ရွှေပြည်ကြီးရဲ့ ရင်လေးသတဲ့လား ...
ဖိုးထက်
စက်တင်ဘာ ၂၅၊ ၂၀၁၂
ကိုချို့အသက်က ၄၉ နှစ် တင်းတင်း ပြည့်သွားခဲ့ပြီ။ စင်္ကာပူနိုင်ငံလေး၏ ချန်ဂီလေယာဉ်ကွင်း Maintenance လုပ်ရသည့်ကုမ္ပဏီမှာ ကိုချိုက Senior Technical Officer။ သူ့ကုမ္ပဏီက အခုခေတ်လူငယ်စကားနှင့်ပြောရလျှင် ခိုင်သည်။ ကုမ္ပဏီကြီး။ ဒီအလုပ်ကို ပြောင်းတာ မကြာ သေးပေမယ့် သူ့လုပ်ငန်းအတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်များကို အင်တာဗျူးအပြီးမှာ နည်းနည်းနေရာရဖို့ခက်သော စီနီယာဆိုသည့် ရာ ထူးကို ရထားသည်။ ပြီးတော့ ကိုချိုက စင်္ကာပူ PR (permanent resident)။ ကိုချိုစင်္ကာပူကို စရောက်ခါစက ခေတ်ကောင်းချိန်လို့ပြောရမလား။ ခွေးအမြီးဖြတ်ပြီးခေါ်သွားလျှင်တောင် PR ချပေးသည့်ခေတ်ဟု အပမာနပြောကြသလို ခေတ်ကြီး။
ကိုချို့အတွက်ကတော့ PR ဖြစ်ဖြစ်၊ WP ဖြစ်ဖြစ်၊ စီတီဇင်ဖြစ်ဖြစ် ပိုက်ဆံသည်သာ အဓိက။ အချိန်တန်တော့ အိမ်ပြန်ရမှာဘဲ မဟုတ်လား။ အချိန်ဘယ်တော့တန်မှာလဲတော့ ကိုချိုလည်း မသိ။ အခုတောင် ကိုချိုနိုင်ငံခြားထွက် အလုပ်လုပ်နေတာ နှစ် ၂၀ ကျော်ကျော်ရှိပေရော့မည်။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုချိုအိမ်ပြန်ချင်ပြီ။ မတတ်သာလို့သာ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေရပေမယ့် မြန်မာနိုင်ငံက သူ့မိသားစုကို လွမ်း ဆွတ်လှသည်။
ကိုချို့ မိန်းမက ကိုချို့ထက် အသက် ငါးနှစ်လောက်ကြီးသည်။ ငါးဆယ်ကျော်ပြီ။ ကိုချို့မှာ သမီးနှစ်ယောက်ရှိသည် ။ အကြီးမက တက္ကသိုလ် ပြီးပြီ။ ဘွဲ့ရ။ တက်လိုက်ရသည့်သင်တန်း။ ကိုချိုနားမလည်။ ရူပဗေဒဘွဲ့ရ သမီးကြီးက ဂျပန်စကားပြော ဒီပလိုမာရသည်။ အိုင်တီသင်တန်း တွေလဲ တက်သည်။ သမီးကြီးကို စင်္ကာပူကိုခေါ်ဖို့ ကြိုးစားသည်။ သမီးက ခါးခါးသီးသီးငြင်းသည်။ ကိုချိုကလည်း သမီးကိုခိုင်းစားဖို့ မရည် ရွယ်။ သမီးဖြစ်သူ မလာချင်မှတော့ ကိုချိုကလဲ ထပ်မခေါ်တော့။ သမီးအငယ်လေးကတော့ အသက် ၁၉ နှစ်ရှိပြီ။ ကိုချိုတို့ ဇနီးမောင်နှံ ကံ တရားကြောင့်ဘဲလား၊ သနားစရာ သမီးလေး ကံတရားကြောင့်ဘဲလား မသိ။ သမီးအငယ်က မသန်မစွမ်းလေး။ အဖေ၊ အမေကို သိသည်။ ကျန်တာတော့ မသိ။ ထို့ကြောင့် သမီးဘ၀တစ်လျှောက်လုံး တာဝန်က ကိုချို့ ခေါင်းပေါ်၊ ကိုချို့ပုခုံးပေါ်မှာ ရှိသည်။
