ဇော်အောင် (မုံရွာ) - လျပ်စစ်မီး သက်သာချောင်ချိရေး၊ ခြိုးခြံချွေတာရေး နဲ့ လက်တွေ့

Photo - YIT

ဇော်အောင် (မုံရွာ) - လျပ်စစ်မီး သက်သာချောင်ချိရေး၊ ခြိုးခြံချွေတာရေး နဲ့ လက်တွေ့
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇


လှိုင်သာယာအိမ်မှာ ဒီနေ့ ည ၁၀ နာရီ မီးပျက်သွားတယ်။ အင်ဗတ်တာ (Battery DC 12v to AC 220v 200w, Cost $300 made in Yangon) တပ်ထားတော့ လိုအပ်တဲ့  မီးတချို့  လင်းနေတယ်။ ဟို ၂၀၁၁ တုန်းကတော့ ဒေါ်လာ ၂၀၀ အထက် တရုတ်လုပ် မီးစက်တွေ အိမ်တိုင်း ထလည်တော့ တဒုန်းဒုန်းဆူညံသံ အကြီးသေးတွေ မီးခိုးနံ့တွေ တဖုံးဖုံးနဲ့ပေါ့။ အခုတော့ လျှပ်စစ်မီး သိပ်ကြာကြာမပျက်ဘူး သေချာတော့ အင်ဗတ်တာလောက်ပဲ သုံးတော့တယ်။

ရန်ကုန်က အီးပီစီ YESC - Call Center 012302285. 6, 7, 8, 9 ကို လှမ်းခေါ်လိုက်တယ်။ 
"အမိန့်ရှိပါ". . ဆိုတဲ့အသံမကြားတော့ပါ ။
"ဝိုင်အီးအက်စီ" ကပါ လို့ဖြေတဲ့ မိန်မငယ်အသံ ဖြေပါတယ်။
 "ကျနော် ဦးလှအော် ပါခင်ဗျား။ လှိုင်သာယာ နဝဒေးဥယျာဉ် ကပါ။ မီးပျက်သွားလို့ ဘယ်လောက်ကြာမလဲ သိချင်လို့ပါ" . .လို့  မေးတော့
 "ဘယ်အချိန်ကပျက်ပါသလဲ" ပြန်မေးပါတယ်။ 
"အခုပဲ ည၁၀နာရီပါ" . . ဖြေတော့ 
မိန်းကလေးက "ဟုတ်ကဲ့ပါဦးရေ။ သမီး ပြန် အကြောင်းကြားပေးပါမယ်" ပြောပြီး ဖုန်းချလိုက်ပါတယ်။
 ၃မိနစ်အကြာ မီးပြန်လာပါတယ်။
 နောက်၃မိနစ်အကြာမှာ YESC ဖုန်းလာတယ်။
 "မီးပြန်လာနေပြီ။ ကျေးဇူးတင်ပါတယ်သမီး" . . ပြောပြီး တိုရင်းလိုရှင်း အိုကေ - ပြီးပြတ်သွားပါတယ်။

Call Center ဖုန်းဆိုတော့ ဖုန်းခေါ်ကတည်းက လိုင်းဖုန်းနံပတ်နဲ့ ဖုန်းပိုင်ရှင် မိမိအမည် မိန်းကလေးရဲ့ စက်ပေါ်မှာ ပေါ်နေပြီ။ အသံကြားပြီး. - ဦး သမီး . . သား အန်တီ . . အဘ အန်တီကြီး . . အစ်ကို ညီလေး. . အစ်မ ညီမ . . စတဲ့ စကားလုံးတွေ သုံးနေရတာ ဗမာပြည်ပါ။ “ဦး ... သမီး” လူရှေ့မှာ မရှက်တော့ပဲ တယောက်နဲ့တယောက် ခေါ်နေတဲ့ လင်မယားတွေလည်း အများကြီးရှိနေပါပြီ။ (ရယ်စရာပါ)။

