ကိုယ့်ရှူး ကိုယ်ပတ်နေသော (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရ
တူမောင်ညို။ အောက်တိုဘာ ၂၉၊ ၂၀၁၂
(Photo – Pro-Rohingyar Protest in SF at SUU-SF event, 29th Sept 2012, MoeMaKa)
ကုန်ဈေးနှုန်းအဆမတန်တွေကြီးပြီး၊ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်ခဲ့သော (မဆလ) ခေတ်မှာ “စီးပွားရေးဦးမော့လာပြီ” လို့ (မဆလ) အစိုးရက တွင်တွင်ကြီးဝါဒဖြန့်ခဲ့သည်။ ထိုအခါ ပြည်သူများက “ပဲ့နစ်နေလို့ ဦးမော့လာတာ” ဟု ဝေဖန်ခဲ့၊ သောလုံး ထုတ်ခဲ့ ကြဖူးသည်။
ယခုလည်း(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကလည်း “ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိနေပြီ” လို့ သတင်းစာတွေမှာရေးသားနေပါသည်။
ထင်သာမြင်သာ အရှိဆုံးအချက်မှာရခိုင်ပြည်နယ်ပဋိပက္ခကို (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ကိုင်တွယ်နိုင်စွမ်းမရှိသောအချက်ပင် ဖြစ်ပါသည်။ ဒါ့အပြင် ရှေ့နောက်မညီတာတွေလည်း တွေ့နေရသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့၊ နေ့စွဲဖြင့် “ မြန်မာနိုင်ငံတွင် OIC ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်ပြုမည်မဟုတ်” သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သမ္မတ(ဗိုလ်)ဦးသိန်းစိန်သည် ကျင်းပပြီးစီးခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းဝေး (ဒသမနေ့) သြဂုတ်လ ၁၇ ရက်နေ့ တွင်ပေးပို့ခဲ့သည့် သူ၏ သ၀ဏ်လွှာကို ပယ်ဖျက်ပေးရန် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပ စတင်သည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းဝေး (ပထမနေ့) တွင် ပေးပို့ခဲ့ပြန်ပါသည်။
အဆိုပါ သမ္မတသဝဏ်လွှာ “သုံးသပ်ချက်မှတ်တမ်း၌ ရခိုင်အရေးနှင့်ပတ်သက်၍ သုံးသပ်ရာတွင် နိုင်ငံရေးပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးမုန်းတီးမှု စိတ်ဓာတ်အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက် ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်” ဟူသောအချက်ဖေါ်ပြပါရှိခဲ့သဖြင့် ရခိုင်တိုင်းရင်းသားပါတီများက ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ကြသည်။
မေ ၂၈ မှာ ဇွန် ၁၄ ရက်အထိ ဖြစ်စဉ်နှင့် အောက်တိုဘာ ၂၁ ရက်မှာ ၂၇ ရက်အတွင်း ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များ အတွင်း ဆုံးရှုံးမှုများကို စာရင်းချုပ်ကြည့်လိုက်သည့်အခါ အောက်ပါအတိုင်းတွေ့ရမည်။
ဖြစ်စဉ် | သေဆုံး | ဒဏ်ရာရ | လူနေအိမ် | ဘာသာရေးအဆောက်အအုံ | အိုးမဲ့အိမ်မဲ့ |
မေ ၂၈ရက် မှ ဇွန် ၁၄ ရက် နေ့ ထိ | ၅၀ | ၅၄ | ၂၂၃၀ | ၁၄ | ၆၁၄၆၂ |
