မောင်လူရေး - ပြောင်းလဲချိန် တန်ပြီ


မောင်လူရေး - ပြောင်းလဲချိန် တန်ပြီ
(မိုးမခ) ဇွန် ၅၊ ၂၀၁၆

ဘယ်ဟာ မတည်မြဲ ဖောက်လွဲဖောက်ပြန် အကြောင်းကံ ကမ္မသကာ.....
အော် ကွမ်းယာသည်လေးများခမျာ မြန်မာ့ကျက်သရေကို တုံးစေသူများအဖြစ် ပြောင်းသွားကြပါပကော။
အပြောင်းအလဲဟူသော သင်္ခါရသဘောနှင့်အညီ တချိန်က မြန်မာ့ဧည့်ခန်းဆောင်တွင် အရောင်လက်ခဲ့သောကွမ်းသည် အကြောင်ကွက်စွန်းချေပြီ။ ခရိုအနီကဲ့သို့ ကွမ်းသွေးအနီသည် ပြည့်ဂုဏ်မဆောင်နိုင်ချေတကား။

အစိုးရသစ်၏ လက်ရှိဆောင်ရွက်နေပုံတွေကို ထောက်ရှုကြည့်လျှင် ကွမ်းစိုက်တောင်သူတွေ ဘလောင်ဆူဝေတော့မည်။ ကွမ်းသီးညှပ်သူတွေ မွန်းပြီးကြပ်တော့မည်။ ကွမ်းခူးသူတွေ ကွမ်းပွဲစားတွေ ကွမ်းဒိုင်တွေ ကွမ်းယာသည်လေးတွေ ဆေးနှပ်သူတွေ ထုံးဖောက်သူတွေ သူတို့ကို မှီခိုနေသူတွေ သူတို့ကို အကြောင်းပြုနေသူတွေ ရပ်သွားမည့်သူတွေ ညှပ်သွားမည့်သူတွေ ငတ်သွားမည့်သူတွေ များစွာရှိသည်။ ထို့ပြင် အပြတ်အသတ်နှင့် သေမည့်သူတွေလည်း များစွာရှိသေးသည်။ နဂိုကမှ အလွန်အိပ်ချင်စရာကောင်းလွန်းလှသည့် အမြန်လမ်းတွင် ကွမ်းစားနေကြ ကားသမားများ ကွမ်းမစားရလျှင် အိပ်ငိုက်၍ ကားမှောက်ရန်အခြေအနေက 9လောက် ရှိနေပေသည်။

ယေဘုယျအားဖြင့် ကွမ်းစားခြင်းသည် မကောင်းပါ။ သို့အတွက် လူတိုင်း မစားပါ။ မစားသင့်ဘူးဟု ပြောခွင့်ရှိပေမင့် မစားရပါဟု အမိန့်ထုတ်ရမည့်အရာတော့ မဟုတ်ချေ။ ကွမ်းယာဆိုင်တွေ ပိတ်ရမည်ဟု အမိန့်ချရမည့်အထိတော့ မဟုတ်ချေ။ ကွမ်းပင်တွေခုတ်၊ ကွမ်းအစား အခြားသီးနှံစိုက်ဟု အမိန့်ပြန်၍လည်း မဖြစ်ချေ။ စားမည်ဆိုလျှင် ကွမ်းသွေးကို တွေ့ကရာမထွေးရစသည်ဖြင့် ကန့်သတ်သင့်သည်။

ယေဘုယျအားဖြင့် အရက်သောက်ခြင်းသည် မကောင်းပါ။ သို့အတွက် လူတိုင်း မသောက်ပါ။ မသောက်သင့်ဘူးဟု ပြောခွင့်ရှိပေမင့် မသောက်ရပါဟု အမိန့်ထုတ်ရမည့်အရာတော့ မဟုတ်ချေ။ အရက်ဆိုင်တွေ ပိတ်ရမည်ဟု အမိန့်ချရမည့်အထိတော့ မဟုတ်ချေ။ အရက်ချက်စက်ရုံတွေဖျက်၊ အရက်အစား တခြားအရည်ထုတ်ဟု အမိန့်ပြန်၍လည်း မဖြစ်ချေ။ သောက်မည်ဆိုလျှင် ကားမမောင်းရစသည်ဖြင့် ကန့်သတ်သင့်သည်။

ယေဘုယျအားဖြင့် ဆေးလိပ်သောက်ခြင်းသည် မကောင်းပါ။ သို့အတွက် လူတိုင်း မသောက်ပါ။ မသောက်သင့်ဘူးဟု ပြောခွင့်ရှိပေမင့် မသောက်ရပါဟု အမိန့်ထုတ်ရမည့်အရာတော့ မဟုတ်ချေ။ ဆေးလိပ်ဆိုင်တွေ ပိတ်ရမည်ဟု အမိန့်ချရမည့်အထိတော့ မဟုတ်ချေ။ ဆေးလိပ်ခုံတွေ၊ စီးကရက်စက်ရုံတွေဖျက်၊ ဆေးလိပ်အစား ဆူရှီလိပ်၊ ချောကလက်လိပ်ဟု အမိန့်ပြန်၍လည်း မဖြစ်ချေ။ သောက်မည်ဆိုလျှင် အများနားနေခန်းမှာ မသောက်ရစသည်ဖြင့် ကန့်သတ်သင့်သည်။

