ဇာနီကြီး - တပ်မတော်သားများ၏ထောက်ခံမှုရရှိရေး



ဇာနီကြီး - တပ်မတော်သားများ၏ထောက်ခံမှုရရှိရေး
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၆

ကျနော့်ညီ စစ်တပ်မှာ၁၀နှစ် စစ်ဗိုလ်အဖြစ်အမှုထမ်းပြီး အမှန်တရားစကားတွေပြောတတ်လွန်းတော့ ရွာပြင်ထုတ်ခံရပါတယ်။ ကရင်ပြည်နယ် မြဝတီစစ်စခန်းက တပ်ရင်းတစ်ခုမှာ စစ်ဗိုလ်အဖြစ် ၁၉၉၀ကျော်ခေတ် မဲသဝေါစစ်ပွဲတွေနဲ့ ကေအင်ဒီအိုဖြိုခွင်းခဲ့စဉ်က စစ်ဗိုလ်အဖြစ်ပါဝင်ခဲ့ပါတယ်။ ထုံးစံအတိုင်း သောက်စားပျော်ပါးတတ်ပြီး ရတဲ့ငွေကြေး ဘေးပေါက်ဝင်ငွေတွေလည်း သောက်စားဖြုန်းတီးပါတယ်။ ၁၀နှစ် တိုင် စစ်မှုထမ်းပြီး သောက်စားမူးရစ် အမိန့်မနာခံခံမှုနဲ့ တပ်မတော် စစ်ခုံရုံးကထုတ်ပယ်ဖို့..သို့သော်လည်း အသနားခံစာနဲ့သူ့ရဲ့ရိုးသားမှု (လူရည်မလည်မှု) ကိုယ်ရေးရာဇဝင်ကြောင့် ဆေးပင်စင်နဲ့ပဲ အနားပေးခံရပါတယ်။ သူ့အပြောကတော့ ကျနော်တို့စစ်တပ်မှာ ကိုယ်အောက်ငယ်သားကို အမိန့်မနာခံရင် ထိုးကြိတ်ဆုံးမ ပါတယ်..တဲ့။ သူကိုယ်တိုင်လည်း သောက်စားမူးရစ်အမှုတွေကြောင့် အထက်အရာရှိရဲ့ထိုးကြိတ်ဆုံးမခြင်းအပြင် သူ့ရဲ့တပ်တွင်းရမ်းကားမှုတွေကြောင့် ထိတ်တုံးခပ်ထားခြင်းတောင် ခံရပါတယ်။ စစ်တပ်ဆိုတာ စည်းကမ်းလိုက်နာမှု (အထက်လူအမိန့်နာခံမှု)က နံပါတ်(၁) ဖြစ်ပါတယ်။

အခု သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက စစ်ဗိုလ်များ သောက်စားရမ်းကားခြင်း၊ လူထုရှေ့စစ်ဝတ်စုံနဲ့အနိုင်ကျင့်ခြင်း၊ မိမိမြို့နယ်များက လယ်မြေ၊ ဥယျာဉ်မြေများကို စစ်ဗိုလ်ဇနီးနာမည်နဲ့ ဧက ၁၀၀၊ ၂၀၀ စသဖြင့် ခွဲတမ်းချပြီး တဆင့်ရောင်းစားခြင်းများ ရပ်သွားပြီဖြစ်ပါတယ်။ အလကားတိုက်တဲ့ အရက်သေစာနဲ့ မူးရစ် အာဏာပြချင်တဲ့ ကျနော်ညီ စစ်ဗိုလ်လိုလူမျိုးကတော့ ကံကောင်းထောက်မလို့ တလ တသိန်းလောက်ရတဲ့ စစ်ဗိုလ်ပင်စင်လေးကြောင့် သူ့မိသားစုခံသာသွားတယ်။ ဒီလိုစစ်ဗိုလ်မျိုးက မြေကွက် ဧက ၁၀၀ ရအောင်လည်း မနေတတ်ဘူး။ စစ်ဗိုလ်ဘဝထွက်လာပြီး အရပ်ထဲမှာလဲ ငါစစ်ဗိုလ်ဟောင်း ဆိုတဲ့ စစ်သွေးကြွစိတ်ဓာတ်နဲ့ အထက်လူကြီးနဲ့အဆင်မပြေတော့ ..လုပ်တဲ့ အလုပ်တိုင်း ပြဿနာချည်း ဖြစ်ရ ပါတယ်။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက်မှာတော့ မလုပ်တတ်တဲ့ စစ်ဗိုလ်ဆိုရင် ဗိုလ်ချုပ်တောင်မှ ခပ်မွဲမွဲဖြစ်နေတယ်။ စီးပွားရေးလုပ်ဖို့လည်း အောက်ပါအရည်အချင်း ရှိသူတွေပဲ ပိုပြီးအဆင်ပြေကြပါတယ်။