အောက်တိုဘာ ၂၁ ရက် မှ ၂၇ ရက် နေ့ ထိ | ၈၄ | ၁၂၉ | ၂၉၅၀ | ၁၄ | - |
အထက်ပါဇယားကိုကြည့်ယုံဖြင့် ပထမဖြစ်စဉ် (မေ ၂၈ မှ ဇွန် ၁၄ ) ထက် ဒုတိယဖြစ်စဉ် (အောက်တိုဘာ ၂၁ မှ ၂၇ ) က ပိုမိုပြင်းထန်ဆိုးဝါးကြောင်း အလွယ်တကူသိနိုင်ပါသည်။
ထို့အပြင် ယခုဖြစ်စဉ်မှာပထမဖြစ်စဉ်တွင်ပါဝင်ဖြစ်ပျက်ခဲ့သောမြို့နယ်များတွင်မဟုတ်ဘဲ။ တောင်ဘက် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့်မြောက်ဦးမြို့နယ်များတွင် အသစ်ဖြစ်ပွားလာခြင်းဖြစ်သည်။
ဒုတိယဖြစ်စဉ်တွင် အိုးမဲ့အိမ့်မဲ့ဖြစ်သွားရသူများစာရင်းကို ထုတ်ပြန်မထားသေးသော်လည်း ပထမဖြစ်စဉ်ထက် ပိုမိုများလိမ့်မည် ဆိုသည့် အချက်ကို ပျက်စီးသွားသည့် လူနေအိမ်အရေအတွက်ကို ကြည့်ယုံဖြင့်သိနိုင်ပါသည်။
ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်မရှင် ၂ ခု ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ကျော်ဇံမြင့် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် နှင့် ဒေါက်တာမျိုးမြင့် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ဖြစ်သည်။ ကော်မရှင်များသည် ပြဿနာ၏ မူလဇစ်မြစ်၊ ပါဝင်ပတ်သက်နေသူများ၊ ဖြေရှင်းရန်နည်းလမ်းများကို ရှာတွေ့ပါလေစ။ ဒီပုံစံအတိုင်းဆိုလျှင် နိုဝင်ဘာ ၁၆ ရက်နောက်ဆုံး အစီရင်ခံစာတင်ရမည့် “ဒေါက်တာမျိုးမြင့်စုံစမ်းစစ်ဆေးရေးကော်မရှင်”သည် သမ္မတထံ မည်ကဲ့သို့ အစီရင်ခံစာတင် မည်နည်း၊ ဦးဝင်းမြ၏ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်” သည်လည်း အသံတိတ်လွန်းစွ။
ပထမဖြစ်စဉ်အတွင်း သံချွန်၊ ဓါး၊ ဒုတ်၊ အသံပေးကျွဲချိုကိုင် “အကြမ်းဖက်သမား” ၃၀ ဦး အနက် ၂၂ ဦးဖမ်းမိခဲ့ကြောင်း အစိုးရ ပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ယခုထပ်မံဖြစ်ပွားလာခဲ့သော ဒုတိယဖြစ်စဉ်တွင် “အကြမ်းဖက်သမား”ဟူ၍ မရေးသားတော့ချေ။ “အကြမ်းဖက်ဖျက်ဆီးမှုများ တွင်ပါဝင်သူများ”၊ “လူစုလူဝေးများ” ဟုသာ ရေးသားဖေါ်ပြပြီး၊ စုစုပေါင်း ၁၀၅၈ ဦးအား ဥပဒေနဲ့အညီအရေးယူရန် ဆောင်ရွက်နေသည် ဟုဖေါ်ပြထားသည်။ “လူစုလူဝေးများ” ထံမှ တူမီးသေနတ် ၇၁ လက် သိမ်းဆီးရသည်ဟုလည်းဆိုသည်။
သံချွန်၊ ဓါး၊ ဒုတ်ကိုင်သူများကို “အကြမ်းဖက်သမား”ဟု ရေးသားခဲ့သော်လည်း “တူမီး”ကိုင်သူများကိုတော့ “လူစုလူဝေးများ” ဟု သာရေးတော့သည်။ “တူမီးကိုင်အကြမ်းဖက်သမား” ဟု ရေးလျှင် လူရယ်စရာဖြစ်မည်။
ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့အင်အား ၅၀၀၀၊ (နစက) အင်အား ၁၀၀၀၊ တပ်မတော်တပ်ရင်း ၅၁ ရင်း ချဖြန့်ကျက်ချထားပြီး၊ မျက်ရည်ယိုဗုံးအပါအဝင် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်အပြည့်အစုံ ဖြန့်ဖြူးထားသည်ဟု ဆိုသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည်။
ရခိုင်ပြည်နယ်တွင် “တူမီးကိုင်လူစုလူဝေးများ”၏ ဘေးရန်မှာကာကွယ်ရန် ဤမျှတပ်ဖွဲ့အင်အားလိုအပ်ပါသလား။ ခရုခါးတောင်း ကျိုက်ဖမ်းသလိုဖြစ်နေသည်ဟုထင်သည်။
သမ္မတ (ဗိုလ်) ဦးသိန်းစိန် က “ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များသည် ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများကို အခြေခံပြီးဖြစ်ပွားနေခြင်းဖြစ်ကြောင်း အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ပျက်စီးဆုံးရှုံးမှု နည်းပါးအောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း” ပြောခဲ့ဖူးသည်။
ယခုတစ်ဖန် သမ္မတရုံးသတင်းထုတ်ပြန်ချက်၌ “ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသောလူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများလည်းရှိနေကြောင်း” ဖော်ထုတ်ပြန်ထားသည်။
“ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများ” ဆိုသည်မှာ အဘယ်နည်း။
“ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသောလူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများ” ဆိုသည်မှာ မည်သူတွေနည်း၊ မည်သည့်အဖွဲ့အစည်းတွေဖြစ်သနည်း၊ ပြည်တွင်းမှာရှိနေသလား၊ ပြည်ပနိုင်ငံများမှာရှိနေသလားစသဖြင့်ထုတ်ပြန်ပေးရန်လိုသည်။
ရခိုင်ပြည်နယ်ပဋိပက္ခသည် မူလစတင်စဉ်က “အဓမ္မကျင့်မှု”ရာဇဝတ်မှုခင်းမျှသာဖြစ်သည်။
သို့သော် လူအုပ်ဖွဲ့အကြမ်းဖက်သတ်ဖြတ်မှုကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်သည် လက်ပိုက်ကြည့်နေခဲ့ပြီး၊ နိုင်ငံပိုင် ရုပ်သံများ၊ သတင်းစာများ၊ သမ္မတရုံးညွန်မှူးဆိုသူ၏ (Facebook) မှ ဘာသာရေး၊ လူမျိုးရေး၊ မြှောက်ပင့်သွေးထိုး ရေးသားပေးခဲ့သဖြင့် ယခုကဲ့သို့ ကျယ်ပြန့်ကြီးမားလာခဲ့ရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံသားများ ဝင်ရောက်အခြေချနေထိုင်ခဲ့မှု မူလပြဿနာသည် နေ့ချင်းညချင်းကြီးထွားလာ သောပြဿနာမဟုတ်ပါ။ တစ်ဖက်နိုင်ငံမှ “အဝင်အလာများ၏ပြဿနာ” သည် ရခိုင်ပြည်နယ်အတွင်း ကင်ဆာရောဂါကဲ့သို့ပွားများလှိုက် စားနေသော ပြဿနာကြီးလည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အနောက်ဖက်၊ မြောက်ဘက်နှင့် အရှေ့ဘက်နယ်စပ်များရှိ “အဝင်အလာများ၏ပြဿနာ”သည် လက်ရှိကြံ့ဖွံ့ အစိုးရအပါအဝင် (ဖဆပလ)၊(မဆလ)၊(နဝတ-နအဖ) အုပ်စိုးသူအဆက်ဆက်၏ ညံ့ဖျင်းနုံချာသော ကိုင်တွယ်မှုအကျိုးဆက်များကြောင့် ယခုကဲ့သို့ စိုးရိမ်ဖွယ်ရာ အရေအတွက်ထိ တိုးများလာခဲ့ရခြင်းဖြစ်သည်။
ယင်းကဲ့သို့သောပြဿနာသည် မြန်မာနိုင်ငံအရှေ့နှင့်အရှေမြောက်ဖက်တွင်လည်း အလားတူ “အဝင်အလာများ၏ပြဿနာ” ရှိနေပါသည်။ သို့ပါ၍ အဆိုပါပြဿနာမျိုးသည် ယခုကဲ့သို့ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ အမြင်တိုသော၊ တစ်ပွဲတိုး ဆေးမြှီးတိုနည်း လမ်းများဖြင့်ဖြေရှင်း၍လုံးဝမရနိုင်ပါ။
