“မွေးတဲ့နှစ်”
မောင်စွမ်းရည်၊ ဇွန် ၂၇၊ ၂၀၁၄
မောင်စွမ်းရည်၊ ဇွန် ၂၇၊ ၂၀၁၄
ငါမွေးခဲ့တာ ကြာပြီ
ပုခက်နဲ့ သင်္ချိင်းကြား
ကာလတွေခြားခဲ့တာ
၇၅နှစ်တာမက၊ ၇၆နှစ်တာမက
၇၇-နှစ်လဲမက၊ ၇၈နှစ်ထဲကျရောက်
နောက်တနှစ်ဆို၊ ၇၉ကနေ နောက်တနှစ်တို့
အလို-အနှစ်၈၀- အနှစ်၉၀ ဆိုတာ
မကြာခင်ရောက်တော့မှာကိုး။
ဘဝဆိုတာ- တိုတယ်လို့ ပြောလို့ပြော၊
ရှည်တယ်လို့လဲ- ပြောလိုပြော
မင့်သဘောပဲလေ။
ငါ့ခမျာလဲ
ရှည်တယ်ဆိုလဲ ဟုတ်နိုးနိုး
တိုတယ်ဆိုလဲ ဟုတ်နိုးနိုး
ဝိုးတိုးဝါးတားနဲ့- နိုးနိုးတွေများခဲ့တာ
ကြာပေါ့။
ကြည့်စမ်းပါ့ဗျာ
အာဏာရှင်နဲ့ ကဗျာရှင်နဲ့
အသက်ရှင်ခဲ့တာ
နှစ်တရာရဲ့လေးပုံသုံးပုံ
မွေးနှစ်ချင်း ဆုံသတဲ့ကွာ- ထွီ !
မင်းသေပါစေလို့
ငါဆုမချွေလိုပါ။
ငါဒီလောက်မရိုင်းချင်ဘူး
အာဏာရှင်စနစ်သာ၊ ကျဆုံးပါစေ။ သေပါစေ။
သေချင်းဆိုးနဲ့ သေပါစေ။
မင်းသေတဲ့အခါ၊
သြဘာစာရတု မဟုတ်တောင်၊ ဒေါသထာရ တပုဒ်တော့
လုပ်ဖြစ်အောင်လုပ်ပါမယ်။
၂၀၁၄ မှာ …
အာဏာရှင်- မရှင်နဲ့- တော့ကွာ။ ။