ကိုချို့အဖေ၊ အမေက မင်္ဂလာဒုံတပ်စခန်းတွေကြားထဲမှာနေသည်။ ကိုချိုငယ်ငယ်ကတည်းက အရာရှိ၊ အရာခံတွေကိုကြည့်ပြီး အားကျ သည်။ ကိုချို ဗိုလ်သင်တန်းဝင်ဖြေသည်။ အရွေးချယ် မခံရ။ ပြီးတော့ ကိုချိုတို့ ဆွေမျိုးသားချင်းတွေက အညိုရောင်နယ်မြေဟု ခေါ်ကြသည့် မငြိမ်းချမ်းသောနယ်မှ ပေါက်ဖွားလာကြသူတွေဖြစ်သည်။ အဲဒီအတွက်ကြောင့် ကိုချို ဗိုလ်လောင်းသင်တန်းရွေးချယ်ခြင်းမခံရတာဟု ပြော ကြသော်လည်း ကိုချိုကတော့ အထွန့်တက်မနေတော့။ ကံတရားပေါ့ဟုသာ ဖြေသိမ့်နိုင်သည်။ အရည်အချင်း မမှီလို့နေမှာပါဟု တွေးသည်။
ကိုချို နိုင်ငံခြားကိုထွက်လာတာ ၁၉၉၀ ခုနှစ်။ မလေးရှားသို့။ အဲဒီအချိန်က မလေးကို ဧည့်ဗီဇာ တစ်လသာရသည်။ တစ်လ မလေး ရှားနိုင်ငံ ထဲမှာနေ။ သုံးလ ထိုင်းဘက်ကိုထွက်။ နောက် ပြန်ဝင်။ အလုပ်ကလဲ စုံသည်။ မလေးရှားမှာ မနက် ၇ နာရီခွဲကနေ ညနေ ငါးနာရီခွဲအထိ ငါးရေဆေးဆီလိုက် အလုပ်လုပ်သည်။ လက်တွေ ပဲကြီးရေပွနေသည်ထိ ကားတွေ ရေဆေး၊ ကစ်တိုက်၊ ပေါလစ်တင်။ ငါးနာရီခွဲတော့ အိမ် ကို ပြန်။ ည ၇ နာရီကျတော့ စားသောက်ဆိုင်မှာ ည ၂ နာရီအထိ စားပွဲဝင်ထိုးသည်။ ဒီလောက် အလုပ်လုပ်နေတာတောင်မှာ မြန်မာ နိုင်ငံ မှာကျန်ခဲ့သော ကိုယ်ဝန်နှင့်မိန်းမ စားလောက်၊ သောက်လောက်ရုံဘဲ ပို့နိုင်သည်။ ထိုင်းဘက် သုံးလစတေးရှောင်သည့်အချိန်မှာတော့ တွေ့ ရာအလုပ် ၀င်လုပ်သည်။ ပန်းသီးခြင်း အကြီးကြီးတွေကိုထမ်းပြီး ကားပေါ်တင်ရသည်။ မှန်စက်ရုံမှာ လူတစ်ရပ်မကသော မှန်ချပ်ကြီးတွေ မရသည်။ ကုန်တွေထမ်းရသည်။
နောက်တော့ အဆက်အသွယ်တွေကောင်းလာသည်။ သုံးလ ထိုင်းဘက်သို့ထွက်နေစရာ၊ စတေးရှောင်စရာမလိုတော့။ ပိုက်ဆံ အနည်းငယ် နှင့် Passport ပေးလိုက်လျှင် စာအုပ်ထဲမှာ အထွက်တုံးထုပြီးသား။ လူက မလေးထဲမှာ အလုပ်မပျက် ဆက်လုပ်နိုင်သည်။ အိမ်ကိုလဲ ငွေပုံ မှန်ပို့နိုင်လာသည်။ ညီဖြစ်သူကို မလေးရှားကိုခေါ်နိုင်ခဲ့သည်။ ညီဖြစ်သူက လက်ကျောမတင်း။ မလေးရောက်တာမှ မကြာသေး ဆံပင်အ ရှည်ကြီးထားသည်။ အင်ဒိုမတွေနှင့်ရှုပ်ပြီး သူ့လစာနှင့်သူ မလောက်ငှ။ တစ်နှစ်လောက်နေပြီး ပြန်သွားခဲ့သည်။ ကိုချို စိတ်ဆိုးပေမယ့် တစ် ဦးတည်းသောညီလေးကို ချစ်စိတ်ဖြင့် ခွင့်လွှတ်နိုင်သည်။
