အရှင်သြသဓ (ဟပ်မွန်းဗေး) - အသစ်တွေလဲ တဖွဲဖွဲ၊ အဟောင်းတွေလဲ တဝဲဝဲ

အရှင်သြသဓ (ဟပ်မွန်းဗေး) -  အသစ်တွေလဲ တဖွဲဖွဲ၊ အဟောင်းတွေလဲ တဝဲဝဲ
သြဂုတ် ၁၄၊ ၂၀၁၄
နွေရာသီ ကလေးများကျောင်းပိတ်ပြီဆိုမှဖြင့် အကျွန်ုပ်တို့ စတင် အလုပ်ရှုပ်ကြရပေတော့သည်။ ဇွန်လရောက်သည်နှင့် တပြိုင်နက် အရှိန်တင်လျက် လုပ်ငန်း စတင်ကြရပေသည်။ လုပ်နေကြပုဂ္ဂိုလ်များကို တိုက်တွန်းနှိုးဆော်ရ၏။ သက်ဆိုင်ရာ တာဝန်များကို ပြန်ခန့်ရ၏။ မလုပ်နိုင်လျှင် လူစားရှာရ၏။ အကျွန်ုပ်တို့သာ အလုပ်ရှုပ်သည် မဟုတ်။ မိဘများရော ကလေးများပါ အလုပ်ရှုပ်လာကြ၏။ ထိုအလုပ်ကား ကျွန်ုပ်တို့၏ နောက်မျိုးဆက်သစ်လေးများအတွက် နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းပင် ဖြစ်၏။

လွန်ခဲ့သည့် ၂၃-နှစ်က စပြီး ဓမ္မာနန္ဒကျောင်း နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့၏။ ထိုစဉ်က ကျောင်းသားငါးယောက်သာ ရှိခဲ့သည်။ ယခု ၂၀၁၄-ခုနှစ်သို့ ရောက်သောအခါ၌ကား ကျောင်းသားဦးရေ ၁၇၂-ယောက်အထိ တိုးလာခဲ့၏။ ထို့ကြောင့် ဒကာတစ်ယောက်က ဖွင့်ပွဲပြီးသောအခါ စာရေးသူထံသို့ လာပြီး….



 “အရှင်ဘုရား…. ဖွင့်ပွဲမှာ အရှင်ဘုရား ပြောတဲ့အတိုင်းဆိုရင် ကျောင်းသား ၁၇၂-ယောက်၊ လုပ်အားပေး ဆရာ ၃၁-ယောက်၊ ချက်ပြုတ်ရေးလုပ်အားပေး ၂၃-ယောက်၊ ဆိုတော့ ကျောင်းသားဦးရော လုပ်အားပေးဦးရေပါ မနှစ်ကထက် ပိုတိုးလာတာဘဲ။ ဒီလောက် ပရိသတ်ကြီးကို လည်ပတ်ရတဲ့ လုပ်ငန်းဟာ နည်းနည်းနောနော တာဝန်ကြီးမဟုတ်ဘူးဖျ။ အရှင်ဘုရား….ဒီ ကျောင်းသားတွေ, ဆရာတွေ, လုပ်အားပေးတွေကို ဘယ်လိုလုပ်ပြီး စည်းရုံးသလဲဘုရာ့”ဟု မေးလာ၏။

တိုတိုဖြေရလျှင် ဆရာ,ဒကာ ပူးပေါင်းလုပ်ဆောင်မှုဟုသာ ဆိုရပေလိမ့်မည်။ ကလေးများအရွယ်နဲ့လိုက်အောင် သင်ကြား ရေး အစီအစဉ်များကို ဆွဲရ၏။ စာသင်ခြင်း၊ တရားထိုင်ခြင်း၊ စာမေးပွဲစစ်ခြင်းများ အပြင်၊ ညဘက်ပုံပြောခြင်း၊ ပြင်ပ guest speaker များကို ဖိတ်မန်၍ ဟောပြောစေခြင်း၊ ခေါင်းစဉ်တစ်ခုပေး၍ essay ရေးစေခြင်း၊ ပျော်ရွှင်စရာ အစီအစဉ်လေးများ ထည့်ခြင်း၊ outdoor activities များ လုပ်ခြင်း…. စသဖြင့် သူတို့ စိတ်ဝင်စားမည့် အရာလေးများကို စုံလင်အောင် ထည့်သွင်းထား၏။ သို့သော် ပြည့်စုံသည်ဟူ၍ကား မဆိုလိုပါ။ ပြုပြင်စရာ မြောက်မြားစွာ ရှိနေပါသေး၏။  



