မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၄၂)
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇

● စားပွဲကို လက်သီးနှင့်ထိုးမိခြင်း
ကောက်ကွတ်သင်တန်းကျောင်းအုပ်က စိုင်းအောင်ဝင်းဖြစ်သည်။ သူသည် ၇၅ ဗဟိုကော်မတီ၌ အရံဗဟိုကော်မတီဝင်တ ယောက်ဖြစ်သည်။သူ၏နာမည်အား မိမိစောစွာကထဲက ကြားဘူးထားပြီး လေးစားခဲ့သည့်ကျောင်းသားရဲဘော်တယောက် ဖြစ်ခဲ့သည်။ သူသည် ရှမ်းပြည် လွိုင်လင်ဇာတိ ရှမ်းတိုင်းရင်းသားတဦးဖြစ်သည်။ ၁၉၆၂ ခုနှစ် ၇ ရက်ဇူလိုင် အရေးတော်ပုံ ကာလက မန္တလေးဆောင်က ကျောင်းသားတဦးဖြစ်ခဲ့သည်။ ၇ ရက်ဇူလိုင် ကာလပြီးတော့ ပဲခူးရိုးမ CPB ဗဟိုသို့ တောခိုခဲ့သူ တဦးဖြစ်သည်။ ထိုစဉ်က CPB ဥက္ကဌ သခင်သန်းထွန်းက ရှမ်းကျောင်းသား ရဲဘော်စိုင်းအောင်ဝင်းအား မဟာဒေဝီထံသို့ ပေးစာတစောင်နှင့်အတူ ဆက်သားအဖြစ် စေလွှတ်ခဲ့သည်။

၁၉၅၈ ခုနှစ်က စပြီး ရှမ်းပြည်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ၏ ပုန်ကန်မှုများစတင်ခဲ့သည်။ သို့သော် ရှမ်းလက် နက်ကိုင်အင်အားစုများသည် မစုစည်းနိုင်ဘဲ ကွဲပြားနေခဲ့သည်။ ထိုကွဲပြားနေသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအား စု စည်းပြီး ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်နေတွင် SSA (Shan State Army) ကို ဖွဲ့စည်းခဲ့ကြသည်။ SSA ၏နာယကအဖြစ် ညောင်ရွှေစော်ဘွား၏ မဟာဒေဝီ နန်းခမ်းဟိန်းက ဆောင်ရွက်ခဲ့သည်။ CPB ဥက္ကဌ သခင်သန်းထွန်းသည် အဆိုပါ SSA နှင့်ဆက်သွယ် တပ်ပေါင်းစုဖွဲ့နိုင်ရန် ရှမ်းကျောင်းသား ရဲဘော်စိုင်းအောင်ဝင်းအား မဟာဒေဝီထံ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မိမိနှင့် ကောက်ကွတ်ကျောင်းတွင်တွေ့တော့ စိုင်းအောင်ဝင်းသည် အသက် ၄၀ ခန့် အရွယ်ကောင်းဖြစ်သည်။ ၇၅ ဗဟို ကော်မတီတွင် အသက်အငယ်ဆုံး ဗဟိုကော်မတီဝင်ဖြစ်ပုံရသည်။ ရှမ်းဖြစ်သော်လည်း အသားသိပ်မဖြူလှပေ။ အသားခပ် လတ်လတ် တုတ်တုတ်ခိုင်ခိုင် ဖြတ်ဖြတ်လတ်လတ်ရှိသည်။ သို့သော် တည်ငြိမ်မှုတော့ နည်းသည်။ စိတ်လှုပ်ရှားမှုများသည်။ ဗမ်းစကားနှင့်ဆိုလျင် အတော် hot သည်ဟု ဆိုရမည်။