ဒီလိုနဲ့ ကိုချို မလေးမှာ သုံးနှစ်လောက်အလုပ်လုပ်ပြီးမှာတော့ သုံးနှစ်ပြည့်တော့မည့်သမီးကြီးကို တွေ့ချင်သည့်စိတ်ကို တားမရ၊ ဆီးမရ ဖြစ် လွန်းလာသဖြင့် ပြန်သွားခဲ့သည်။ မြန်မာနိုင်ငံရောက်တော့ London စီးကရက်စက်ရုံမှာ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရသည်။ ရတဲ့လစာနှင့်သမီးအသက်ကြီးလာတာနှင့် အချိုးချလို့မရ။ ထို့ပြင် အသက်ကြီးလာသော အဖေ၊ အမေ၏တာဝန်ကလဲ ကိုချို့တာဝန်ဖြစ်လာပြန်သည်။ ရွေးချယ်စရာမရှိတော့သော ကိုချို့အတွက် အထုပ်ဆွဲ၊ လေယာဉ်ပေါ်တက်ကာ မလေးရှားသို့ ဒုတိယအကြိမ် ထွက်လာခဲ့သည်။ ဒီလိုနှင့်ကိုချို အလုပ်တွေစုံ။ လူတွေစုံ။ ဘ၀စုံခဲ့ရပြန်သည်။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလာသည်။ နှစ်ရှည်နေထိုင် အလုပ်လုပ်ပိုင်ခွင့် EP ရခဲ့သည်။
မိန်းမဖြစ်သူ မသန်မစွမ်း သမီးလေးမွေးသည်ဆိုသည့်သတင်းကြားတော့ ကိုချို အိမ်ကို အလွန်ပြန်ချင်ခဲ့သည်။ သမီးလေးက သူ့ကံနှင့်သူ။ စိတ်မကောင်းပေမယ့် တရားနှင့်ကိုချိုဖြေသိမ့်နိုင်သည်။ သမီးတာဝန်ကို သူယူနိုင်သည်။ သို့သော် စိတ်ထိခိုက်နေသောမိန်းမဖြစ်သူကို အား ပေးနှစ်သိမ့်ချင်ပေမယ့် ပြန်ဖို့အခွင့်မသာခဲ့။ စိတ်ထိခိုက်ခြင်းကို အလုပ်တွေ ဖိလုပ်ခြင်းဖြင့်သာ ကိုချိုဖြေသိမ့်နေရသည်။ မိန်းမဖြစ်သူ စိတ် ချမ်းသာ၊ စိတ်အေးရအောင် ငွေပို့နိုင်ဖို့သာ ကိုချို စိတ်တင်းခဲ့သည်။
ညီဖြစ်သူက ဒုတိယအကြိမ် မလေးရှားလာချင်သည်ဆိုသဖြင့် ကိုချို မေးခွန်းတွေမေးမနေတော့ဘဲ ထပ်ခေါ်သည်။ အိမ်ထောင်ကျနေပြီဖြစ် သည့် ဒီကောင်ရင့်ကျက်လာပြီလို့ဘဲ ကိုချိုယူဆခဲ့သည်။ လူမျိုးစုံနှင့်အလုပ်လုပ်ဖူးသဖြင့် လူကဲခေတ်မညံ့သော ကိုချို့အတွက် အမျိုး အ ရင်းကြီး အခြင်းခြင်း လူကဲခတ်မှားခဲ့ပြန်သည်။ ပထမအခေါက်ကလိုဘဲ ညီဖြစ်သူ မပြောင်းမလဲ။ မနည်းတောင်းပန်ပြီး ပြန်ပို့လိုက်ရသည်။ ဘ၀ကိုနားမလည်။ သူများနိုင်ငံမှာ လာအလုပ်လုပ်နေပြီး ခြင်္သေ့လိုနေချင်သူ။ ရောမကိုရောက်ပြီး ရောမသားတွေနေသလို နေချင်သူ။ ကို ချိုစိတ်အကုန်ကြီး ကုန်သွားခဲ့သည်။ အခုအချိန်ထိ အလုပ်အကိုင် မည်မည်ရရမရှိ။ တစ်သောင်းဝင်ဝင် နှစ်သောင်းဝင်ဝင် အလုပ်တစ်ခုခုလုပ်ဖို့ တိုက်တွန်းပေမယ့် မလုပ်။ အခုတော့ မြန်မာနိုင်ငံမှာ အရက်မသောက်ရလျှင် လက်တုန် ခြေတုန် ဖြစ်လာသည်အထိ အခြေအနေဆိုးလာသည်။ အဖေနှင့်အမေ့အတွက် ကိုချိုထောက်ပံ့ပေးကမ်းတာကို ဒီကောင့်မိသားစု ကပ်နေ နေသည်။ အဆိုးဆုံးက မိန်းမဖြစ်သူနှင့် အဆင်ပြေအောင် မနေ။
ဒီလိုနှင့် မလေးရှားမှာအလုပ်လုပ်နေရင်း စင်္ကာပူဘက်သို့ အလုပ်ပြောင်းဖို့ ကြိုးစားသည်။ ကိုချိုက မလေးမှာ EP ရထားသူ။ စင်္ကာပူဘက်သို့ ၀င်နိုင်၊ ထွက်နိုင်သည်။ အင်တာဗျူးတွေ လာဖြေသည်။ တစ်ရက်ကို ကားရှစ်နာရီလောက်စီးပြီး စင်္ကာပူသို့ အင်တာဗျူးတွေ လာဖြေသည်။ ကိုချို့အတွက် စက်ကရိယာများ၊ နည်းပညာများဖြင့် မဝေးလှ။ အတွေ့အကြံလဲများလှပြီ။ ဒါကိုတောင်မှ စင်္ကာပူအလုပ်တွေက လစာနှိမ် ချင်သည်။ လိုချင်သလောက်မရပေမယ့် စိတ်ကို တထစ်ချပြီး စင်္ကာပူဘက်သို့ အလုပ်ပြောင်းခဲ့သည်။ စင်္ကာပူဘက်မှာလဲ ကိုချိုအလုပ်တွေ စုံနေခဲ့ပြီ။ Maintenance ဆိုသည့် ပြုပြင်ထိန်းသိမ်းရေးအလုပ်ချည်းဘဲ ကိုချိုလုပ်လာတာက ဆယ်စုနှစ်မကတော့။ ဒီတော့ ဘာဖြစ်ရင် ဘာ လုပ်ရမယ်ဆိုတာ သိပ်စဉ်းစားစရာမလိုဘဲ အလိုလို သိနားလည်နေခဲ့သည်။ လစာကောင်း၊ အလုပ်ကောင်းများကို ခုန်ကူးရင်း ကျော်ကူးရင်း နောက်ဆုံး ဒီအလုပ်ရခဲ့သည်။
အခုဆိုလျှင် ကိုချို့အတွက် PR လက်မှတ်လဲရနေပြီ။ CPF ပိုက်ဆံတွေလဲ ရှိနေပြီ။ မချမ်းသာပေမယ့် သမီးကြီး အိမ်ထောင် တင့်တင့် တည်တည်ကျသွားလျှင် ပြန်တော့မည်ဟု တွေးထားခဲ့သည်။ အတွေးက အတွေးဘဲဖြစ်သည်။ ဘယ်အထိ ကိုချို နိုင်ငံခြားမှာ အလုပ် လုပ် နေရမှာလဲတော့ ဘုရားမှသာ သိပေလိမ့်မည်။