တခါတလေတော့လဲ  ကလေးတွေဆီက ပြန်သင်ယူရသည်လည်း ရှိ၏။ လွန်ခဲ့သည့် လေးနှစ်လောက်က အဖြစ်အပျက် ကလေး တစ်ခုက စာရေးသူကို အမြင်မှန်ပေးခဲ့၏။ အသက် ၅-နှစ်မှ ၈-နှစ်အထိ ကလေးများကို သြကာသမှ စ၍ ရွတ်ဖတ်ဖွယ်ရာ အတိုလေးများကို အခြေခံအနေအားဖြင့် နှုတ်တိုက်သင်ပေး၏။ သူတို့လည်း အခြားအတန်းကြီးများ နည်းတူ စာသင်ချိန် အတူတူ ဆွဲထား၏။ တနေ့တွင် ကလေးတစ်ယောက်က သူ့ဆရာမကို “Teacher…..your class time is too long.  I get too tired and very bored.  We are just small kids. At our school, we can play; we can draw; we can color.” ဟု တောင်းဆိုလာ၏။ မှန်၏။ စာရေးသူတို့က အရွယ်ကိုမကြည့်ဘဲ စာသင်ချိန်ကို အတူတူ ဆွဲထား၏။ ကလေးများ၏ ဦးနှောက်သည် ဒိလောက် မရင့်ကျက်သေးပေ။ စာတစ်ခုတည်းကို မိနစ် ၃၀-ထက် ပို၍ အာရုံမစိုက်နိုင်။ ကြာလျှင် ငြီးငွေ့လာ၏။ ဤကလေးပြောပြချက်ကို ဆရာမက စာရေးသူတို့ အစည်းအဝေး မှာ တင်ပြလာ၏။ ထို့ကြောင့် နောက်နှစ်မှစ၍ ကလေးများအတွက် စာကျက်ရုံသက်သက် မဟုတ်တော့ဘဲ ပုံဆွဲခြင်း၊ ရောင်စုံခြယ်ခြင်း၊ ပုံပြောခြင်း၊ အသက်တူရာ အုပ်စုခွဲ၍သင်ခြင်း၊ သင်ပြီးသား အကြောင်းအရာများ ပြန်မေးခြင်း၊ ဖြေနိုင် သူကို ဆုလေးများပေးခြင်း……စသည်ဖြင့် သူတို့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မည့် စာသင်နည်းကို ပြောင်းခဲ့ရ၏။

ဆွဲဆောင်စရာနည်းများစွာထဲတွင် ကစားတာလဲ ပါ၏။ ကလေးဟူသည် အဆော့မက်၏။ ထို့ကြောင့် ကလေးးများအတွက် ကစားကွင်းထားရ၏။ ကစားချိန်ပေးရ၏။ စာသင်ချိန် တစ်ခုနှင့်တစ်ခုကြားတွင် ၁၅-မိနစ် နားချိန်ပေး၏။ ထိုသို့ နားချိန် ပေးလိုက်သဖြင့် ကလေးများ အညောင်းအညာ ပြေစေ၏။ အိပ်ချင် ပြေစေ၏။ ဦးနှောက်ကို ပွင့်စေ၏။ ထို့ကြောင့် စာသင်လျှင် မှတ်မိလွယ်၏။ စာသင်တစ်ချိန် ပြီးတိုင်းပြီးတိုင်း ဆော့ရခြင်းသည်လည်း သူတို့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်ဟု လေ့လာမိ၏။ တနေ့တာ စာသင်ချိန်နှင့် ညနေခင်းဘုရားရှိခိုးချိန် အားလုံးပြီးသည့် အခါ၌ကား ၁-နာရီခွဲ လောက် အုပ်စုဖွဲ့၍ ကစားချိန်ပေး၏။ သို့သော်လည်း အန္တရာယ်မဖြစ်အောင်တော့ စောင့်ရှောက်သူများ တာဝန်ချ ထားရ၏။ ကလေးများ၏ တစ်နေ့တာ မက်မက်မောမော မျှော်လင့်ချက်တွင် ဤညနေခင်း စုပေါင်းကစားချိန်လည်း ပါ၏။