စိတ်ပျက်စရာကတော့ သိန်းပေါင်း ထောင်သောင်းမက မြေကွက်၊ လယ်ခြံမြေတွေ ရောင်းစား၊ ပိုင်ဆိုင်ချမ်းသာနေတဲ့စစ်ဗိုလ်ဟောင်းတွေက စစ်တပ်ကောင်းကြောင်း လူရှေ့မှာ မပြောကြပါဘူ။ ကျနော့်ညီလို လူမျိုးတွေပဲ ... ငါတို့တပ်မတော်မှာ ... ငါတို့တပ်မတော်က .. ငါတပ်ထဲနေတုန်းက ... စသဖြင့် ရွှေထီးဆောင်း အာဏာမတောက်တခေါက် ရခဲ့တာလေးကို စမြုန်ပြန်ပြောပြီး ပြောရင်းစစ်သွေးက ကြွလာချင်သေးတယ်။ မိသားစုလည်း အဆင်ပြေအောင် ဇနီးဖြစ်သူက မနည်းသည်းခံပေါင်းသင်းရပါတယ်။

ဆရာအရည်အသွေးမြှင့်တင်ရေး
လူထုအစိုးရ (ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်အယ်ဒီအစိုးရ) ကို လက်ရှိတပ်မတော်ထောက်ခံမှု ရရှိအောင် တပ်မတော်ရဲ့ဆရာတွေ အရည်အသွေးမြှင့်တင်ပေးနေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် "ရိုးသားဖြောင့်မတ်စွာ နေထိုင်ရင်း" စစ်တပ်ထဲက မိန်းမရှုပ်တဲ့ စစ်ဗိုလ်တွေကိုထုတ်ပယ်တဲ့အထိ တဦး၊ နှစ်ဦးကို အရေးယူတော့ လိင်ကိစ္စရှုပ်တာတွေ နည်းပါး လာပါတယ်။ သောက်စားပျော်ပါးမှုတွေလည်း လူထုကြားမှာ နည်းပါးလာပါတယ်။ လစာထောက်ပံကြေးတွေလည်း ပိုမိုပေးထားပါတယ်။

ဒါနဲ့မပြီးသေးပါဘူး။ လက်ရှိတပ်မတော်ရဲ့ဆရာများဖြစ်တဲ့ အရာရှိကြီးများရဲ့ အရိုးစွဲနေတဲ့ "ငါတို့တပ်မတော်" .. စရိုက်လက္ခဏာတွေကို ပြောင်းလဲချိန်တန်ပြီး ဆောင်ပုဒ်နဲ့ ပြုပြင်ပြောင်းလဲခြင်း များမှာ အဓိက စားဝတ်နေရေးအပြင် သူတို့မိသားစုအတွက် ပညာရေး၊ ကျန်းမာရေးတွေလည်း ပံ့ပိုးမှု ပိုမိုလုပ်ပေးနေပါတယ်။  မြန်မာပြည်လည်း ထိုင်းနိုင်ငံလို စစ်ပြန်များနဲ့လက်ရှိစစ်တပ်အတွက် "စီးပွားရေးဦးပိုင်ကုမ္ပဏီ"ကို တည်ထောင်ထားတာ တွေ့ ရပါတယ်။

