နိုင်ငံတကာသာဂိ - လူပြိန်းကြိုက် အမေရိကန်နိုင်ငံရေး၊ ဒေါ်နယ်ထရန့်နဲ့ ဘာနီဆင်းဒါး


နိုင်ငံတကာသာဂိ - လူပြိန်းကြိုက် အမေရိကန်နိုင်ငံရေး၊ ဒေါ်နယ်ထရန့်နဲ့ ဘာနီဆင်းဒါး

(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၆

အမေရိကန်ရဲ့ အချိန်ဖြုန်းနည်းတွေက အများသား၊ အမေရိကန်ဘောလုံး၊ ဘေ့စ်ဘော၊ တီဗီစီးရီးများနဲ့ အပန်းဖြေခရီးသွားခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တမျိုးကတော့ အမေရိကန် ရွေးကောက်ပွဲဖြစ်ပါတယ်။ အမေရိကန်တွေဟာ ရွေးကောက်ပွဲရာသီမှာ အကြိုရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံး လှည့်လှယ်ခြင်း၊ လူထုတရားပွဲများ ကျင်းပခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ စကားနိုင်လု ပြောဆိုခြင်းတို့တွေကို ဖောဖောသီသီ ပျော်ရွှင်စွာ ဆင်နွဲကြ၊ ဆဲရေးတိုင်းထွာကြ၊ အော်ဟစ်ဆူညံ အားပေးကြပါတယ်။ တကယ်တမ်း ရွေးကောက်ပွဲအစစ်ကြီး ကျင်းပချိန်ကြတော့ ပမ်းကုန်ကြပြီး မဲပေးသူဦးရေက မဲဆွယ်ပွဲလောက်တောင်မှ မရှိတော့ဘူး ဆိုကြတယ်။ အမေရိကန်တွေဟာ ရွေးကောက်ပွဲအကြိုရာသီတွေမှာ အချိန်ဖြုန်းလိုက်ကြသမှ စာနယ်ဇင်း ရုပ်မြင်သံကြားတွေမှာ ကြော်ငြာတွေ၊ အစီအစဉ်တွေ၊ ဆွေးနွေးတာတွေနဲ့ ပြည့်လျံလို့ နေကြတာပဲ။

သည်တခေါက် ၂၀၁၆ သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲကြီးကလည်း ပွက်ပွက်ညံနေတာပါပဲ။ အမေရိကန်တွေအတွက် ရွေးကောက်ပွဲဆိုတာ အပျင်းပြေ အပျော်ရှာ စိတ်အဆာပြေတဲ့ အချိန်ဖြုန်းနည်းလို့ ဆိုရတာက အဲသည်ရာသီမှာ လူပြိန်းကြိုက်တဲ့ အရေးကိစ္စတွေဟာ အားလုံးရဲ့ ရှေ့တန်းကို ရောက်ရှိလာလို့ မြန်မာတွေရဲ့သင်္ကြန်ပွဲတွေမှာ အပျော်ရှာကြသလို လူပြိန်းကြိုက်ပေါ်ပြူလာကိစ္စတွေ ရင်ဖွင့် ထုတ်ဖော် စည်းရုံး ပုတ်ခပ် အကုန်လုပ်လို့ရတာကိုးဗျာ။

အမေရိကန်က လူပြိန်းကြိုက်ကိစ္စတွေ ဟောပြောလှုံဆော်ပြီး တက်လာကြတာကတော့ အခုစင်မြင့်ပေါ်က သေဌေးကြီး ဒေါ်နယ်ထရန့်နဲ့ ပြည်နယ်အထက်လွှတ်တော်အမတ် ဘာနီဆင်းဒါးတို့ ဖြစ်ပါတယ်။ လက်ယာစွန်း အရင်းရှင် ဓနရှင်ကြီး ဒေါ်နယ်ထရန့်က ရှေးရိုးစွဲတွေ၊ ပညာနည်း လူဖြူ အလုပ်သမားတွေ၊ ငွေရှင်တွေ သည်းခြေကြိုက်တဲ့ အမျိုး၊ ဘာသာ၊ အတ္တကိစ္စတွေ ရှေ့တန်းတင်ပြီး မဲဆွယ်ခဲ့ပါတယ်။ တိုင်းတပါးက ပြောင်းရွှေ့အခြေချဖို့ လာသူတွေကို မောင်းထုတ်မယ်၊ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့် ပိတ်မယ်၊ တရုတ်နဲ့ ပြည်ပစီးပွားကြီး နိုင်ငံတွေကို အကြပ်ကိုင်မယ်၊ စစ်ရေးနဲ့ ကမ္ဘာကြီးကို ချယ်လှယ်မယ်၊ မိန်းမတွေ၊ လိင်တူချစ်သူတွေကို အနိုင်ကျင့်မယ်၊ ကိုယ်နဲ့မတူ ကိုယ့်ရန်သူပဲ အပြုတ်တိုက်ပစ် စတဲ့ ကြွေးကြော် လှုံ့ဆော်ပြီး နိုင်ငံရေးကို ကလေးကစားသလို ဘလွတ်ရွှတ်တတွေ ပြောတော့တာပါပဲ။ ကြိုက်တဲ့သူတွေကလည်း ကြိုက်လိုက်သမှ လူးလှိမ့်နေကြတာပဲဗျား။ တဖက်က လက်ဝဲစွန်း ဆိုရှယ်လစ်ဝါဒီ နိုင်ငံရေးသမား အထက်လွှတ်တော်အမတ် ဘာနီဆင်းဒါးကလည်း လူငယ်ပညာတတ် စိတ်ကူးယဉ်သူတွေ တက်ကြွလှုပ်ရှားသူတွေ အကြိုက် လောကနိဗ္ဗာန်နိုင်ငံတော် အိပ်မက်ကြီး ထူထောင်တော့မလို မစားရ ၀ခမန်းတွေ ပြောဆိုဟောပြောတော့တာပါပဲဗျား။ ဘဏ်နဲ့ လုပ်ငန်းရှင်ကြီးတွေကို ထိန်းကြောင်းဖို့၊ ခြစား နိုင်ငံရေးသမားတွေကို ဆေးကြောဖို့၊ လူသားအားလုံး သာတူညီမျှကြဖို့၊ နိုင်ငံတွေ နယ်နမိတ်တွေ အစည်းအတားတွေ ဖယ်ရှားပြီး ငြိမ်းချမ်းရေး သာယာရေးတွေ ပလူပျံအောင် ဟောတော့တာကိုး။

လူပြိန်းကြိုက်နိုင်ငံရေးဆိုတာ ယဉ်ယဉ်လေး ပြောရရင်တော့ ပေါ်ပြူလာနိုင်ငံရေးလမ်းစဉ်ပေါ့ဗျာ။ အိုဘားမားလက်ထက်တုန်းကလည်း သည်လိုပဲ ဟောပြော စည်းရုံးခဲ့တာပါပဲ။ အဲသည်တုန်းက တပါတီတွင်း ပြိုင်ဖက်က ဟီလာရီကလင်တန်ပါ။ စိတ်ကူးယဉ်ဟာ လက်တွေ့ထဲ ရောက်လာတော့ ထင်တိုင်း မပေါက် မှန်းတိုင်း မဖြစ်ဘူး ကိုရင်ရေ လို့ ဆိုရမှာပေါ့။ အိုဘားမားဟာ ကလင်တန်ကို နိုင်ငံခြားရေး ၀န်ကြီးခန့် အကူအညီယူရတော့တာပါပဲ။ အခု ဘာနီဆင်းဒါးပြောသလို တလောကလုံး ကျန်းမာရေး အစိုးရက စောင့်ရှောက်ပေးမယ်လို့ အိုဘားမားကပြောခဲ့သော်လည်း တကယ်တန်းကျတော့ ကျန်းမာရေးအာမခံကုမ္မဏီကြီးတွေနဲ့ အလိုက်အထိုက် စရိတ်မျှပေး ကျန်းမာရေးစနစ်အဖြစ် ပြောင်းလဲမှု လုပ်ရပါတယ်။ ဒါတောင် လက်ယာစွဲ ရီပတ်ဘလစ်ကန်တွေက ခုထိ ဒါကို ဖြုတ်သိမ်းပစ်မယ် တကဲကဲ လုပ်နေတုန်းပါပဲ။