 နောက်တစ်ခုက အစားအသောက်ဖြစ်၏။ ကလေးတွေ အစားမက်သည်ကိုလည်း အားလုံး အသိပင်ဖြစ်သည်။ အစား မကြိုက်လျှင်လည်း သူတို့မပျော်တော့။ လူကြီးများအနေဖြင့် မိမိတို့ကြိုက်သော အစားအသောက်များကို အပင်ပန်းခံကာ ချက်ပြုတ်ကျွေးမွေးကြ၏။ သို့သော် ကလေးများက ထိုအစာများကို ကြိုက်ချင်မှကြိုက်သည်။ မကြိုက်လျှင် တပုံတပင် ပိုလျှံကုန်၏။ ထို့ကြောင့် ကလေးများကြိုက်တတ်သည့် အစာများကို မိဘများနှင့် တိုင်ပင်ပြီး တစ်ပတ်စာ menu ဆွဲရ၏။ တစ်မျိုးတည်းကျွေးလျှင် ကလေးတွေ ငြီးငွေ့လာ၏။ ဗမာစာ, တရုတ်စာ, ဘိုစာများကို တနေ့စီလှည့်၍ ကျွေး၏။ တစ်နေ့ တစ်မျိုးစီ စားရသဖြင့် ကလေးများက ပျော်နေ၏။ သင်တန်းပြီး၍ ကျေးဇူးတင်ကြောင်း နုတ်ကဒ်လေးများကို သစ်ရွက်ပုံ ချိုးပြီး စက္ကူသစ်ပင်တွင် လာကပ်ကြ၏။ သူတို့အများဆုံး appreciate လုပ်ထားသည်မှာ အစားအသောက်ကောင်း၍ ကျေးဇူးတင်ကြောင်းပင် ဖြစ်၏။
ပြီးတော့ သပ်ယပ်သည့်နေရာထိုင်ခင်း ဖြစ်၏။ နေရာထိုင်ခင်းများ အနံ့အသက်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စေရန် ၂-လလောက်က ကြိုတင်၍ ပြင်ဆင်ကြရ၏။ အောက်ခံကူရှင်များ မလောက်လျှင် ဖြည့်ရ၏။ ဟောင်းနွမ်းနေသော အဆောက် အဦးများ အန္တရာယ်ကင်းစေရန် ပြင်ဆင်ရ၏။ ဆေးများ အသစ်ပြန်သုတ်ရ၏။ ယခုနှစ်သည် ကျောင်းသားအများဆုံး လက်ခံသည့်နှစ် ဖြစ်၏။ ကျောင်းသားများ တိုးလာသည်နဲ့အမျှ လိုအပ်ချက်ကလည်း များလာ၏။ အိပ်စရာနေရာ ပိုလိုလာ ၏။ စာသင်ခန်းများ ပိုချဲ့လာရ၏။ ထမင်းစားသော မိုးကာတဲကြီးများ ပိုတိုးလာရ၏။ အိပ်စရာနေရာအတွက် ပေကြိုးတိုင်း၍ ပင် သတ်မှတ်ရတော့၏။ စားစရာစားပွဲကိုလဲ သူတို့နာမည်ကပ်၍ သတ်မှတ်ထားရ၏။ လူများသော်လည်း သပ်သပ် ယပ်ယပ် ရှိသဖြင့် ကျောင်းသားများ ပျော်ရွှင်ကြ၏။

ယခုလို ကျောင်းသားများလာရခြင်းသည်လည်း သူတို့ချင်း သတင်းရပြီး ရောက်လာကြသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည် ထင်သည်။ ရောက်လာသော ကျောင်းသားမိဘများက သူတို့ချင်း သတင်းဖြန့်ပြီး နီးစပ်ရာ သူတို့မိတ်ဆွေများကို တိုက်တွန်းကြ၏။ ယခုဆိုလျှင် ဆန်ဖရန်ဆစ္စကို ဗေးဧရိယာတစ်ဝိုက် သာမက LA, San Diego ဘက်ကပါ လာကြ၏။ နယူးယောက်၊ နယူးဂျာစီ၊ တက်ဆပ်စ်၊ နေဗားဒါးတို့လို အခြားပြည်နယ်များကလည်း ရောက်လာကြ၏။ ကျောင်းဖွင့်ပြီ ဆိုမှဖြင့် ကျောင်းသားဟောင်းများက နောက်အတန်းများဆက်တက်ရန် ပြန်ရောက်လာကြသလို အနီးအဝေးမှ ကျောင်းသားသစ်များကလည်း သင်တန်းတက်ရန် တဖွဲဖွဲ ရောက်လာကြ၏။ ထို့ကြောင့်ပင် ယခုနှစ် ကျောင်းသားများလွန်း ၍ နေရာခက်ခဲမှုကြောင့် တချို့ကျောင်းသားများ အနီးရှိမိုတယ်တွင် တည်းခို၍ တက်ရသည်အထိ ဖြစ်လာ၏။ 