ယေဘုယျအားဖြင့် မူးယစ်ဆေးဝါးသုံးခြင်းသည် မကောင်းပါ။ သို့အတွက် လူတိုင်း မသုံးပါ။ သူ့ကျတော့ မသုံးရဟု အမိန့်ထုတ်ရသည်မှာ စိတ်ကို ပြောင်းလဲစေတတ်သောကြောင့် ဖြစ်ပါသည်။ ဒါတောင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုသော နိုင်ငံတွေ ရှိပါသည်။ ယနေ့ထိ မြန်မာတင်မက ကမ္ဘာမှာပါ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးစေမှု မအောင်မြင်သေးပါ။

ယေဘုယျအားဖြင့် ကားစီးခြင်းသည် မကောင်းပါ။ သို့အတွက် လူတိုင်း မစီးပါ။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတချို့ (နီးလျှင်) မစီးကြပါ။ မစီးသင့်ဘူးဟု ပြောခွင့်ရှိပေမင့် မစီးရပါဟု အမိန့်ထုတ်ရမည့်အရာတော့ မဟုတ်ချေ။ ကားအရောင်းဆိုင်တွေ ပိတ်ရမည်ဟု အမိန့်ချရမည့်အထိတော့ မဟုတ်ချေ။ ကားဝပ်ရှော့တွေပိတ်၊ ကားစက်ရုံတွေပိတ်၊ ဆီဆိုင်တွေပိတ်၊ ကားအစား စက်ဘီးတွေသွင်း၊ စက်ဆီအစား စားဆီတွေသွင်းဟု အမိန့်ပြန်၍လည်း မဖြစ်ချေ။ ကားစီးမည်ဆိုလျှင် ဝတ်သောက်မစီးရစသည်ဖြင့် ကန့်သတ်သင့်သည်။

စည်ပင်ပိုင်မြေပေါ်တွင် ဖွင့်ထားသည့်ကွမ်းယာဆိုင်များ ပိတ်ခိုင်းမည်ဆိုလျှင်ကို အခြားစီးပွားရှာနေသူများကိုရော ပိတ်ခိုင်းမည်လား မေးစရာရှိသည်။ သို့မဟုတ် အခြားနေရာများမှာလည်း ကွမ်းယာဆိုင်မထွက်ရ တားမြစ်မည်ဆိုလျှင် ကွမ်းယာလုပ်ငန်းသည် ဥပဒေနှင့် မည်သို့မည်ပုံမညီကြောင်း ပြရပါမည်။ အနိုင်အထက် ပြုကျင့်လို့ဖြင့် မသင့်ပေ။ ယင်းသို့ ဥပဒေကြောင်းအပြင် အခွန်ရှောင် မြေသိမ်း ဘဏ္ဍာခိုး သစ်ခုတ် ကျောက်တူး ဘိန်းရောင်း စသည့် ခရိုနီ ခရိုနက်များကို ဘာကြောင်း ညာကြောင်းမှန်းမသိ ထောက်ထားကာ မှောက်မှားခွင့် ပြည်ဖျက်ခွင့်ကို ဆက်လက်ပေးထားနိုင်သေးလျှင် ကွမ်းယာသည်လေးများကို ထောက်ထားစရာ လူမှုရေးကြောင်းလေးများလည်း ရှိပါသေးသည်။

ရွေးကောက်ပွဲနီးကာလကို ပြန်မျှော်ကြည့်ပါ။ သူတို့ခမျာ မရှိရေ ရှိရေနှင့် စတစ်ကာတွေ ဝယ်ကပ်ကြ၊ ခေါင်းစီးတွေ ဝယ်စည်းကျ၊ လက်ပတ်တွေ ဝယ်ပတ်ကျ၊ အင်္ကျိတွေ ဝယ်ဝတ်ကြ။ ပီးတော့ မဲပေး မှားမှာမို့ဆိုပြီး တံဆိပ်တုံးတွေ စာရွက်တွေဝယ် ကွမ်းယာဆိုင်လာသမျှကို ကွမ်းတည်ပြီး တံဆိပ်နှိပ်သင်ကြ စသဖြင့်ပေါ့လေ၊ ထောက်မယ်ဆို ထောက်ထားစရာ လူမှုရေးရာတွ များစွာ ရှိချေသည်။

နောင် ထောက်ထားစရာ နိုင်ငံရေးအကြောင်းအချက်ကြီးလည်း ရှိသေးသည်။ ရွေးကောက်ပွဲကယလ ပါတီ၏မူဝါဒများ ဟောကြပြောကြသည်တွင် ကျွန်တော် ကျွန်မတို့ ပါတီ အစိုးရဖွဲ့နိုင်လျှင် တနိုင်ငံလုံး ကွမ်းနှင့်စပ်သမျှ ကွမ်းဆိုသော ဝေါဟာရပါမကျန် အဘိဓာန်ပါ နှုတ်သိမ်း၍ အသစ်ရိုက်မည်အကြောင်း မဟာခဲ့ မပြောခဲ့ မကြေညာခဲ့ခြင်းပင်။

တကယ်တော့ ကွမ်းစားခြင်း ဆေးသောက်ခြင်းစသည့်အရာတို့သည် သူတပါးကို မထိခိုက်စေသင့်သည့် တဦးချင်းကိစ္စများသာဟု ထင်မြင်မိပါကြောင်း၊ တဦးစီ၏ အမူအကျင့်များသာ ဖြစ်ပါကြောင်းနှင့် အများသူငါ၏ စားဝတ်နေမှုကို မထုချေသင့်ကြောင်းပါခမျာ။

မောင်လူရေး