လူပြိန်းကြိုက်နိုင်ငံရေး အားကောင်းတဲ့အခါ အစွန်းရောက်သူတွေ အသံက ကျယ်လောင်လာပြီးတော့ အလယ်အလတ် ညှိညှိနှိုင်းနှိုင်း ၂ ဖက်စလုံး ချိန်ခွင်ညှာထိန်း နိုင်ငံရေးစနစ် လူမှုလူ့ဘောင်ဟာ နောက်တန်းကို ရောက်သွားရတယ်လို့ ဆိုရမလိုပါ။ တဖက်ကပြောသလို တရုတ်တွေကို ချေမှုန်းကြ အော်နေသော်လည်း တရုတ်ရင်းနှီးမြုတ်နှံမှုတွေနဲ့ အမေရိကန်က အသက်ဆက်နေရတာပါပဲ။ တိုင်းတပါးက တရားမ၀င်တွေကို မောင်းထုတ်ကြဆိုနေပေမယ့် တရားမ၀င်လုပ်သားတွေနဲ့ အမေရိကန်လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်မြဲ စုတ်နေကြတာပါ။ လုပ်ခလစာ တိုးတောင်းနေသောလည်း အဖိုးချိုသာတဲ့ ထုတ်ကုန်တွေကျတော့ အမေရိကန်မှာ မရလို့ အပြင်က သွင်းနေရပါသကောဗျာ။

လက်ယာစွဲ ရီပတ်ဘလစ်ကန်ပါတီနဲ့ လက်ဝဲစွဲ ဒီမိုကရက်ပါတီတို့ဟာ သူတို့ အာဏာတည်တန့်ခိုင်မြဲရေး သူတို့ ပါတီမူဝါဒများ အားကောင်းရေး သူတို့စိတ်တိုင်းကျ ချယ်လှယ်နိုင်ရေးအတွက် လူပြိန်းကြိုက်ကိစ္စတွေနဲ့ လူတွေကို စည်းရုံးပြီး နိုင်ငံရေးလုပ်ကြတာဟာ သဘာဝပါ။ သို့သော်လည်း လူပြိန်းကြိုက်တွေ အော်ရင်း ကိုယ်တိုင်လည်း ကိုယ့်လူပြိန်းတွေ ထိန်းမရတော့ နိုင်ငံရေးဖြစ်စဉ်ကြီးလည်ပတ်မှုမှာ ဒလိမ့်ကောက်ကွေး ဖြစ်ရတာတွေလည်း သင်ခန်းစာ ယူသင့်ကြောင်းပါ။

အိုဘားမားတက်လာတော့ အတိုက်အခံရီပတ်ဘလစ်ကန်တွေဟာ တီးပါတီလို့ ခေါ်တဲ့ လက်ယာအစွန်းရောက် လူအုပ်စုတွေကို အားပေးပြီး ကန့်လန့်တိုက်ခဲ့တော့ အခု သူတို့ပါတီထဲမှာ လူပြိန်းတွေ မင်းမူနေတော့ ဒေါ်နယ်ထရန့်လို သောင်းကျန်းသူတဦးကို မမြိုနိုင် မထွေးနိုင် ဖြစ်နေရတာပေါ့ ခင်ဗျာ။ ဒီမိုကရက်တွေဘက်ကဘည်း စိတ်ကူးယဉ်လောကနိဗ္ဗာန်ဝါဒကို မြှောက်ပေးမိတာကြောင့် Occupy လို့ခေါ်တဲ့ လမ်းပေါ်သိမ်း ပိတ်ဆို့သပိတ်တွေ ပေါ်ခဲ့ပြီး တက်ကြွသူ လူငယ်တွေဟာ ရွေးကောက်ပွဲနဲ့ မဲစနစ်ကို ကျောခိုင်းကြလို့ အကျိုးနည်းမလို ဖြစ်ခဲ့ကြ မဟုတ်လား။

လူပြိန်းကြိုက်တာတွေ မကောင်းဘူးလို့ မဆိုလိုပေါင်။ လူပြိန်းကြိုက်မှတော့ တခုခုတော့ အားသာလို့ ကောင်းလို့ နေမှာပေါ့ဗျာ။ သို့သော် လက်ရှိလည်ပတ်နေတဲ့ နိုင်ငံရေး လူမှုရေး စနစ် သမိုင်းဘီးလည်ပတ်မှုကြီးထဲမှာ စိတ်ကူးချည်းပဲ ယဉ်နေကြလည်း မကောင်း၊ စိတ်ကူးတွေ ရိုင်းကုန်ကြရင်လည်း မနိပ်သေးဘူးလို့ တိုင်းထွာ ဝေဖန် စဉ်းစား ဆင်ခြင်သင့်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} <![endif]-->