ဆောင်းယွန်းလ - နောက်ဆုံးပေါ်ရောဂါ


 ဆောင်းယွန်းလ - နောက်ဆုံးပေါ်ရောဂါ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

လေနီကြမ်းကြမ်းတွေနဲ့
လေကြမ်းနီနီတွေ
အရာခပ်သိမ်း ငြိမ်သက်ငြိမ်းအေးသွားတဲ့အခါ
ခြုံကြားမှာကွယ်ထားတဲ့ စိတ်တချို့နဲ့
အရိပ်ကောင်းကောင်းရဖို့အတွက်
ခန္ဒာကိုယ်တခုလုံးကို ဘုံဖျားအရောက်ဆွဲတင်ကြ
အဘိဓမ္မာအတုနဲ့ ကိုယ်ပိုင်မှုပြုခဲ့တဲ့ ဇာတ်ညွှန်းမှာ
ရှုံးခန်း တခန်းမှမပါခဲ့ကြဘူး
ဇာတ်နာတဲ့အရှိန်မြင့်ရင်
အသင့်ဖွင့်ထားတဲ့ ဟင်းလင်းပြင်ထဲ ချော်လဲ ရောထိုင်လိုက်ကြရုံ
ကြုံတုန်းကြုံခိုက်မှာ
လေကောင်းလေသန့်ရှုဖို့ နေရာယူမယ်
လမ်းပေါ်မှာ ပန်းတွေပွင့်တဲ့အခါနဲ့
ကောင်းကင်ထက် ကြယ်တွေစုံတဲ့အခိုက်
အားလုံးဟာ
ငါပျိုးပြီး စိုက်ခဲ့တဲ့ပန်းတွေနဲ့ ငါခူးပြီး သီခဲ့တဲ့ကြယ်တွေ
နေမသာခင်တုန်းက
နေသာသလို နေနိုင်ခဲ့တဲ့ စိတ်နဲ့
နေသာတဲ့အခိုက်
သာသာယာယာနေနိုင်တဲ့ စိတ်ဟာ တစိတ်တ၀မ်းတည်းပဲ
မိန်းမတယောက်ရဲ့အရိပ်အောက်မှာထိုင်ရင်း
ရေကြည်ခပ်သောက်နေတာက
အမည်မပေးရသေးတဲ့ နောက်ဆုံးပေါ်ဝါဒတမျိုးပဲ
အဲဒီဝါဒနဲ့ တိုက်ရင်းမိမယ့် မှိုင်းဟာ…

နောက်ဆုံးပေါ်ရောဂါ။

ဆောင်းယွန်းလ (ဧပရယ် ၁၃ရက်၊ ၂၀၁၆)