စင်္ကာပူမှာ ကိုချို အိမ်သူကြီးလုပ်ပြီး အိမ်ငှားထားသည်။ သူ့အိမ်သို့ လူပေါင်းများစွာ ၀င်လာကြ။ ထွက်သွားကြသည်။ အထူးသဖြင့် မြန်မာ နိုင်ငံမှ အလည်ဗီဇာဖြင့်လာပြီး အလုပ်ရှာနေသူတွေအတွက် ကိုချို့အိမ်က ခရီးတစ်ခေါက် နားခိုရာဖြစ်နေခဲ့သည်။ အခုနောက်ပိုင်း အလုပ် လာရှာကြသောသူတွေကိုကြည့်ပြီး မြန်မာနိုင်ငံက ညီဖြစ်သူ အရက်သမားကို သတိရနေသည်။ လက်ကြောမတင်းချင်ကြ။ အလုပ်လာ ရှာကြသူများကို ကိုချို အတတ်နိုင်ဆုံးကူညီသည်။ ပိုက်ဆံမရှိရင်တောင် အိမ်မှာ အလကားနေစေသည်။ ရှိတာ ဝေမျှစားသောက်သည်။ အ ပေါင်းအသင်း အဆက်အသွယ်ကောင်းသောကိုချို့အတွက် အလုပ်ကလဲမရှား။ ဒီကောင်လေးတွေကို အလုပ်ချိတ်ပေးသည်။ အလုပ်ရကြ တာများသည်။
ကိုချို လူငယ်တွေကိုနားလည်သည်။ လူငယ်တွေနှင့်အလုပ်အတူတွဲလုပ်ပြီး လူငယ်လို တစ်ကိုယ်ရေ တကာရနေခဲ့သော ကိုချို့အတွက် လူ ငယ်တွေ၏ စိတ်ခံစားမှုကိုနားလည်သည်။ ဒါပေမယ့် တစ်ခါတစ်လေတော့ ဘာစကားမှ မပြောချင်လောက်အောင် ကိုချို စိတ်ဆိုးမိသည်။ တစ်ယောက်ဆိုလျှင် ကိုချိုနှင့်ဆွေရိပ် မျိုးရိပ်မကင်း။ စင်္ကာပူမှာ ငါတို့အမျိုး PR တစ်ယောက်ရှိတယ်ဆိုသည့် အားကိုးစိတ်နှင့် အလုပ်လာ ရှာသော ဒီကောင်လေးကို ကိုချို အလုံးစုံကူညီသည်။ အလုပ်ရမှ လစာထုတ်မှ အိမ်လခပေး။ ငါ့ကွန်ပြူတာသုံးပြီး အလုပ်ရှာဆိုပြီး ကူညီ ပေးခဲ့သည်။
ခက်တာက ဒီကောင်လေးက အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်။ ကိုချိုကိုယ်တိုင်လဲ အင်္ဂလိပ်စကားကို လိပ်ပတ်လည်အောင် ပြောတတ်သူတော့ မဟုတ်။ သို့သော် ကိုချို စင်္ကာပူမှာ အလုပ်လုပ်မယ်ဟု ရည်ရွယ်ချက်ရှိကတည်းက အင်္ဂလိပ်စာတွေ ဖတ်သည်။ လေ့လာ သည်။ နားထောင်သည်။ ဒီကောင်လေးတွေကတော့ အင်္ဂလိပ်စာမှာ အတော်ကြီးအားနည်းရှာသည်ဟု ကိုချိုသတိထားမိသည်။ လေ့လာ အားကောင်းသလားဆိုတော့လဲ မဟုတ်။ အချိန်ရတဲ့အချိန်မှာ အင်တာနက်ကနေ ကလိကြား ထိုးရီခိုင်းသော မြန်မာကားတွေကြည့်သည်။ မဟုတ်သုတ်ကရဆိုဒ်တွေ ရှာကြည့်သည်။ ကိုချို့အတွေ့အကြုံအရဆိုလျှင် အလုပ်ဆိုလာ အလုပ်ကပြန်သင်သွားခြင်းသာ ဖြစ်သည်။ ကိုယ်ကိုတိုင်က စိတ်ပါမယ်။ စေတနာထားမယ်။ လေ့လာမယ်ဆိုလျှင် အလုပ်ထဲမှာ အဆင်ပြေစရာ ဘာအကြောင်းမှမရှိလို့ဘဲ ကိုချိုယူဆ သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ကိုချို့ကူညီမှုကြောင့် ဒီကောင်လေး အလုပ်ရသွားခဲ့သည်။ အလုပ်စ၀င်ကာစ တက်ကြွနေသော သူ့ကိုကြည့်ကာ ကိုချို ပီတိဖြစ်ရသည်။ သုံးရက် လေးရက်ခန့်ကြာသောအခါ ကိုချို့ပီတိတွေက သိုးချင်လာသည်။ “ကျနော် အလုပ်မသွားတော့ဘူး အစ်ကို” ဟု ပြောလာသောသူ့ကို မေးစမ်းကြည့်ရသည်။ အလုပ်ထဲက စင်္ကာပူအင်ဂျင်နီယာ တရုတ်စကားပြောတာ မကြိုက်လို့ဟု ပြောသည်။ စကားပြော တာ မာတယ်ဟုဆိုလာ၏။ “ဒီလိုပါဘဲကွာ။ နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာ သည်းခံရတယ်ကွ။ ငါတို့နိုင်ငံမှမဟုတ်တာကွာ။ အတတ် နိုင်ဆုံးသီးခံပါ ညီလေးရာ” ဟု အကြံပေးသော်လည်း အလုပ်ထွက်လာခဲ့သည်။ အလုပ်တစ်ခုကနေ အလုပ်တစ်ခုပြောင်းဖို့ တိုးတက်မှု ဘာရှိသလဲ၊ လစာတိုးမလား၊ ရာထူးတိုးမလား။ အခွင့်အရေးတိုးမလားကြည့်ပြီးမှ အလုပ်တွေပြောင်းလာခဲ့သော ကိုချို့အတွက် အလုပ်လွယ် လွယ်ပြောင်းသောဒီကောင်လေးကို ဘယ်လိုမှနားမလည်။
နောက်အလုပ်တစ်ခုကတော့ ကိုချိုရှာပေးတာမဟုတ်ဘဲ သူ့အဆက်အသွယ်နှင့်သူ အလုပ်အသစ်တစ်ခုရသွားခဲ့သည်။ တစ်လလောက် လုပ်ပြီးချိန်မှာတော့ အလုပ်က သူမလုပ်တတ်သော အလုပ်တွေလာခိုင်းတယ်ဆိုပြီး အသံထွက်လာသည်။ သူအလုပ်လျှောက်ထားတာက အင်ဂျင်နီယာပုံဆွဲခြင်းအလုပ်၊ Drafter။ စင်္ကာပူမလာခင်က Auto Cad သင်တန်း နှစ်လတက်ခဲ့သော ဒီကောင်လေးအတွက် ကောင်း တာပေါ့လို့ ကိုချိုမှတ်ချက်ပေးခဲ့သည်။ “သင်တန်းက သင်ပေးမထားသောဟာတွေ လာခိုင်းနေတယ်” ဟု လာညည်းနေသော ကောင်လေးကို ကိုချို မျက်ခုံးပင့်ကြည့်မိသည်။ ပါးစပ်က ညည်းသည်။ အလုပ်ကပြန်လာတော့ နားမလည်တာတွေကို ဘယ်သူ့ကိုမှ မမေး၊ ဘယ်ကမှ မ လေ့လာဘဲ Youtube မှာ သီချင်းတွေ နားထောင်သည်။ Facebook မှာ ဓာတ်ပုံတွေတင်သည်။ အရောင်ပါသည့်ဆိုဒ်တွေ ၀င်ကြည့်သည်။ ပြီးတော့ အိပ်သည်။ နောက်မနက် အလုပ်ပြန်သွားသည်။ ညနေကြတော့ မျက်နှာအိုအိုလေးဖြင့် ပြန်လာရှာသည်။ ကိုချို ပေလယျကန် ပြုထားလိုက်တော့သည်။