နောက်တစ်ချက်က ကျောင်းသား ၁၇၀-ကျော်ကို အတန်း ၇-တန်းခွဲပြီး သင်ကြားပေးရသဖြင့် ဆရာများစွာ လိုအပ်၏။ လိုအပ်သောဆရာများကို အတန်းပြီးဆုံးသွားသော ကျောင်းသားများက ပြန်လာကြပြီး volunteer teacher အဖြစ် ကူညီ သင်ပေးကြ၏။ သို့သော် volunteer teacher လုပ်ချင်သူတိုင်း လုပ်ခွင့်မပေးပါ။ ဒီဇင်ဘာလ ခရစ်စမတ်ကျောင်းပိတ်ရက် တွင် ထိုဆရာလုပ်လိုသူများအတွက် သုံးရက်တရားစခန်း သီးသန့်ဖွင့်ပေး၏။ နောက်ပြီး နွေရာသီသင်တန်းမစမှီ ဇွန်လ လောက်တွင် ဆရာဖြစ်သင်တန်းတစ်ရက် သီးသန့်ပို့ချပေး၏။ ထိုနှစ်ရပ်လုံး တက်ရောက်ပြီးသူများကိုသာ ဆရာလုပ်ခွင့် ပေး၏။ သို့မှသာ စာသင်သည့်ဘက်ရော တရားထိုင်သည့်ဘက်ပါ နှစ်ဘက်လုံးကို ထိထိမိမိ သင်ကြားပေး နိုင်ပေလိမ့် မည်။ ယခုနှစ်တွင် သင်ကြားရေးနှင့် outdoor activities များအတွက် ဆရာ ၃၁-ယောက် လာရောက် လုပ်အားပေးကြ၏။

ဤမျှများပြားလှသည့် ကျောင်းသားနှင့်ဆရာ လူ၂၀၀-ကျော်ကို ခုနစ်ရက်လုံး တနေ့ ၄-ကြိမ် ကျွေးမွေးရသည့်အလုပ်သည် လည်း အင်မတန် ကြီးမားလှသည့် တာဝန်ကြီးတစ်ရပ်ပင် ဖြစ်၏။ အနည်းဆုံး ချက်ပြုတ်ရေးလုပ်အားပေး ၁၅-ယောက်ခန့် ရှိမှ နိုင်အောင်လုပ်နိုင်၏။ ထို့ကြောင့် ကျောင်းသား မိဘများကိုလည်း တတ်စွမ်းသရွေ့ လုပ်အားလာပေးဖို့ မေတ္တာရပ်ခံ ရ၏။ လာရောက်လုပ်အားပေးကြသော ကျောင်းသားမိဘများကိုလည်း အမှုဆောင်လူကြီးများက ယဉ်ကျေးပျူငှာ ဖေါ်ရွေစွာ ဆက်ဆံကြ၏။ အားလုံး စုပေါင်းဝိုင်းလုပ်သည့်စနစ်ကို ပြောပြပေး၏။ တက်ညီလက်ညီ ပျော်ပျော်ပါးပါး ရီလိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နဲ့ လုပ်ကြရသဖြင့် သူတို့အားလုံး သည်စနစ်ကို သဘောကျကြ၏။ ယခုနှစ် လုပ်အားပေးများမှာ စာရင်းအရ ၂၃-ယောက် ဖြစ်သော်လည်း နေ့ခင်း ကျောင်းသားမိဘများ ရောက်လာသောအခါ အားလုံးဝိုင်းကူကြသဖြင့် ၄၀-ခန့် ရှိသည်ကို တွေ့ရ၏။ တချို့က ချက်ပြုတ်ရေးဘက်၊ တချို့က ရုံးလုပ်ငန်းဘက်၊ တချို့က သန့်ရှင်းရေးဘက်၊ တချို့က သင်ကြားရေးဘက်၊ တချို့က ကျန်းမာရေးဘက်၊ တချို့က ကစားကွင်းစောင့်ရှောက်ရေး ဘက်……စသဖြင့်  လိုအပ်သည့်နေရာများတွင် ဝင်ရောက် လုပ်ကိုင်ပေးကြ၏။ ဤသည်မှာ အမှုဆောင်လူကြီးများ၏ စည်းရုံးရေး ဆွဲဆောင်မှု စွမ်းအားပင်ဖြစ်ပေသည်။