လျှပ်စစ်ကို မြို့နေလူတန်းစားအတွက် အစိုးရက အရှုံးခံ တယူနစ် ၃၅ ကျပ် ရောင်းပေးတာ နောက်နှစ်ကစပြီး ဈေးတင်တော့မယ်လို့ ကြိုတင်သတိပေးထားပြီးပါပြီ။

 မြစ်ကြီးနား နဲ့ ထားဝယ် မြို့တွေမှာ တယူနစ် ၃၀၀ ကျပ် အထက် ပေးနေရတော့ ထမင်းဟင်းချက်၊ အဲကွန်းသုံးတာတွေ မလုပ်ရဲဘူး။ မြစ်ကြီးနား က မိမိရဲ့ မိဘများ ထမင်းဟင်းချက်၊ ရေတင်မော်တာသုံး - တလကို မီတာခ ကျပ် ၅ သောင်း ပေးနေရပါတယ်။ ပုသိမ် ၊မုံရွာ၊ ရန်ကုန်၊ မန္တလေး အိမ်တွေကတော ၁၀ဆ ဈေးသက်သာလို့ တလ ၅ထောင်ကျပ်ပဲ မီတာခပေးရပါတယ်။ တညလုံ မီးဖွင့်အိပ်တော့ သူခိုးရန် ကင်းလွတ်တာပေါ့။ တလမှ ၅ထောင်ပဲကုန်တာ။ မြစ်ကြီးနားမှာတော့ တညလုံး မီး မဖွင့်ရဲဘူး၊ ဈေးအရမ်းကြီးတာကိုး။

 လျှပ်စစ်ထုတ်ပေးတဲ့ ကေအိုင်အေ ဘူဂါးကုမ္မဏီ နဲ့ လျှပ်စစ်ဖြန့်ဖြူးတဲ့ မြန်မာအစိုးရ-အီးပီစီ တို့က တဝက်စီ ခွဲဝေယူတယ်။ မြစ်ကြီးနား ၊ ထားဝယ်က လူငယ်တွေ တရုပ်ပြည် နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တော့ တလ ၄သိန်းလောက် ရတာကြောင့် မိဘမိသားစု နေအိမ်များက လျှပ်စစ်ဖိုး တလ ၅သောင်း ပေးရတာ ခံနိုင်ကြတယ်။ ဒါပေမဲ့ တလ ပင်စင် ၇သောင်းကျော်ပဲ ရတဲ့ မိသားစု လာဘ်မစားနိုင်တဲ့ ဝန်ထမ်းတွေ တလ ကျပ် တသိန်းကျော်ပဲရတဲ့ မိသားစုတွေတော့ လျှပ်စစ်ချွေတာရပါတယ်။ 

အိမ်မှာ ထရန်စဖော်မာ ကိုယ့်ပိုက်ဆံနဲ့ ဝယ်တပ်နိုင်တဲ့ သူဌေးတွေက တလ ၅ သောင်း ကျပ် အပိုကြေးပေးရတယ်။ သူတို့ကျတော့ မီးအားပြည့် ၂၂၀ဗို့ အပြည့်ရပြီး ပတ်ဝန်းကျင်က အခြေခံပြည်သူလူထုက ၁၀၀ဗို့အောက် ကျဆင်းသွားတဲ့ မီးမှိန်လေး သုံးရတယ်။ ငွေတတ်နိုင်ရင်တော့ ဗို့အားမြှင့်စက် (made in myanmar 5KVA US$200) ဝယ်သုံးပေါ့။ ဝယ်မသုံးနိုင်သူက မီးကျပြီး လျှပ်စစ်မီးဖို သုံးရင် လျှပ်စစ်စီးကြောင်း (အမ်ပီယာ ampere) မြင့်တက်လာပြီး ၀ိုင်ယာာ့ရှော့ ဖြစ် အန္တရာယ်ရှိပါတယ်။

