ဆောင်းယွန်းလ - မေမေ့ကောင်းကင်မှာ မိုးတွေရွာနေပြီ ဖေဖေ

 
ဆောင်းယွန်းလ - မေမေ့ကောင်းကင်မှာ မိုးတွေရွာနေပြီ ဖေဖေ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆

မိုးရွာလို့ ထီးမဆောင်းတတ်သူနဲ့
အမှောင်ခေတ်ကိုစီးရင်း ကြီးပြင်းခဲ့သူဟာ
ကျနော်ပါ ဖေဖေ…

ဖေဖေဆောက်ခဲ့တဲ့ ကမ္ဘာဟာ
ဖေဖေ့ ကမ္ဘာပေါ့
ကျနော်ကိုယ်တိုင်ကတော့
မနေတတ် မထိုင်တတ်ခဲ့သူကြီး…

ဒါပေမယ့်
ကျနော့် ဘာသာဗေဒနဲ့ ကျနော်
ကျနော့် ကမ္ဘာမှာ နေပျော်ခဲ့ပါတယ် ဖေဖေ…

ကြယ်ကြွေချိန် ဆုမတောင်းတတ်သူနဲ့
လမိုက်ညကိုကျောပိုးရင်း တောတိုးခဲ့သူဟာ
ကျနော်ပါ ဖေဖေ….

ဖေဖေရေးဖွဲ့ခဲ့တဲ့ ကဗျာဟာ
ဖေဖေ့ ကဗျာပေါ့
ကျနော်ကိုယ်တိုင်ကတော့
ကာရံချိုချိုတွေနဲ့
ပူနွေးစွတ်စိုတဲ့ ကဗျာဆာဟာရကို ငတ်မွတ်ခဲ့သူကြီး…

ဒါပေမယ့်
ကျနော့် ဘာသာဗေဒနဲ့ ကျနော်
မုန်တိုင်းထဲလည်း ပျော်ခဲ့ပါတယ် ဖေဖေ…

အခုထိ
ကျနော်ရှာဖွေနေဆဲအရာဟာ
ကျနော်နဲ့ ဖေဖေ့ကြား ခြားထားတဲ့အရာတခုကိုပါပဲ…

ဒီအချိန်ဆို
မေမေ့ ကောင်းကင်မှာ
မိုးကောင်းတိုင်း မိုးတွေရွာနေလောက်ပြီ ဖေဖေ….။

ဆောင်းယွန်းလ (ဧပရယ် ၂၆၊ ၂၀၁၆)