စစ်ဗိုလ်အရည်အသွေး မြှင့်တင်ရေးကတော့ သူတို့ရဲ့ပရိုဖက်ရှင်နယ် ဆိုတဲ့ စစ်တိုက်ခြင်း၊ နိုင်ငံတော် ကာကွယ်ရေးကိုပဲ အာရုံစူးစိုက်လုပ်ဖို့ပါ။ စာရေးသူ စစ်ဗိုလ်သင်တန်း ကျောင်းဆရာဗိုလ်မှူး၊ ဗိုလ်မှူးကြီးတွေနဲ့ စကားစမြီပြောဆိုတဲ့အခါ ..ကျနော် လယ်မြေ၊ ခြံမြေ ဝယ်ဖို့ စုံစမ်းနေပါတယ် ပြောလိုက်တာနဲ့ အဲဒီစစ်ဗိုလ်တွေက ယူနီဖောင်းမှ အားမနာ၊ သူတို့သိတဲ့ မြေ၊ လယ်တွေကို ဝယ်ဖို့ ပြောလာပါတယ်။ ပေါ်ပင် အိမ်ခြံမြေပွဲစားလုပ်တဲ့ တပ်မတော်စစ်ဗိုလ် ဖြစ်သွားပါတယ်။ သူတို့လည်း ပေါ်ပင်အလုပ်၊ တချက်ထဲ ပွဲခ သိန်းပေါင်းများစွာလိုချင်ကြတာကိုး။ ဒီတော့ စစ်ဗိုလ်က စစ်တိုက်တဲ့ ပရိုဖက်ရှင်အလုပ် မလုပ်ချင်ပဲ၊ အိမ်ခြံမြေပွဲစား၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ပဲ စိတ်ဝင်စားနေတာ အရင်တပ်မတော် စစ်ဗိုလ်များရဲ့အခြေအနေပါ။

အဲဒီအခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တာကတော့ တပ်မတော်မှာ ပရိုဖက်ရှင်နယ် စစ်တိုက်ကျွမ်းကျင်တဲ့ စစ်ဗိုလ်များများထုတ်လုပ်ပေးဖို့ပါ။

တပ်မတော်အရာရှိကြီးများ
ထွက်သွားတဲ့ အရာရှိကြီးများကတော့ ငွေထုတ်ပိုက်ပြီးအငြိမ်းစားယူ၊ အစိုးရအရာရှိကြီးဖြစ်သွားသူများ လူနည်းစုပါ။ အများစုကတော့ အရပ်ထဲမှာပဲ လခစား ကုမ္ပဏီဝန်ထမ်း ပြန်ဖြစ်သွားပါတယ်။ စိတ်တွေ လျှော့ချပြီး လုပ်တတ်ရင် ဗိုလ်ကြီး၊ ဗိုလ်မှူးဟောင်းတွေ လစာ ၁၀ သိန်းအထိ ရကြပါတယ်။ မိမိကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားရှိတဲ့ စစ်ဗိုလ်ဟောင်းများက အဆင်ပြေပေမဲ့၊ အများစုက အဆင်မပြေပါ ဘူ။ ဒါပေမဲ့ သူတို့ရဲ့စစ်ပင်စင် လစာလေးကလည်း မနည်းပါဘူး။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်များကတော့ သူတို့ဆရာ တပ်ရင်းမှူး၊ တပ်မမှူးများ အစိုးရ အရာရှိဖြစ်၊ ငွေ၊အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ ကျိကျိတက်ချမ်းသာသွားတဲ့ ဗိုလ်ချုပ်တွေကိုပဲ မြင်ကြပါတယ်။ ဗိုလ်ချုပ်တဦး (တပ်မတော်စာရင်းစစ်)လို သာမန်စစ်ဗိုလ်ဟောင်း လူမျိုးတွေကို မမြင်ကြပါဘူး။ ဟိုးတခေတ်က သစ္စာရှိတဲ့ လယ်ယာသစ်ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးတဦးတို့ဆိုရင် အင်မတန်ချို့တဲ့တာမျိုးတွေ ရှိပါတယ်။ လာဘ်မယူတတ်သူ၊ မယူချင်သူ တပ်မတော် အရာရှိ ဟောင်းများ၊ လက်ရှိတပ်မတော်အရာရှိများအတွက် သူတို့အနာဂတ် မိသားစုအတွက် စိုးရိမ်စရာများရှိပါတယ်။

မိတ်ဆွေ အင်ဂျင်နီယာတပ်က ဗိုလ်မှူးတဦး အသက် ၄၅ နှစ်အရွယ်မှာ ပြောတယ်။ လူ့ဘဝမှာ ကိုယ်ပိုင် အိမ်မရှိတာ တော်တော်စိုးရိမ်စရာပဲ။ အခု အငြိမ်းစားယူမယ်ဆိုရင် ကိုယ့်မိသားစု တပ်မတော်စစ်တန်းလျားက ထွက်ပြီး အမေ့အိမ်ပြန်နေရမလိုဖြစ်နေတယ် ပြောပါတယ်။ အခု ၂၀၁၆ မှာ စစ်တပ်အငြိမ်းစား အသက်၅၀ ကျော် ဖြစ်နေပါပြီ။ ကိုယ်ပိုင်အိမ်ရရှိရေးက အိပ်မက်ပမာ ဖြစ်နေဆဲပါ။