လျှပ်စစ်ချွေတာဖို့ အလွန်အရေးကြီးပါတယ်။ ထင်းမီးသွေး ဓါတ်ငွေ့  (GAS) သုံးပြီး ချက်ပြုတ်တာထက် လျှပ်စစ်မီးဖို သုံးတာက ပိုလွယ်နေတယ်လေ။ လျပ်စစ်က တယူနစ် ၃၅ ကျပ် (US$ 3 cents) ဆိုတော့ ထိုင်း တရုပ် နိုင်ငံတွေမှာဆို တယူနစ် US$ 10 cents ပေးရတယ်။ ဖြုန်းတီး အဂတိ လိုက်စားတာတွေ ဘယ်. . ချက်ခြင်း ပြင်နိုင်ပါ့မလဲ။

 ဒေါ်အောင်ဆန်းစုကြည် အစိုးရက တဖြေးဖြေး ကိုင်တွယ်နေပါပြီ။ နိုင်ငံ တိုးတက်စေလိုသူများကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အသက်ရှည်ကျန်းမာဖို့ မေတ္တာပို့ ဆုတောင်းပေးနေကြပါတယ်။ ဒါလဲ လူကြီး အသက်ကြီးသူတွေ ကူညီတဲ့ နည်းလမ်းပါ။ လူငယ်တွေတော့ လက်တွေ့ မိမိဘဝ တိုးတက်ဖို့ ပညာကြိုးစား အလုပ်ကြိုးစားကြပေါ့လေ။
နိုင်ငံတော်ပိုက်ဆံ ခြိုးခြံ ချွေတာ တယ် ဆိုတာက ...

ကွန်ကရစ်လမ်း ခင်းတာကို ရပ်ရွာတွေက ကိုယ်ထူကိုယ်ထလမ်းအဖြစ် သမတဦးသိန်းစိန် ခေတ်က စတင်ကြတယ်။ တချို့ ကွန်ကရစ်လမ်းတွေ အစိုးရ (စည်ပင်ဘတ်ဂျတ် ဇီးသီးဗန်းမှောက်ဆဲ) လမ်းခင်းပေးတယ်။ ခင်းပေးတာ ကောင်းပေမဲ့ ကတ္တရာ မခင်းတော့ ကားဘီး (တာရာ) စားလို့ ကားကြီး၊ ကားလေး တာယာ ခဏခဏ လဲရတာလဲ နိုင်ငံတော်ပိုက်ဆံပဲ မဟုတ်ပါလား။ အလားတူ လျှပ်စစ် အလကားနီးပါး ဈေးနဲ့ရတဲ့ သူဌေးကုမ္မဏီကြီးမျာ ရုံးခန်း အလုပ်ရုံတွေမှာ အဲကွန်း အပြည့်သုံးနေကြတာလဲ နိုင်ငံတော်ပိုက်ဆံမဟုတ်ပါလား။

တိုင်းဦးစီးမှုး အဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို ပုဂ္ဂလိကအင်စတီကျူးရှင်း စာရင်းစစ်အဖွဲ့များက ပိုင်ဆိုင်မှု စာရင်း စစ်သင့်နေပါပြီ။ အစိုးရက မစစ်နိုင်သေးရင် မီဒီယာနဲ့ ပြည်သူလူထုက ပိုင်ဆိုင်မှု စစ်ဆေးဖို့ အချိန်တန်ပါပြီ။ ဆည်မြောင်း ၊စည်ပင်၊ မြေစာရင်၊း ကညန ၊ဆလရ၊ ဆသရ၊ ပညာရေ၊း ကျန်းမာရေး စတဲ့ ဘတ်ဂျတ်အများကြီး သုံးရတဲ့ ဌာနမှုး ၊ တိုင်းအဆင့်ဆို တနှစ် လာဘ်လာဘ သိန်း တသောင်းလောက် ရနေပုံရှိပါတယ်။ ဒီတော့ သူတို့မိသားစုတွေ က စားသောက်ဆိုင် ဟိုတယ်တွေ ဖွင့်။ မလုပ်တတ်တော့ ရှုံး ၊ ကိစ္စမရှိပါ။ ရှုံးနေတဲ့ စားသောက်ဆိုင် မပိတ်တမ်း ဖွင့်ထားပြီး ငွေမဲကို ငွေဖြူလုပ်စားနေတာ မဆန်းပါဘူး။ မူယစ်ဆေး ၊ အရက် ရောင်းပြီး သူဌေးဖြစ်နေသူတွေရဲ့ ငွေမဲကို ငွေဖြူလုပ်နည်းပေါ့။ ငွေမဲကို ငွေဖြူ လုပ်နည်း သိချင်ရင် အခွန်ဌာနက ဝန်ထမ်းကို ထမင်းကျွေးပြီး မေးမြန်နိုင်ပါတယ်။

