဖွဲ့အစည်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း မရှိဘဲ၊ လူမှုရေး ဘာသာရေး  အသင်းအဖွဲ့ များတွင်သာ  တက်တက်ကြွကြွ  ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ဦးဆောင် ပါဝင်ခဲ့ ပြီး   ပေါင်းတည်သပိတ်ကော်မတီဝင် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့်  ညှိနှိုင်းတိုင်ပင်ပြီး   မြို့ အခြေအနေ အရပ်ရပ်ကို ၀ိုင်းဝန်းထိန်းသိမ်း ပေးခဲ့ ပါသည်။
                အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့ စည်းသောအခါ  ပေါင်းတည်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  စတင်ဖွဲ့စည်းရာတွင်  ပါဝင်ခဲ့ပြီး  ၁၉၉၀ ရွေးကောက်ပွဲတွင်  ပေါင်းတည်မဲဆန္ဒနယ် အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မဲအပြတ်အသတ်ဖြင့်  အနိုင်ရရှိခဲ့ ပါသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘ၀တွင်  အကြိမ်ကြိမ် ထိန်းသိမ်းခံရသော်လည်း  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော   အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ ဦးဆောင်မှုကိုခံယူရင်း ဒီမိုကရေစီ ရေးကို  မမှိတ်မသုံ မသွေမဖယ် ဆောင်ရွက် ရပ်တည်ခဲ့ ပါသည်။
                သို့သော်  ၁၉၉၁ ဒီဇင်ဘာ ၁၆ ရက်  ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ထုတ်ပယ်ခဲ့ခြင်းနှင့် အခြားနိုင်ငံရေးရပ်တည်ချက် များအပေါ်  ပေါင်းတည်အမျိုးသားဒီမိုကရေချုပ်မှ စည်းမျဉ်းစည်းကမ်းနှင့်အညီ  ကန့်ကွက်တင်ပြမှုများကြောင့်   ပေါင်းတည်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းကော်မတီဝင် အားလုံးနှင့်  ပေါင်းတည်ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် (၂) ဦးအား  အဖွဲ့ ချုပ်တာဝန်ရှိသူ ဦးအောင်ရွှေက ထုတ်ပယ်ခွင့်မရှိဘဲ  ထုတ်ပယ်ခြင်းကို ခံခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အထိန်းအသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာချိန်တွင် ပြန်လည်  လက်တွဲခေါ်ယူခဲ့ သော်လည်း  အကြောင်းကြောင်းကြောင့်   အဖွဲ့ ချုပ်ကိုအဝေးမှသာ ၀ိုင်းရံ အားပေး ခဲ့ ပါသည်။ ကွယ်လွန်ချိန်အထိ   ပြည်သူများမှရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်အဖြစ် ခိုင်ခိုင် မာမာ ရပ်တည်သွားခဲ့ ပါသည်။
အစိုးရ၏ ထိန်းသိမ်းရေးစခန်းများတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရရာမှ ပြန်လည်လွတ်မြောက်လာစဉ်ကတည်းက ကျန်းမာရေးချို့ယွင်းနေခဲ့ပြီး နိုဝင်ဘာ ၂၄နေ့ ည ရေဒီယိုသတင်းများ နားထောင်အပြီး ဦးနှောက်သွေးကြောပြတ်တောက် ကွယ်လွန်ခဲ့ပါသည်။
              ဦးအေးသန်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကို နိုဝင်ဘာ ၁၆၊ ၂၀၁၁  နေ့ လည် ၃း၃၀ နာရီတွင်  ပေါင်းတည်မြို့သုဿန်တွင် မြှုပ်နှံသင်္ဂြိုလ်ပါမည်။
Comments