ကျင်းပဆဲ ပြည်သူ့လွှတ်တော်တွင် (တစည) ပါတီ မှ ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်အမတ်) သည်
“ တရား ဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေသော၊ ဖြစ်နိုင်ခြေရှိသောမြို့နယ်များတွင် လုံခြုံရေးလိုအပ်ချက် အရတပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျှင်အမြန်ဆောင်ရွက်ပေးရန်နှင့်ဥပဒေချိုးဖောက်ခြင်း ၊ အခြေခံလူ့အခွင့် အရေးများချိုးဖောက်ခြင်းနှင့် ပတ်သက်၍ တရားဥပဒေ ညီညွတ်ပြီးပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီစဉ်ဆုံးဖြတ်ရန်အတွက် ပြည်ထောင်စု အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း” အရေးကြီး အဆိုတစ်ရပ်တင်ခဲ့သည်။
ယင်းအဆိုကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က
“အခြေအနေအချိန်အခါအရ သင့် မြတ်ကြောင်းနှင့် လွှတ်တော်က အဆိုကိုမှတ်တမ်းတင်ထားရှိပြီး စောင့်ကြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အတည်ပြုဆုံးဖြတ်ခဲ့ ကြသည်။ ပြဿနာဖြစ်ပွားပေါ်ပေါက်လာလျှင်/ ဖြစ်နိုင်ခြေရှိလျှင် “တပ်နှင့်သေနတ်” ကိုသာ အဓိက သုံးချင်သော (တစည)နှင့်ကြံ့ဖွံ့ပါတီ တို့၏ အပေးအယူ၊ အတိုင်အဖောက် ညီမှုဟုပြောရမည်။
အရင်းစစ်အမြစ်မြေကဆိုသလို ရခိုင်ပြည်နယ်တွင် မီးခိုးအူပြီး သွေးမတိတ်နိုင်ပဲဖြစ်နေရသည့် အဓိကအကြောင်းရင်းမှာ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ရာဇဝတ်ပြစ်မှု(အဓမ္မကျင့်မှု) တစ်ခုကို လူမျိုးရေးဘာသာရေး အဓိကရုဏ်းအဆင့်အထိ အရှိန်တက်လာအောင် မီးလောင်လေပင့်လုပ်ပေးခဲ့ခြင်း /ဓါတ်ဆီလောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူတို့ဖန်တီးခဲ့သော လူမျိုးရေးဘာသာရေးအမုန်းမီးတောက်သည် ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး၊ တစ်ပွဲတိုးဆေးမြှီး တို နည်းလမ်းများဖြင့် ဖြေရှင်း၍ မရနိုင်ဘဲ၊ (ဗိုလ်) သိန်းစိန်ကြံ့ဖွံ့အစိုးရ အဖို့ ကိုယ့်အတတ်နဲ့ကိုယ်စူး၊ ကိုယ့်ရှူးကိုယ်ပတ်ကိန်းဆိုက်နေ ခြင်းဖြစ်သည်။
ညွန်း
- ၂၂ အောက်တိုဘာ မြန်မာ့အလင်းသတင်းစာ
- ၂၆ အောက်တိုဘာ မြန်မာ့အလင်းသတင်းစာ
- ၂၇ အောက်တိုဘာ မြန်မာ့အလင်းသတင်းစာ
- ၂၈ အောက်တိုဘာ၊ (EMG) “ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ကျော်၊ နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀ကျော်နှင့် တပ်မတော်တပ်ရင်း ၅၁ရင်း တို့ဖြင့် လုံခြုံရေးအင်အား ဖြန့်ကျက်ချထားကြောင်းသိရ”
- ၂၉ အောက်တိုဘာ မြန်မာ့အလင်းသတင်းစာ
Comments