မိုက်ခဲစိန် - ဒေါ်အောင်ဆန်းစုကြည်က အာဆီယံလူကြီးတွေကို ' ရို့' ရမတဲ့လား- မိုက်ခဲစိန်



မိုက်ခဲစိန် - ဒေါ်အောင်ဆန်းစုကြည်က အာဆီယံလူကြီးတွေကို ' ရို့' ရမတဲ့လား
 (မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆


တိုင်းမဂ္ဂဇင်းက ၂၀၁၅ သြဇာကြီးပုဂ္ဂိုလ်တွေ ထုတ်ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ပါတယ်။ သူ့သြဇာကြီးပုံကို အမေရိကန်သမ္မတကြီး အိုဘားမားက ရေးတယ်။ ပူတင်တို့ ဒေါ်နယ်ထရန့်တို့က ဒေါ်စုအကြောင်းရေးရင် ခွေးကိုက်တာထက် နာမိမှာပေါ့ဗျာ။ အခုဟာ အိုဘားမား ရေးတာဆိုတော့ အလေးထား ဂုဏ်ယူရမှာပေါ့။ မဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမျှတမှုကို ရှာဖွေနေတဲ့ သန်း ၅၀ ကျော် မြန်မာပြည်သားတွေ သာမက ကမ္ဘာတလွှားက လူသန်းပေါင်းများစွာအတွက် ဒီမိုကရေစီမျှော်လင့်ချက်ဖြစ်တယ်လို့ လက်ရှိ အာဏာရ ဒီမိုထိပ်သီး သမ္မတကြီးက ရေးသားလိုက်သဗျ။

အဲသလိုမျိုး ဂုဏ်ယူလို့မှ အရှိန်မကုန်သေး တနေ့က ထိုင်းစာနယ်ဇင်းဆရာကြီး မောင်ကာဗီ က ဒေါ်စုအတွက် အာဆီယံမှာ ရှောင်ရန်ဆောင်ရန်များဆိုပြီး ဆောင်းပါးရေးထုတ်လိုက်ပါရော။ သူကတော့ စိုးရိမ်တကြီးနဲ့ ရေးတာပါ။ အာဆီယံခေါင်းဆောင်တွေဟာ ဒေါ်စုဘက်က တသက်လုံး မလိုက်ခဲ့ဘဲ နေ၀င်း၊ စောမောင်၊ သန်းရွှေ၊ သိန်းစိန်တို့ စစ်အုပ်စုခေါင်းဆောင်တွေနောက် ကောက်ကောက်ပါအောင် ဘက်လိုက်ခဲ့ကြတဲ့ အာဏာရှင်သွေး မကင်းကြသူတွေ ဖြစ်သမို့ အာဆီယံဝန်ကြီးတွေတသက်မှာ တခါ မမျှော်လင့်ခဲ့ဖူးကြတဲ့ အာရှတိုက်၏ ဒီမိုကရေစီ မီးရှူးတိုင်နဲ့ အရှင်လတ်လတ် ပွဲတွေ့ကြတော့မှာဆိုတော့ သူတို့တတွေ အိုးနင်း ခွက်နင်းမဖြစ်ရစေဖို့ ဒေါ်စုက သဘောထားကြီးပေးဖို့ ရေးရှာတာပါ။ သူရေးလိုက်မှပဲ ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့တာ အာဆီယံက အာဏာပိုင်တွေ တအုပ်တမကြီးပါကလားလို့ သံဝေဂ ယူရမလို ဖြစ်နေတော့တယ်။

သူရေးတဲ့ ဒေါ်စုအတွက် ဆောင်ရန်ရှောင်ရန်တွေကလည်း အလှူပွဲ ထမင်းတက်စားမယ့် ကလေးသူငယ်လေးကို လူကြီးတွေက 'ဟဲ့ ... ဟင်းချိုသောက်ရင် ရှုးရှူ မလုပ်နဲ့နော်၊ လက်ဆေးပြီးမှ စားနော်၊ ညာဖက်က ဇွန်း၊ ဘယ်ဘက်က ခရင်း" လို့ တတွတ်တွတ် မှာနေတဲ့ အဆင့်အတန်းမျိုးဖြစ်နေတော့ ရေးပုံက ဒေါ်စုခင်မျာ အာဆီယံလူကြီးတွေနဲ့ တွေ့ဖို့အရေး ကျောင်းပထမဆုံးနေ့တက်ရတဲ့ကျောင်းသူကလေးလို ဆရာမအတွက် အချဉ်ထုပ်တို့ ပန်းတို့ လက်ဆောင်ပေး ထိုင်ကန်တော့ပြီးမှ ဖိနပ်ပါ ချွတ်ဝင်ရတော့မလို ဖြစ်နေတာ့တာပဲ။