လက်ရှိတပ်မတော်အရာရှိ စစ်ဗိုလ်များဟာ စစ်တပ်ရဲ့ဆရာများဖြစ်ပါတယ်။ ဆရာအကြီးစားများကတော့ ဗိုလ်ချုပ်ရာထူးအထက် အရာရှိကြီးတွေပါ။ အရာရှိကြီးများအတွက် လုပ်ပိုင်ခွင့်၊ အိမ်ခြံမြေတွေ ရထားတော့ မိသားစုအနာဂတ် စိတ်ချရပေမဲ့၊ အရာရှိငယ်များအတွက် စစ်တပ်ပြုပြင်ပြောင်းလဲရေးမှာ အခက်ခဲဖြစ်နေပါတယ်။ သူတို့ရဲ့စစ်ဗိုလ် ပရော်ဖက်ရှင်နယ် စစ်ပညာကို ထူးချွန်အောင်လုပ်ဖို့ ဝမ်းရေး၊ မိသားစုအရေးတွေနဲ့ ပူပန်နေရပါပြီ။ အရင် အစ်ကို စစ်ဗိုလ်များလို လူထုကြားလျှောက်သွားပြီး ကြံဖန်လုပ်ကိုင် ဟောက်စား လုပ်လို့လည်း မရတော့ပါဘူး။

တပ်မတော်ဘတ်ဂျတ် (ကာကွယ်ရေးအသုံးစရိတ်)

ကမ္ဘာ့စီးပွားရေးမှာ အကောင်းဆုံး နံပါတ်(၁) ကတော့ စစ်လက်နက်အရောင်းအဝယ်ဖြစ်ပါတယ်။ ဒုတိယကတော့ မော်တော်ကားလုပ်ငန်းနဲ့ တတိယကတော့ မိုဘိုင်းဖုန်းလုပ်ငန်းတို့ ဖြစ်ပါတယ်။ စားသောက်ကုန်၊ ဆေးဝါး၊ ကွန်ပြူတာ၊ ကမ်းလွန်ရေနံ၊ လေယာဉ် စတဲ့လုပ်ငန်းများ အားလုံးမှာ မော်တော်ကားနဲ့ မိုဘိုင်းဖုန်းတွေသုံးပြီး စီးပွားအကြီးကျယ်လုပ်နေပါတယ်။ စစ်လက်နက်လုပ်ငန်းကတော့ ကမ္ဘာ့နိုင်ငံတိုင်း တမျိုးသားလုံးထုတ်ကုန် ဂျီဒီပီရဲ့ ၁၀% ကနေ ၆၀% အထိ ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲကြပါတယ်။ အစ္စရေး၊ စင်ကာပူ စတဲ့ နိုင်ငံလေးများက ကောင်းပေ့ဆိုတဲ့ စစ်လက်နက်တွေ အကြီးအကျယ် ဝယ်ယူတပ်ဆင်သလို၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှနိုင်ငံများလည်း စစ်သုံးစရိတ် ဂျီဒီပီရဲ့ ၂၀% အထက် သုံးနေကြ ပါတယ်။