မိမိအနေနဲ့ ပြည်ပမှာ ငွေဝယ်ကျွန်သာသာ နှစ်ပေါင်းများစွာလုပ်ပြီး ကြိုးစား ချွေးနှီးစာ အနည်းကျဉ်းစုဆောင်မိလာလို့ (စကားချပ် - ၂၀၁၀ နောက်ပိုင်းပေါ်လာတဲ့ မြန်မာသူဌေးများကို မိမိစုဆောင်းငွေ သေးသေးလေးဟာ အဖျားပင် မမှီပါ) ဗမာပြည်ကို ပြန်လာတယ်။ ပါလာတဲ့ ချွေးနှီးစာ ဒေါ်လာတွေကို ငွေမဲလို့သတ်မှတ်ခံရတယ်။ (ဒါမြန်မာပြည်လေ)။ ငွေဖြူဖြစ်အောင် လာဘ်စား (လာဘ်ပေးရ) တာ မူးယစ်သမားတွေနဲ့ တန်းတူ အကြံအဖန် လုပ်ရပြန်တယ်။ ရေးတာတွေ လမ်းလွဲသွားပြီ။ လျှပ်စစ်ပဲ ပြန်ရေးပါမယ်။

လျှပ်စစ်ဓါတ်ကြိုး အန္တရယ်ရှိလို့ မြို့နယ်စည်ပင်ကို အကူညီတောင်းတော့ မြို့နယ်လျှပ်စစ်ကို လွှဲချတယ်။ လျှပ်စစ်ကိုသွားတော့ သစ်တောဌာန ခွင့်ပြုချက်တောင်းရမယ် ပြောတယ်။ တမင် မခက်ခက်အောင် ဘောလီဘောပုတ် ဥပဒေတွေ ပြဌာန်းထားတော့ ပိုက်မပေး ပေးအောင် ရစ်တယ် ညစ်တယ်။ ပိုက်ဆံပေးတာတောင် ကိုယ်က ဒူးထောက် အညံ့ခံ အကူညီတောင်းပြီး၊ သူတို့ရဲ့ သစ်ပင်ခုတ်သမားကို ၅သောင်း တသိန်းပေးရတယ်။ 

နိုင်ငံခြား တိုးတက်နိုင်ငံများမှာလို သစ်ပင်ခုတ်ဝန်ထမ်းတွေ လုံလောက်အောင်မခန့်သေးပါ။ ထိုင်ခုံပေါ် အမြိန့်သားထိုင် ကွန်ပျူတာပဲ နှိပ်တတ်တဲ့ ဝန်ထမ်းတွေတော့ ယာယီတို့ အမြဲတန်းတို့ ဆိုပြီး ခန့်ပါတယ်။ သူတို့လေးတွေဆီက လူကြီးတွေအပေါ်ကို “ဂါ” ရင် ဂါသလိုမျိုး ပြင်ပ သင်တန်းတွေ တက်ခွင့်ရကြပါတယ်။ သိပ် မဂါနိုင်ရင်တော့ ၀န်ထမ်းလေ့ကျင့်ရေးသင်တန်းတို့ ဘာတို့ ပင်ပန်းတဲ့ သင်တန်းတွေ ပို့ခံရပါတယ်။ 