၇-ရက်ကြာ ဤသင်တန်းကို ပြုလုပ်ရခြင်းသည် အလွန်တရာ ပင်ပန်းလှ၏။ သို့သော် ကျောင်းသားးများထံမှ တုန့်ပြန်မှု များ ကြားရသောအခါ မောသမျှတွေ ပြေကုန်၏။ ထိုတုန့်ပြန်မှု များစွာထဲက တစ်ခုကို ထုတ်ပြပါရစေ။ ဇွန်လ ၂၂-ရက်နေ့တွင် ဆရာဖြစ်သင်တန်း ၁-ရက်ပေး၏။ ထိုသင်တန်းသို့ တက်ရောက်လာသော အထက်တန်းကျောင်းသူ တစ်ယောက်က သူ့အတွေ့အကြုံလေးကို ဤသို့ မျှဝေလာ၏။ တနေ့သောအခါ သူတို့ကျောင်းတွင် ဗုဒ္ဓဘာသာ အကြောင်း လေ့လာရသည် ဆို၏။ ဆရာလုပ်သူ၏ ပြောကြားချက်သည် မပြည့်မစုံ ဖြစ်နေ၏။ ဗုဒ္ဓဘာသာ၏ အဓိက တရားတော်များ ကျန်ရစ်ခဲ့၏။ ဤတွင် ထိုကျောင်းသူလေးက ဖြည့်စွက်၍ ပြောပြလိုက်၏။ နောက်တော့ ဆရာကပါ ကြိုက်သွားပြီး သူ့ကို အတန်းရှေ့သို့ ထွက်၍ ထပ်ပြောခိုင်းသည်ဆို၏။ သူပြောပြီးသောအခါ တစ်တန်းလုံးက လက်ခုပ်တီး၍ ကောင်းချီးသြဘာ ပေးကြပါလေသတဲ့။ စာရေးသူကတော့ ဤတစ်ချက်တည်းကို ကြားလိုက်ရသည်နဲ့ပင် ပင်ပန်းသမျှတွေ ပြေကုန်၏။

ယခုနှစ် သင်တန်းနှင့်ပတ်သက်၍ စာရေးသူ အထူးအားရကျေနပ်သည့်အရာ တစ်ခုရှိ၏။ ဤသည်မှာ လုပ်အားပေးအဖွဲ့၏ လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ပွဲမစမှီ တပါတ်ကြိုတင်၍ တဲကြီးများနှင့် လိုအပ်သည်များကို လာရောက်ပြင်ဆင်ကြရ၏။ ရှိသမျှ အိုးခွက်ပန်းကန်၊ စားပွဲကုလားထိုင် အကုန်ထုတ်သုံးရ၏။ ဒိလောက်များပြားသည့် ပစ္စည်းများကို ပြန်သိမ်းသောအခါ အရင်နှစ်များကဆို ဟိုဟာကျန် ဒီဟာကျန် ကျန်နေ၍ ပြန်သိမ်းရ၏။ ပြန်ထားသော်လည်း ပစ္စည်းများ အတိုအရှည်၊ အလုံးအပြား ခွဲခြားခြင်းမရှိဘဲ စုပုံထားခဲ့၍ ပြန်ရွေးကာ နေရာမှန်ပြန်ထားကြရ၏။ ဒီနှစ်တော့ ရှိသမျှပစ္စည်း တစ်ခုမကျန် သပ်သပ်ယပ်ယပ်နှင့် သူ့နေရာနဲ့သူ ပြန်ထားခဲ့၏။ အတွင်းအပြင် ဘယ်အမှိုက်မှ ကျန်မနေအောင် ရှင်းသွားကြ၏။ ကြမ်းများပါ ပြောင်လက်နေအောင် တိုက်ပြီး၊ ကောဇောများပါ ဆေးကြောပေးသွားကြ၏။ တချို့အမှိုက်များဆို သူတို့ကားထဲ ဆန့်သလောက် ထည့်ယူသွားကြသေး၏။