တခြားနိုင်ငံအကြောင်းထက် မြန်မာနိုင်ငံအကြောင်း ရတဲ့ ကာကွယ်ရေးဘတ်ဂျတ်နဲ့ ခေတ်မီ စစ်လက်နက်များ ဝယ်ယူပြီး၊ စစ်ဗိုလ်များကို ပရိုဖက်ရှင်နယ်များဖြစ်လာရေးအတွက် ငွေကို ပုံအောသုံးလို့လည်း ဖြစ်မလာဘူးဆိုတာ လက်ရှိ မြန်မာ့တပ်မတော်ခေါင်းဆောင်များ ကောင်းကောင်း မှတ်သွားပါတယ်။ တရုတ်နိုင်ငံလုပ် စစ်ပစ္စည်းများကို အကြွေးဝယ်ယူရင်း မကိုင်တွယ်တတ်ခြင်း၊ စစ်ဗိုလ်များ သင်ကြားလို့မရခြင်းတွေကြောင့် မြန်မာ့တပ်မတော်ကြီး တရုတ်နယ်စပ်မှာ မျက်နှာ ဇီးရွက်လောက် ဖြစ်နေရပါပြီ။ ဟို ၁၉၉၀ လောက်က အကြွေးဝယ်ခဲ့တဲ့ တရုတ်နိုင်ငံလုပ် စစ်ပစ္စည်းများ ကို ခြစားတဲ့စနစ်ကြီးကြောင့် ဝယ်ထားတဲ့ လေယာဉ်၊သင်္ဘော၊ အမြောက်၊ တင့်ကားတွေ အားလုံးနီးပါး ပျက်စီးသွားကြတာ ဝမ်းနည်းစရာကောင်းပါတယ်။

ဒါလည်း မြန်မာ့တပ်မတော်က စစ်အာဏာရှင်စနစ် စွန့်လွှတ်ဖို့အကြောင်းရင်းတခုပါ။ ၂၀၁၁မှာ အရပ်သား(စစ်ဗိုလ်ချုပ်ဟောင်းများ) နဲ့ အာဏာလွှဲပေးခဲ့ပြီး မြန်မာ့တပ်မတော် စစ်လက်နက် ပစ္စည်းများကို ရုရှား၊ ယူကရိန်းနိုင်ငံ၊ အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့နိုင်ငံများက ဝယ်လာကြ ပါတယ်။ စစ်လက်နက်ပစ္စည်းဝယ်တယ်ဆိုရင် အဲဒီနိုင်ငံမှာ ပညာသင် စေလွှတ်ရပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော် ပညာရှင်များစွာက တရုတ်ပြန်များထက် ရုရှား၊ ယူကရိန်း ပညာတော်သင်များ အချို့ဆို မာစတာ၊ ပီအိပ်ခ်ျဒီ ဘွဲ့များအထိ တတ်မြောက်လာကြပါတယ်။

ပညာသင်ပေးခြင်းကတော့ တပ်မတော်အရာရှိများ ဘဝ၊ သူတို့မိသားစုအနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ပညာသင်သွားစဉ် တလကို ကန်ဒေါ်လာ ထောင်နဲ့ချီပြီး ထောက်ပံ့ ကြေးရလို့ ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်အိမ်ဝယ်နိုင်လာပါတယ်။ ဒီငွေကို ရင်းနှီးလုပ်ကိုင်ရင်း မြန်မာပြည်မှာ ဇနီးသည်၊ ဆွေမျိုးများ စီးပွားအဆင်ပြေလာပါတယ်။ ဒီတော့ စစ်ဗိုလ်ကလည်း သူ့ရဲ့ စစ်ပရိုဖက်ရှင်နယ်ကို စိတ်အေးအေး လိုက်စား၊ တိုးတက်နိုင်ပါတယ်။

ဒါကြောင့် စစ်လက်နက်ဝယ်တိုင်း ကိုယ်တပ်မတော်သား စစ်ဗိုလ်၊ အကြပ်တပ်သားများအတွက် နိုင်ငံခြားပညာသင် ရနိုင်သမျှ များများပို့ပေးဖို့ လိုပါတယ်။

စစ်အသုံးစရိတ်

စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းစရိတ်က စစ်သား၊ စစ်ဗိုလ်တွေရဲ့လစာထောက်ပံ့ကြေး၊ ပင်စင်ထက် အဆပေါင်းများစွာ ကုန်ကျပါတယ်။ တချို့ မြန်မာနဲ့ ရုရှားနိုင်ငံကြားမှာ စစ်လက်နက်ပွဲစား လုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ဟောင်းကြီးတွေဆို အင်မတန်ချမ်းသာလှပါတယ်။ အန္တရယ်ကြီးလို့ သူနဲ့ မိသားစု အားလုံး ပြည်ပမှာပဲ နေထိုင်ကြပါတယ်။ ဆိုလိုတာကတော့ စစ်ဗိုလ်၊ တပ်ကြပ်အရာခံများရဲ့ ဘဝ မြှင့်တင်ရေး၊ အနာဂတ်လုံခြုံရေးကို လက်ရှိတပ်မတော်က လုပ်ဆောင်ပေးဖို့ အလွန်အရေးကြီး နေပါတယ်။