ကောက်ကွတ်သင်တန်းကျောင်း ပါတီကော်မတီဝင်လည်းဖြစ် ထောက်ပံ့ရေးတာဝန်ခံလည်းဖြစ်သူ ရဲဘော်မြရင်ကား CPB ရဲဘော်ဟောင်းတဦးဖြစ်သည်။ ၁၉၅၀ ခုနှစ် CPB ဗဟိုခေါင်းဆောင်များ တရုတ်ပြည်သို့ သွားရောက်ရာတွင် လုံခြုံရေးအဖြစ် လိုက်ပါပို့ဆောင်သည့် ဗဟိုကင်းတပ်မှ ဖြစ်သည်။ အသက် ၅၀ နီးပါးခန့်ဖြစ်သည်။ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးနှင့်ခေါင်းပေါ်က ဦးထုပ်ကြယ်နီအပြင် စစ်သုံးဂွမ်းကပ်လောင်းကုတ်ရုံထားပြီး ဆေးတံခဲထားသော ဦးမြရင်သည် ဝါရင့်ကွန်မြူနစ်ကေဒါတ ယောက်၏ ဂိုက်ဆိုက်အပြည့်ရှိသည်ဟု ဆိုရမည်။ သို့သော် ဦးမြရင်သည် CPB ဗဟိုကင်းတပ်မှပါလာသည့် လယ်သမားသား သမီးတယောက်ဖြစ်ပြီး ပညာတတ်တယောက်မဟုတ်ပေ။ တရုတ်ပြည်တွင် ၁၈ နှစ်ခန့်နေထိုင်ခဲ့ရစဉ်က တရုတ်စကား ပြောတတ်လာသော်လည်း ပညာရေးနှင့်ပတ်သက်၍ ထွန်းပေါက်မှုတော့ရှိခဲ့ပုံမရပေ။ အဓိက စာရင်းဇယား အတွက်အချက် မနိုင်နင်းလှပေ။

ထောက်ပံ့ရေးတာဝန်ယူထားသည့် ဦးမြရင်အတွက် တည်ဆောက်ရေးကာလတွင် အလုပ်များသည်။ အဆောက်အဦး တည်ဆောက်ရေးများအပြင် ပရိဘောဂဝယ်ထည့်ရသည့်လည်းပါသည်။ ရိက္ခာရုံများတွင် ချက်ပြုတ်ရန် အိုးခွက်များ ဝယ်ယူ ဖြည့်တင်းရသည်လည်းပါသည်။ KIA သင်တန်းသားများရော မိမိရဲဘော်များအတွက်ပါ ထမင်းစားရန် ပုဂံပြား၊ ဇွန်း၊ ဟင်း ထည့်ရန် ပုဂံစသည့်များလူစုံအောင်ဝယ်ယူရသည်လည်း ပါသည်။ KIA သင်တန်းသားများ ရောက်လာလာခြင်း ထောက်ပံ့ ရေးပစ္စည်းများ ထုတ်ပေးခြင်းလည်းပါသည်။ ထောက်ပံ့ရေးပစ္စည်းဆိုသည်မှာ KIA သင်တန်းသားတဦးလျင် စစ်အင်္ကျီ၊ စစ် ဘောင်းဘီ၊ အတွင်းခံစွပ်ကျယ်၊ အတွင်းခံဘောင်ဘီ၊ စစ်ဖိနပ်၊ စစ်ခြေအိတ်၊ မျက်နှာသုတ်ပုဝါ၊ စစ်ဦးထုပ် ၂ စုံစီအပြင် စစ်ခြင်ထောင်၊ စစ်စောင်၊ အနွေးထည်၊ ကျောပိုးအိတ် တစုံစီထုတ်ပေးခြင်းဖြစ်သည်။ ထိုပြင်စစ်သင်တန်းတွင် အသုံးပြု ရန် M 21 ရိုင်ဖယ် အလက် ၃၄၀ ကျော်အားလည်းသင်တန်းသားကိုယ်စီအား ထုတ်ပေးရသည်။ ထို့ပြင် သင်တန်းကာလတွင် လက်တွေ့ လေ့ကျင့်ရန်အတွက် ခဲယမ်းမီးကျောက်များကိုလည်း တာဝန်ယူရသည်။ ထို့ကြောင့် ထောက်ပံ့ရေးတာဝန်ခံ အလုပ်များ၍ စာရင်းဇယားများရှုပ်ထွေးလှသည်။ သင်တန်းကျောင်းစဖွင့်ခါစက လူအင်အားမလုံလောက်၍ ငွေကိုင်စာရင်း ကိုင် စသဖြင့် သေချာစွာ တာဝန်မခွဲနိုင်ခဲ့ရာ စာရင်းဇယားများစွာသည် ဦးမြရင်ထံ စုပုံနေတော့သည်။