နံပါတ်တစ်က ဒေါ်စုက နှိမ့်ချတတ်ဖို့လိုသတဲ့ဗျာ။ ဒေါ်စု နှိမ့်ချချက်ကတော့ သမ္မတကြီး ဖြစ်နိုင်ရဲ့ သားနဲ့ သမ္မတမလုပ်ဘဲ ၂၀၀၈ အခြေခံဥပဒေ ကံစီမံရာကို လိုက်နာပြတာနဲ့တင် သဘောပေါက် သင့်နေပါပြီ။

နံပါတ်နှစ်ကတော့ အာဆီယံဝန်ကြီးတွေက တရားမ၀င်တွေ့ဆုံညှိနှိုင်းပြီးမှ နောက်နေ့ ထုတ်ပြော တတ်ပါသတဲ့။ အောင်မယ်လေးဗျာ ... မြန်မာစစ်အုပ်စုနဲ့ အကြိမ်ကြိမ် တရားမ၀င်တွေ့ပြီး အကြိမ် ကြိမ် သည်းခံ ရင်ကြားစေ့ခဲ့သူ ခေါင်းဆောင်ကိုများ သွား ပြောစရာလားလို့။

နံပါတ် သုံးကတော့ အာဆီယံတွေဟာ အားလုံးသဘောတူညီကြသည်အထိ အချိန်ယူ ဆွေးနွေးကြတတ်သဖြင့် ဒေါ်စုက စိတ်ရှည်ဖို့ လိုသတဲ့။ ကြံကြံဖန်ဖန်ဗျာ။ မြန်မာပြည်မှာ စစ်အုပ်စုတွေဟာ သူတို့သဘောတူတာတွေချည်း လုပ်ချင်ရာလုပ်နေကြတာကို ဒေါ်စုတယောက်ဟာ စိတ်ရှည်စွာ စောင့်ပြီး အချိန်ယူဆောင်နိုင်ခဲ့တာ မသိတာကြနေတာပဲ။

နံပါတ် ၅ က ဒေါ်စုက ဘုန်းအလွန်ကြီးသဖြင့် အာဆီယံတွေက မ၀ံ့မရဲဖြစ်နေတာကို လိုက်လျော ပေးရမတဲ့။ ဒေါ်စုက ကလင်တန်လက်ထက်တုန်းက ၀န်ကြီး အောဘရိုက်လို သီချင်းဆိုပြရမလား၊ စိန်ခြူးကြာညောင် ကပြ ဖျော်ဖြေပေးရမှာလားလို့ ပြန်မေးချင်စရာပါကလား။

ကဲ ... တော်ပါပြီ၊ နံပါတ် ၆ ကနေ ၁၀ အထိက ဆောင်ရန် ရှောင်ရန်တွေ အသေးစိတ် ပြောမနေ တော့ပါဘူး။ စာဖတ်ရမယ်တို့၊ အဝေဖန်ခံနိုင်ရမယ်တို့၊ ဓာတ်ပုံရိုက်ရင် အလယ်မှာ သွားမရပ်ပါနဲ့ တို့၊ လက်ချင်းယှက်ပြီး ဓာတ်ပုံရိုက်ရင်လည်း ရှိုးတိုးရှန့်တန့် ဖြစ်စရာ မလိုပါတို့ ပြောနေလိုက်တာ များ ... ရှေးရိုးစွဲ အဘိုးကြီးက သူ့မြေးမကလေး ပါတီပွဲသွားမှာ နောက်က မိတ်ကပ်ဗူး လိုက်ပေးနေ သလို မျက်စိထဲ ကန့်လန့် ဖြစ်လိုက်ပါဘိတော့ ဗျာ။