စစ်လက်နက်ပစ္စည်းများ ဘယ်လောက်ဈေးကြီးသလဲ၊ ဘယ်လောက်သုံးစွဲနေသလဲ ဆိုတာ မြန်မာ အစိုးရက တရားဝင်မကြေညာပေမဲ့ ကမ္ဘာ့စစ်လက်နက်အဖွဲ့အစည်းတွေကနေ အလွယ်တကူ သိနိုင်ပါတယ်။ ဒေါ်လာသန်းတထောင်ဖိုး ဝယ်ရင် သန်း ၁၀၀ ဖိုးလောက်တော့ စစ်ဗိုလ်များအတွက် သင်တန်းစေလွှတ်ဖို့ သုံးသင့်ပါတယ်။ ဒီတော့မှ တပ်မတော်သား ပညာရှင်များ နိုင်ငံခြားပညာသင် စရိတ် ရရှိပြီး စားဝတ်နေရေး အနေချောင်လာပါမယ်။

မြန်မာနိုင်ငံမှာ စစ်သား၊ ဘုရားသား၊ ကျောင်းသား မြောက်မြားစွာရှိနေရာမှာ စစ်သား ၅ သိန်း လောက်ရဲ့ လစာထောက်ပုံကြေး အသုံးစရိတ်ကလည်း မနည်းပါဘူး။ အရေအတွက်ထက် အရည်အချင်း ဦးစားပေးခြင်း အစ္စရေး၊ အိန္ဒိယ၊ တရုတ် စစ်တပ်များပုံစံ လုပ်နေပါတယ်။ အိန္ဒိယမှာဆို စစ်သားအဖြစ် ဝင်ခွင့်ရရှိရေးအတွက် ပညာအရည်ချင်းသတ်မှတ်ထားတဲ့အပြင် တင်းကြပ်၊ ခိုးချမရတဲ့ စာမေးပွဲ ဖြေရပါတယ်။ ဖြေသူ ဆယ်ယောက်မှာ တယောက်ပဲ စစ်သားအဖြစ်ရွေးချယ် သင်တန်း ပေးပါတယ်။ အဲဒီ စစ်သားရဲ့ မိသားစုနဲ့အနာဂတ် ပင်စင်၊ ထောက်ပံ့ကြေးတွေကလည်း မက်မော လောက်ဖွယ် ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံက လူတွေမွဲတေပေမဲ့ စစ်သားတွေကတော့ တကယ့်ပရိုဖက်ရှင်နယ် ဖြစ်ကြပါတယ်။ တရုတ်ပြည်လည်း အလားတူပါပဲ။

စစ်ဗိုလ်၊ စစ်သားအရည်အချင်း
အရည်အသွေး၊ အရည်အချင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အမ်လေးလုံးနဲ့ အီးတလုံး ခေတ်စားပါတယ်။
နံပါတ်(၁) - လူသား
နံပါတ်(၂) - နည်းပညာ
နံပါတ်(၃) - ကုန်ပစ္စည်း
နံပါတ်(၄) - ငွေကြေး
နံပါတ်(၅) - ပတ်ဝန်းကျင်တို့ ဖြစ်ပါတယ်။
M and 1E (1. Man, 2.Method, 3. Material, 4. Money and Environment)

ဒါကြောင့် ငွေကြေးရှိတိုင်း နောက်ဆုံးပေါ်လက်နက်တွေ နင်းကန်ဝယ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး အာရပ်နိုင်ငံ သန်းပေါင်းများစွာ စစ်တပ်နဲ့ လူဦးရေတသိန်းတောင် မရှိတဲ့ အစ္စရေးနိုင်ငံစစ်တပ်တို့ ၁၉၄၈ ခုနှစ်ကစပြီး ၁၉၇၄ အထိ စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့တာ၊ အားလုံးသိတဲ့အတိုင်း အစ္စရေးနိုင်ငံကပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါဘာဖြစ်လို့လဲမေးရင် အဖြေကတော့ လူသား (တနည်းအားဖြင့် စစ်သားအရည်ချင်း၊ စစ်ဗိုလ်အရည်အချင်း) အရမ်းကောင်းလို့ ဖြစ်ပါတယ်။ ငွေကြေး ဆိုတဲ့အရာက နံပါတ်(၄) အဆင့်မှာပဲ ရှိတာကို တွေ့ရပါတယ်။ မြန်မာစစ်အစိုးရလည်း တရုတ်စစ်လက်နက်အညံ့တွေ လိမ်ညာရောင်းချခံထားရလို့၊ တပ်မတော်စစ်အရာရှိ၊တပ်သားများ စိတ်ဓာတ်ကျမှုတွေကြောင့် အခု တိုင်းရင်းသားလက်နက်ကိုင်များနဲ့ စစ်ပွဲတွေတောင် ရှုံးနိုမ့်တာတွေ မြင်နေရပါတယ်။