သင်တန်းစတင်ပြီး တလကျော်ခန့်တွင် စိုင်းအောင်ဝင်းက ဦးမြရင်ကို စာရင်းရှင်းလင်းရန် ဆိုလာတော့သည်။ ထိုအခါ ဦးမြ ရင်က မိမိအားခေါ်ပြီး သူ့အတွက် စာရင်းလုပ်ခိုင်းတော့သည်။ ဦးမြရင်ကား စာရင်းဇယားမနိုင်သောသူဖြစ်ပေရာ သူမှတ်ထား သော စာရင်းစာအုပ်ကလည်း မပြည့်စုံ။ စာအုပ် ထဲမှတ်ထားသည်လည်းရှိ။ ဟိုစာရွက် ဒီစာရွက်တွင်မှတ်ထားသည်လည်းရှိ သည်။ ဘောက်ချာများလည်း ဟိုတရွက် ဒီတရွက်။ စာအုပ်ကြားတွင်ညှပ်ထားသည်လည်းရှိ။ သေတ္တာတွင်း ထည့်ထားသည် လည်းရှိ။ အင်္ကျီအိတ်ကပ်တွင် လည်းရှိ။ ဘောင်းဘီအိတ်တွင်းလည်းရှိဟု ဆိုရမည်။ သို့နှင့် မိမိလည်း သူပေးသမျှဘောက် ချာနှင့် စာရင်းတခု ပြုလုပ်ပေးလိုက်ရသည်။ ပြည့်စုံမှုတော့ မရှိ။

သို့နှင့် စိုင်းအောင်ဝင်းနှင့် ဦးမြရင်စာရင်းရှင်းသည့် နေ့ရောက်လာသည်။ စာရင်းရှင်းသည့် ရုံးခန်းအတွင်း စိုင်းအောင်ဝင်း ဦးမြရင် နှင့် အခြားကော်မတီဝင်တဦးလည်းပါသည်။ မိမိလည်း ဦးမြရင်အားကူ၍ စာရင်းလုပ်ပေးသူအဖြစ်ပါဝင်ရသည်။ မိမိကား သင်တန်းကျောင်းစတင် ဆောက်လုပ်စဉ်ကထဲက ပါသူမဟုတ်၍ ထိုစဉ်က သုံးစွဲမှုများကို မသိပေ။ ဦးမြရင်ပေးသည့် အတိုင်း ပြောသည့်အတိုင်းသာ စာရင်းလုပ်ပေးရသူဖြစ်သည်။ စိုင်းအောင်ဝင်းကတော့ စကထဲက ပါဝင်သူဖြစ်၍ ဘာတွေ လုပ်ခဲ့သည်ကို ကောင်းစွာသိသည်။ ထိုအခါ သူက အဲဒီကိစ္စလုပ်ထားတဲ့စာရင်းရောဟုမေးလျင် မိမိအား ပြောသည့်စာရင်းထဲ တွင်မပါ။ ဦးမြရင်တယောက် သူအခန်းပြန်၍ ဘောက်ချာများသွားရှာပြီး ရှင်းသည်။ နောက်စာရင်းတခုမေးလျင်လည်း ထိုသို့ ပင် အခန်းပြန်၍ ဘောက်ချာ ရှာပြန်သည်။ သုံးလေးခါမျှ ဤသို့ပင်ဖြစ်သည်။ သူလည်း ဘောက်ချာများ မှတ်ထားသော စာရွက်များ ဟိုတစ ဒီတစ လိုက်ရှာနေပုံရသည်။ နောက်ဆုံးအကြိမ်တွင်မတော့ သူလက်ထဲကျန်သည့်ပိုက်ဆံနှင့် ရတတ် သမျှစာရင်း ဘောက်ချာစာရွက်များကို စားပွဲတင်၍ ဒါအကုန်ဘဲဗျာဟု စာရင်းရှင်းလေတော့သည်။ ဘောက်ချာ ထပ်ရှာ၍ မတွေ့တော့၍ စိတ်ဒုံးဒုံးချလိုက်ပုံရသည်။