၂၀၁၄-ခု ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဂျပန်ပွဲကြည့်ပရိသတ်က ပွဲပြီးသွားတိုင်း သူတို့အမှိုက် သူတို့ပြန်ရှင်းသွားသဖြင့် ဘောလုံးပင် ရှုံးသော်လည်း အကောင်းဆုံးပွဲကြည့်ပရိသတ်အဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီးကပင် ဂုဏ်ပြုခြင်းခံရ၏။ သူတို့ ရိုးရာယဉ်ကျေးမှုတွင် အများပြည်သူအခမ်းအနားများလုပ်တိုင်း အမှိုက်များကို ပြန်ရှင်းသွားကြသည် ဆို၏။ တချို့ဆို အမှိုက်ပုံးမတွေ့လျှင် အမှိုက်ကို အိမ်အထိယူသွားကြပါသတဲ့။ သူတို့ယဉ်ကျေးမှုက….“ကိုယ့်အမှိုက် ကိုယ်ရှင်း၊ ကိုယ်သုံးသည့်ပစ္စည်း ကိုယ်ပြန်ထား”။  ကျွန်ုပ်တို့လူမျိုး များလဲ ဤယဉ်ကျေးမှုမျိုးကို အတုယူစေချင်ပါသည်။ ဒီတစ်ကြိမ် တော့ ကျွန်ုပ်ဖြစ်စေချင်သည့်ဆန္ဒ ပြည့်ဝသည်ဟုပင် ဆိုနိုင်ပါသည်။ ဘယ်ပစ္စည်းမှ မကျန်ဘဲ အားလုံးပြန်သိမ်းခဲ့ကြ၏။ အမှိုက်များကိုလည်း အားလုံး ပြောင်နေအောင် ရှင်းပေးသွား၏။ ထို့ကြောင့် ယခုနှစ် နွေရာသီဗုဒ္ဓဘာသာသင်တန်း လုပ်အားပေးအဖွဲ့ကို အသန့်ရှင်းဆုံးအသင်းအဖြစ် အကျွန်ုပ်အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဤသင်တန်းကို လုပ်ရခြင်းသည် တာဝန်ကြီးသော်လည်း လူညီသဖြင့် ပျော်ရွှင်၏။ အကျွန်ုပ်ပျော်သလို အမှုဆောင်လူကြီး များလည်း ရွှင်တပျပျနှင့် လုပ်နေကြသည်ကို တွေ့ရ၏။ ချက်ပြုတ်ရေးလုပ်အားပေးများကလည်း သဘောကျသဖြင့် နောက်နှစ်လဲ ပြန်လာကြဦးမည်……တဲ့။ ဒီနှစ် အတန်းပြီးသွားသော ကျောင်းသားလေးများကလည်း နောက်နှစ် လုပ်အား လာပေးဖို့ တခါတည်း စာရင်းပေးသွားကြလေရဲ့…..။ ဒီနှစ် နေရာမရလိုက်သည့် ကျောင်းသားသစ်များကလည်း နောက်နှစ်ကျရင် သူတို့ကို မဖြစ်မနေ နေရာရအောင် လုပ်ပေးပါနော်….ထားပေးပါနော်ဟု သနားစရာ မျက်နှာကလေး များနဲ့ ပြောရှာကြ၏။

အင်း…..ဒီနှစ်အတွက် အချုပ်ဆိုရရင်တော့ အသစ်အသစ်ကလေးတွေကလည်း ဝင်လာမစဲ တဖွဲဖွဲနဲ့ ပါကလား။ ကျောင်းသားဟောင်း လေးတွေကလည်း ဤသင်တန်းကြီးကို ပြစ်မသွားရစ်ဘဲ သူတို့စွမ်းရာလေးတွေနဲ့ လုပ်အားပြန် ပေးဖို့, ကျေးဇူးပြန်ဆပ်ဖို့ တဝဲလည် လည်နဲ့ ပြန်ရောက်လာကြပါကလား…….။ ဒီနှစ် ဤသင်တန်းကြီးမှာ ပါဝင် လုပ်ဆောင်ခဲ့ကြသူများ အားလုံးကို အကျွန်ုပ် မုဒိတာအပြည့်ဖြင့် ပီတိဖြစ်မိပါကြောင်း။