စစ်ဗိုလ်ဂျူနီယာများ တော်လှန်ရေး
စစ်တပ် လက်ရှိစစ်ဗိုလ်များအတွက် (စားဖို့) လုပ်မပေးနိုင်ဘဲ စစ်ဗိုလ်ချုပ်ကြီးများ (အသစ်နဲ့ဟောင်း) များပဲ ကျိကျိတက်ချမ်းသာနေရင် မကျေနပ်တဲ့ စစ်ဗိုလ်ငယ်များက စစ်အာဏာသိမ်းဖို့ ကြံရွယ် လာနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ၁၉၃၀ လောက်က စစ်အရာရှိငယ်များက အာဏာသိမ်းပွဲ ကျဆုံးသွားပြီး၊ စစ်အာဏာရှင်များက ဖက်ဆစ်ဂျပန်လို့ နာမည်ဆိုးကြီးကို ရရှိသွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံလည်း ကွန်မြူနစ်ရန်အကြောင်းပြပြီး စစ်ဗိုလ်ငယ်များက အာဏာသိမ်းရင်း စစ်ဗိုလ်ချုပ်ကြီးများ အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။ လွတ်သွားတဲ့ ဗိုလ်ချုပ်စူဟာတို အုပ်စုက အဲဒီစစ်ဗိုလ်ငယ်များကိုအနိုင်ယူရင်း စစ်အာဏာရှင်စနစ်ကို နှစ်၂၀ ကျော် သက်ဆိုးရှည်စေခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာလည်း စစ်ဗိုလ်ချုပ်ဟောင်း သမ္မတနတ်ဆာကို ဂုဏ်ပြု စစ်ဗိုလ်ငယ်များက စစ်ချီတက်ပွဲ မှာ တကယ့်ကျည်ဆန်များနဲ့ လုပ်ကြံနိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ပိုမိုနှိပ်ကွပ်ခံရခြင်းပါပဲ။ မြန်မာနိုင်ငံမှာလည်း စစ်ဗိုလ်ငယ်လေးများကို ဗိုလ်အုန်းကျော်မြင့် ဦးဆောင်ပြီး ဦးနေဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီးများကို ဖြုတ်ချအာဏာသိမ်းဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ၊ စစ်အာဏာရှင်စနစ် ပိုဆိုးလာတာတွေ့ရပါတယ်။

ဒါကြောင့် စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးမှာ စားဝတ်နေရေးထက် အဓိက စားဖို့ကို ဦးစွာရှင်းရပါတယ်။ နေစရာအိမ်မရှိလဲ နှစ်နဲ့ချီ စစ်တန်းရားမှာ နေနိုင်ပါတယ်။ အဝတ်အစားလဲ စစ်စွတ်ကျယ်ဝတ်ပြီး မိန်းမထမီရင်ရှား နှစ်ချီပြီး နေနိုင်ပါတယ်။ အဲ. ..စားဖို့ ပြဿနာဖြစ်လာရင်တော့ ၂ ရက်တောင် သည်းမခံနိုင်ပါ။ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ အပါင်းပါများက အကောင်းစားတွေချည်း စားသောက်နေပြီး စစ်ဗိုလ်အသစ်လေးများက အသားဟင်းနပ်မှန်အောင် မစားနိုင်ရင် တနေ့မှာ စစ်ဗိုလ်ငယ်လေးများက စနစ်ပြောင်းဖို့ကြိုးစားလာမှာပါ။ ယခု ထိုင်းနိုင်ငံက လည်း စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်ကျဆင်းနေပါပြီ။ မြန်မာနိုင်ငံကတော့ တိုးတက်နေပါတယ်။