မိမိနှင့်ဘာမှမဆိုင်ဘဲ မနေတတ် မထိုင်တတ်သည်က မိမိဖြစ်သည်။ စာရင်းရှင်းပွဲ ၂ နာရီခန့်ကျော်နေပြီ။ ဦးမြရင် သူ့အခန်း ပြန်ပြီး ဘောက်ချာရှာစာရင်းသွားရှာနေ၍ ပိုကြာနေခြင်းဖြစ်သည်။ ထိုသို့ ကြာလာသည့်အချိန်ကာလအတွင်း မိမိနှင့် မဆိုင် သော်လည်း စိတ်ခံစားမှုကမကောင်းတော့ပေ။ စိုင်းအောင်ဝင်း စာရင်းစစ်သည်က စာရင်းစစ်နေသည်နှင့်မတူပေ။ စနစ်တ ကျ တဆင့်ပြီးတဆင့် စာရင်းရှင်းနေခြင်မျိုးမဟုတ်။ ဒီစာရင်းက ဘာလဲဟုအပေါ်ဘက်က စာရင်းမေးလိုက်၊ ခဏကြာကြာလျင် အောက်ဆုံးရောက်ပြီးမေးလိုက်၊ တော်ကြာ အလယ်ပြန်ရောက်သွားလိုက် အူချာပေါက်နေသည်။ စာရင်းရှင်းနေသည်နှင့်မတူ။ အပြစ်လိုက်ရှာနေသည်နှင့် ကြာလေ တူလာလေ ဖြစ်နေသည်။ ထို့ပြင် ဦးမြရင် အခန်းပြန် စာရင်းစာရွက်ရှာနေစဉ်မှာလည်း ဦးမြရင်အကြောင်း မကောင်းပြောနေသည်က ရစရာပင်မရှိတော့။ ဦးမြရင်၏အားနည်းချက်ကို သိသော်လည်း ဗဟိုခေါင်း ဆောင်တဦးဖြစ်ပြီး အပြစ်ရှာကြိမ်းမောင်းနေသော လူကွယ်သည်နှင့်အပြစ်ပြောနေသော စိုင်းအောင်ဝင်းအား မိမိအတော် စိတ်ပျက်လာသည်။ CPB နှင့်ပတ်သက်၍ လေ့လာသိရှိစဉ်က ၆၂ ကျောင်းသားရဲဘော်တယောက်အဖြစ် လေးစားကြည် ညို မှုသည်လည်း လွင့်စင်ပျောက်ပြယ်သွားသည်။