စိတ်အချဉ်ပေါက်မှုတွေကို ဖြေဖျောက်ဖို့၊ စိတ်အလိုမကျမှုတွေကို ဖြေလျော့ဖို့အတွက် ဘီယာသွားသောက်သည်။ တွေးရင်း၊ ငေးရင်း၊ ငဲ့ ကြည့်ရင်း၊ မျှော်ကြည့ရင်း ကိုချိုတစ်ယောက်တည်းထိုင်နေသောစားပွဲသို့ စင်္ကာပူလူမျိုး အသက်ကြီးကြီး၊ လူရည်ခပ်သန့်သန့် ပညာတတ်ဖြစ် ဟန်ရှိသည့်လူတစ်ယောက်လာထိုင်သည်။ ဘယ်ကလာသလဲ၊ ဘာလုပ်သလဲ မေးကြ၊ ပြောကြရင်း အဖွဲ့ကြနေကြသည်။ ဒီလူကြီးက ရာ ထူ ကြီး၊ အလုပ်ကြီးသောလူဆိုတာ ပြောကြ၊ ဆိုကြရင်း သိလာရသည်။ ကိုချိုက လူကြီးကိုအင်တာတွေ ဗျူးသည်။ ထင်မြင်ယူဆချက်တွေမေး သည်။ ဒေါ်အောင်ဆန်းစုကြည် သိသည်။ ဦးသိန်းစိန်သိသည်။ ဦးသန်းရွှေသိသည်။ ငါတို့နိုင်ငံတိုးတက်နေပြီ၊ ပြောင်းလဲနေပြီကွဟု ခပ်ကြွားကြွားပြောသော ကိုချို့ကို မင်းအသက်မမှီပါဘူးကွာဟု ပြန်ပြောသည်။ သူပြောသော စကားထဲမှာ ကိုချို့ စိတ်ကို ဖုံးလွှမ်းသွားစေသော စကားတစ်ခွန်းပါလာသည်။ “လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ အနစ်နာခံရတဲ့မျိုးဆက်တဆက်၊ ဒါမှမဟုတ် နှစ်ဆက်လောက်ရှိရ တယ်ကွ။ နောက် လက်ဆင့်ကမ်းခံရတဲ့မျိုးဆက်ကလဲ စိတ်ထားမှန်မှကွ” ဟူသည့် စကားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လူမျိုးတွေကို ဥပမာပြုသွားသည်။ သူတို့မျိုးဆက်ရှေ့က လူကွမ်ယုတို့မျိုးဆက်တွေကို လက်ညှိုးထိုးပြသွားသည်။
ဘီယာဝိုင်းမှထလာပြီး အိမ်ကိုပြန်ရောက်တော့ ရှုပ်ပွနေသည့်အိပ်ရာထဲမှာ အိမ်ကကောင်လေးက Facebook မှာ ချက်တင်ထိုင်နေသည်။ ကိုချိုတချက်ပြုံးပြရင်း အ၀တ်အစားလဲကာ အိပ်ရာဝင်ခဲ့သည်။ အိပ်ရာထဲမှာ ကိုချို တလူးလူး တလွန့်လွန့်အိပ်လို့ မပျော်နိုင်။ အတွေးတွေက ဆက်နေသည်။ ကိုချိုတို့ မျိုးဆက်အရှေ့မှာ စွန့်လွှတ်စွန့်စားနေကြသူတွေရှိခဲ့ပေမယ့် နည်းလွန်းသည်။ တစ်ဦးတစ်ယောက် စွန့်လွှတ်အနစ်နာ ခံရုံနဲ့ မလုံလောက်ဘူးလား၊ လုံလောက်သလား။ ကိုချို မသိ။ သေချာတာကတော့ ဘီယာဆိုင်က လူကြီးပြောသွားသလို ရွှေပြည်တော် မျှော် တိုင်းဝေးနေဆဲဘဲဖြစ်သည်။ ကြီးကြီးကျယ်ကျယ်တွေလျှောက်တွေးရင်း ကိုချိုအိပ်ပျော်သွားချိန်မှာတော့ ဘေးကကောင်လေးက တချောက် ချောက်ဖြင့် ချက်တင်ထိုင်လို့ ကောင်းနေဆဲ။

Comments