မျိုးတေဇာမောင် ● တီဗွီရှေ့မှာမိုးတွေရွာ

မျိုးတေဇာမောင် ● တီဗွီရှေ့မှာမိုးတွေရွာ
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇

မီးကပျက်လိုက်လာလိုက်
"ပျော်ရွှင်မှုဆိုတာမမြဲခြင်း" ဆိုတဲ့တရား
တီဗွီကြည့်ရင်းရခဲ့
အဲ့ဒီနှစ်တွေတုန်းက
အိုးရှင်းလည်း အိုးရှင်းအလျောက်
စွန်းဝူခုန်းလည်း စွန်းဝူခုန်းအလျောက်
ငါးသုံးလုံးစီးကရက်သောက်ခဲ့ရတာပဲ
ဒေးဗစ်ကော့ပါးဖီးလ်ဟာ ခေတ်ရဲ့ရင်နာစရာတွေကို
ခဏတော့ဖျောက်ပေးခဲ့တာပဲ
သူဖျောက်ပြတဲ့ရထားကြီးပေါ်မှာ ကလေးတွေပါသွားကြတယ်
ကျနော်လည်း လူကလေးလက်တောက်လောက်နဲ့
ငါးသုံးလုံးတလိပ် လက်ကြားညှပ်ပြီး
ရထားပေါ်ပါသွားတယ်
မတ်လရောက်တော့မယ်ဆိုရင်
နယ်ဗားရွန်းအမြောက်ကြီးရယ်
ကွေမြစ်ပေါ်ကတံတားရယ်
အမိမြေကသားကောင်းများရယ်
တီဗွီရှေ့ကကျနော်တို့ မျက်တွင်းဟောက်ပက်
ယူနီဖောင်းတကားကား၊ ပိတ်ဖြူစတလွှားလွှား
အလှူဒါနပြုကြသူငှာ၊ ကျနော်တို့ခန္ဓီပါရမီရင့်သန်ကြရ
ဘဝဟာ ဆိုကရေးတီးပြိုင်ပွဲ၊ ဘဝဟာ လှေပြိုင်ပွဲ
ဘဝဟာ အောင်ဆန်းကွင်းထဲက မြင်းခင်းသဘင်
၂၀၁၇ ရေချိုးဖို့အင်္ကျီချွတ်တော့
အလို... မြင်းခွာရာတွေရင်ဘတ်မှာ
အိမ်ရှေ့ကတီဗွီက ရယ်တယ်
မေးဖြစ်အောင်မေးသေးတယ်
မင်းကခေတ်ပေါ်လား၊ ခေတ်ပြိုင်လားတဲ့
ကျနော်က ငါးသုံးလုံးစီးကရက်ကပေးတဲ့
မက်ဂျစ်ကတ်ပြားကိုပွတ်ရင်း
တခုခုထူးခြားနိုး၊ ထူးခြားနိုးနဲ့
တီဗွီကလာတဲ့မျက်လှည့်ပွဲကို
နှစ်ပေါင်းသုံးဆယ်လောက်ကြည့်နေသူတယောက်မျှသာ။

မျိုးတေဇာမောင်