တကယ်တန်း အာဆီယံက အာဏာရှင်တွေနဲ့ လက်ရှိအစိုးရတွေ သဘောပေါက်ထားကြ တာကတော့ ၂၀၁၅ မြန်မာဒီမိုကရေစီလှိုင်း၊ ဒါမှမဟုတ် ဒေါ်စုနဲ့ မြန်မာပြည် ပြောင်းလဲချိန်တန်ပြီ ဂယက်ကြီးဟာ သူတို့ကို အရင်ဆုံး တိုက်ခိုက် သက်ရောက်တော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့တွေကိုယ်တိုင်သာမက အုပ်ချုပ်ခံ ဖိနှိပ်ခံ ပြည်သူလူထုတွေဟာ စိတ်ဓာတ်အင်အား မျှော်လင့်ချက်အင်အားတွေ တိုးမြင့် တက်ကြွလာကြလို့ သူတို့နိုင်ငံအသီးသီးရဲ့ ကောင်းမွန်သော အပြောင်းအလဲကို တွန်းထိုး တောင်းဆိုကြတော့မယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရုတ်က ဒေါ်စုအစိုးရသစ်ဆီ အမြန်လာရောက် ဂုဏ်ပြုခဲ့တာပါ။ ဂျပန်ကလည်း အပြေးအလွှား ရောက်လာခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေကသာ လှည်းအိုကြီးတွေလို တအီအီ မြည်သံပေးပြီး ဟိုလိုလို ဒီလိုလို ဖြစ်နေဆဲပါ။ အပြောင်းအလဲကို တောင်းဆိုနေတဲ့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ပြည်သူတွေဟာ ဒေါ်စုနဲ့ မြန်မာပြည် ပြောင်းလဲချိန်တန်ပြီး ဂယက်ကြီးက လှိုင်းကိုစီးဖို့ တက်ကြွနေကြလို့ ဆိုပါတယ်။ အာဆီယံက ပြည်သူတွေဟာလည်း" ဒေါ်စု ဒေါ်စု ... အမေစု .." လို့ မကြွေးကြော်ရုံ တမယ်လို့ ပြောချင်ပါတယ်။

၁၉၈၈ အရေးတော်ပုံဂယက်နောက်မှာ တကမ္ဘာလုံးက အာဏာရှင်တွေ ပြောင်းလဲခဲ့ကြတယ်။ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံ ဂယက်နောက်မှာလည်း နွေဦးလှုပ်ရှားမှုတွေ နောက်တွဲ လိုက်ပါခဲ့ကြပါတယ်။ အခု ၂၀၁၅ မြန်မာပြည်ပြောင်းလဲချိန်တန်ပြီ ဂယက်လှိုင်းကြီးဟာလည်း အာဏာရှင်တွေ အတိုက်အခံတွေ ပြည်သူလူထုတွေ အားလုံးဆီ တဖြေးဖြေး တဆင့်ပြီး တဆင့် ဂယက်ရိုက် တိုက်ခတ်တော့မှာ သေချာနေပါပြီ ခင်ဗျား။

ဒါကြောင့် အိုဘားမားက ဒေါ်စုဟာ ကမ္ဘာ့လူသားအားလုံးအတွက် ဒီမိုကရေစီမျှော်လင့်ချက်လို့ ချီးမွန်းခန်းဖွင့် ဂုဏ်ပြုရေးသားလိုက်တာပါ။ ယိုးဒယား စာနယ်ဇင်းသမားကြီးပြောသလို ဒေါ်စုအတွက် ဆောင်ရန် ရှောင်ရန်ဆိုတာထက် ဒေါ်စုနဲ့ မြန်မာပြည်သူတွေကို ကြည့်ပြီး အပြင်က သူတွေကသာ ဆောင်ရန် ရှောင်ရန်တွေ ထုတ် သင်ခန်းစာယူ ပြင်ဆင်ကြချိန်တန်ပြီဟု ဆိုလိုက်ချင် ကြောင်းပါခင်ဗျား။