ဒါတွေ ဘာလို့ လျောက်ပြောနေသလဲ ဆိုတော့ လူထု သက်သာချောင်ချိစေဖို့ အစိုးရက ၀န်ထမ်းတွေနဲ့ အစိုးရစာရိတ်တွေမှာ မလိုအပ်တာတွေ ယိုပေါက်တွေ စားပေါက်တွေ အားလုံးကို ထိန်းသိမ်း ကန့်သတ်ဖို့အတွက် “ခြိုးခြံ ချွေတာရေး” လုပ်နိုင်သလောက် လုပ်ကြဖို့ နေ့တဓူဝ အဖြစ်တွေကို ထုတ်ပြနေတာပါ။

နိဂုံး (ကိုးကားချက်နှင့် နည်းပညာ)
လျှပ်စစ် ချွေတာခြင်းက မိမိပိုက်ဆံ သက်သာစေသလို နိုင်ငံတော်ရဲ့ပိုက်ဆံ ချွေတာ ကူညီခြင်းပါ။ စင်ကာပူက မြန်မာ ၂တန်းကျောင်းသားလေးက ပွင့်နေတဲ့လျှပ်စစ်မီး ကိုယ်တိုင်ခလုပ်ပိတ်ပြီး မီး မပိတ်တဲ့ မိဘတွေကို ဆုံးမတယ်။ 

“You waste electricity. Our earth forest are and natural resources are damaged by your careless habit . . ” 

“အဖေ မီးမပိတ်ပဲ လျှပ်စစ် ဖြုန်းတီးတာ ကမ္ဘာ သစ်တောနဲ့ သယံဇာတတွေ ပျက်စီးတယ်” လို့ပြောလာတယ်။ 

အကျင့်ပျက် မိဘကို ထိရောက်စွာ ဆုံးမနိုင်တာ မိမိသားသမီးပါပဲ။ တနည်းအားဖြင့် ပညာရေးပါပဲ။ အရင်က ဘတ်ဂျတ်ရဲ့ ၂% လောက်ပဲ ပညာရေးသုံးရာက အခုဆို ၁၀% လောက် ပညာရေး ဘတ်ဂျတ် သုံးနေပါပြီ။ အမြတ် အလွန်များတဲ့ မိုဘိုင်းဖုန်း အခွန် ၅% ကို ပညာရေးဘတ်ဂျတ်ထဲထည့်ပြီး ကိုယ့်တပည့် ကျူရှင်ပြ လုပ်စားတဲ့ စနစ်ကို တိုက်ဖျက်နေကြလိမ့်မယ် ထင်ပါတယ်။

လျှပ်စစ်နဲ့ မြန်မာနိုင်ငံအကြောင်း ပြောခဲ့ဖူးလှပါပြီ။  မြန်မာဘတ်ဂျတ်ရဲ့ ၂၄% အများဆုံးရထားတဲ့ လျှပ်စစ်ကဏ္ဍတို့၊ ကန်ထရိုက်လုပ်ဖို့ စိတ်ဝင်စားသူတို့ဆက်ဖတ်လိုသူများအတွက် မိုးမခမှာ ရေးဖူးခဲ့တဲ့ ဆောင်းပါး လင့်ခ် နဲ့ အခြားလင့်ခ်တွေပါ ထည့်လိုက်ပါတယ်။

1. http://moemaka.com/archives/53111

2. http://www.slideshare.net/…/myanmarjo…/electricity2013slides

3. http://www.slideshare.net/…/myanmar-electricity-2013-and-us…

ဇော်အောင်(မုံရွာ)
25.1.2017