နိဂုံး...
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ အရည်အသွေးမြင့်တဲ့ဒီမိုကရေစီစနစ်နဲ့ ပြောင်းလဲနေပါတယ်။ တပ်မတော်က အစိုးရရဲ့ ၂၅% ကို နေရာယူထားပါတယ်။ ဒီမိုတဖက်စွန်းတွေက ဒီ၂၅% ကို ချက်ချင်း ဖြုတ်အောင်လုပ်ရမယ်လို့ ပြောပါတယ်။ တကယ့်အခြေအနေမှန်ကိုသိတဲ့ အင်အယ်ဒီနဲ့ တပ်မတော် အကြီးအကဲများက သတိကြီးစွာနဲ့လုပ်ဆောင်နေကြပါတယ်။ စစ်ဗိုလ်များရဲ့ စစ်တပ်ကြီးစိုးရေး အနှစ် ၅၀ ရိုက်သွင်းထားတဲ့ စိတ်ဓာတ်တွေရှိနေပါတယ်။

နောက်ဆုံးပေါ် စစ်လက်နက်ဝယ်ယူခြင်းက တားမရတဲ့ကာကွယ်ရေးအသုံးစရိတ်ဖြစ်ပါတယ်။ စစ်လက်နက်ဝယ်တိုင်း ထိန်းသိမ်းစရိတ်၊ လေ့ကျင့်စရိတ်ရှိပါတယ်။ ဒီစရိတ်တွေအတွက် စစ်ဗိုလ်တွေ၊ စစ်သားတွေကို နိုင်ငံခြားသင်တန်းပို့ ရပါတယ်။

သာမန်ကြည်းလေရေ တပ်သား၊ စစ်ဗိုလ်တွေက ၉၀% ကျော် အများစုဖြစ်တော့ သူတို့အတွက် စားဝတ်နေရေးနဲ့ မိသားစု ဘဝအာမခံရှိရေးအတွက်က သူတို့သားသမီးတွေကို ပညာရေးပံ့ပိုး ပေးရပါမယ်။ ဒါမှ စစ်ထွက်ကြီးအငြိမ်းစားယူရင် သားသမီးက ထောက်ပံ့မယ်ဖြစ်ပါတယ်။ ဆင်းရဲမွဲတေခြင်းကလွတ်မြောက်ဖို့တခုတည်းသောနည်းလမ်းကတော့ ပညာရေးပဲဖြစ်ပါတယ်။

စစ်ပညာကို ပရိုဖက်ရှင်နယ်ဖြစ်အောင် စစ်သား၊ စစ်ဗိုလ်တွေက လုပ်ရမယ်။ စစ်သားစစ်ဗိုလ်တွေ လယ်ယာလုပ်ကိုင်ပြီး တပ်တွင်းစီးပွားရေးလုပ်ငန်းတွေ ရပ်ပစ်ရပါမယ်။ တပ်မတော် စစ်ဗိုလ်စစ်သား မိသားစုများရဲ့စားဝတ်နေရေးကို နိုင်ငံတော်က လုံးဝ တာဝန်ယူပါတယ်။ တခုလိုနေတာကတော့ အငြိမ်းစားများနဲ့ လက်ရှိတပ်မတော်သားများအတွက်

* အရစ်ကျပေးရမဲ့ တန်ဖိုးနည်းအိမ်ရာ
* သူတို့ရဲ့ကျန်းမာရေးထောက်ပံ့ (အာမခံ၊ ငွေစုဆောင်းခြင်းစနစ်) အပြင်
* သူတို့သားသမီးများရဲ့ပညာထောက်ပံ့ရေးစနစ်တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့တပ်မတော်အရည်အသွေး ထက်မြက်ရေးမှာ ပြည်သူကထောက်ပုံနေရလို့ ပြည်သူလူထုက အဆင်ပြေပါမှ ဖြစ်မှာပါ။ လူထုဆီကရတဲ့ မေတ္တာသစ္စာ တရားများနဲ့ ငွေကြေးဘတ်ဂျတ်များများရပြီး စစ်ဗိုလ်၊ စစ်သားများ၊ သူတို့မိသားစုများ အရည်သွေးမြှင့်တင်ခြင်း အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။

သာမန်လူတဦး၏ ပြင်ပအမြင်သာဖြစ်ပါသည်။

ဇာနီကြီး
၂၆-ဇွန်-၂၀၁၆