သို့နှင့် စိုင်းအောင်ဝင်း၏ ဆူသံဟောက်သံများနှင့် စာရင်းရှင်းပြောဆိုနေကြစဉ်အတွင်း စားပွဲကို လက်သီးနှင့်ဝုန်းကနဲ ထိုးသံ ပေါ်လာပြီး"ဒါ ခင်ဗျား ရဲဘော်တယောက် သက်သက်လိုက်အပြစ်ရှာနေတာဘဲဗျ" ဟု အော်ဟစ်ပြောဆိုသံထွက်ပေါ်လာပြီး တခန်းလုံး တိတ်ဆိတ်သွားသည်။ စိုင်းအောင်ဝင်းလည်း ရုတ်တရက်ကြောင်ပြီး ငြိမ်သွားသည်။ ထို့နောက် ထိုင်ရာမှထပြီး မိမိအား လက်ညှိုးထိုး၍ "ခင်ဗျားထိုင် ခင်ဗျားထိုင်" ပြောဆိုသည်ကိုတွေ့လိုက်ရသည်။

စားပွဲကို လက်သီးနှင့်ထထိုးပြီး အော်ပြောလိုက်သည်မှာ မိမိဖြစ်နေသည်။ စိုင်းအောင်ဝင်း လက်ညှိုးထိုး၍ ထိုင်ခိုင်းသည့် အချိန်တွင် မိမိသည်စားပွဲအား အုန်းကနဲနေအောင် လက်သီးနှင့်ထိုးပြီး မျက်ရည်များကျ၍ တကိုယ်လုံးလည်း တုန်ရီနေသည် ကို သတိထားမိတော့သည်။ သို့နှင့် ဦးမြရင်၏ ထောက်ပံ့ရေးစာရှင်းပွဲလည်း ပြီးဆုံးသွားတော့သည်။

တကယ်တော့ မိမိရည်ရွယ်ပြီး အသိရှိရှိလုပ်ခဲ့သည်တော့ မဟုတ်ပေ။ စိတ်ခံစားချက်ပြင်းပြီး သတိလက်လွတ်ဖြစ်သွားခြင်း ဖြစ်ပေသည်။ မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်စွမ်းမရှိဖြစ်သွားခဲ့ပေသည်။ ထိုစာရင်းများသည် မိမိနှင့်တိုက်ရိုက် သက်ဆိုင်ခြင်းလည်း မရှိ။ မိမိလည်း တာဝန်ယူသုံးခဲ့ခြင်းလည်း မရှိပေ။ သို့ပေမဲ့ စိုင်းအောင်ဝင်း၏ ဖြေရှင်းပုံမမျှတဟု မကျေနပ်ရာ ပေါက်ကွဲမှု ဖြစ်သွားခြင်းဖြစ်သည်။ မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်စွမ်းမရှိသောကြောင့်လည်း ဖြစ်သည်။ ထိုအဖြစ်ကြောင့် ဗဟိုကို အာခံသူ အဖြစ် နာမည်ဆိုးထပ်ဆင့်သွားပေတော့သည်။ သို့သော် CPB မှ မည်သည့် အရေးယူမှု မပြုလုပ်ပေ။ နောက်ကွယ်မှ မှတ်ချက်တို့သာ ရှိပုံရသည်။ ဘာဘဲဖြစ်ဖြစ် တော်သေးသည်ဟု ဆိုရမည်။ အခြားလက်နက်ကိုင် အဖွဲ့အစည်းတခုခုဆိုလျင် ခုံရုံးတက်ရလောက်သည်။ အနည်းနှင့်အများ အရေးယူခံရလောက်သည်။ မိမိအတွက်လည်း ကြီးစွာသင်္ခန်းစာရခဲ့သည်။ ခံယူချက်၊ ရပ်တည်ချက်၊ စွန့်လွှတ်စွန့်စားမှု တို့နှင့်အတူ တည်ငြိမ်ဖို့လိုကြောင်း သွေးအေးဖို့လိုကြောင်း မိမိအမှားနှင့် အတူ မှတ်သားခဲ့ရပေတော့သည်။

နောင် မိမိတို့ ဗိုလ်မိုးဟုခေါ်သော ၁၀၈ တပ်ဖွဲ့နိုင်ငံရေးမှူး ရဲဘော် အောင်ကျော်မိုး (ကျဆုံး) နှင့်ဆုံတော့ ဦးမြရင်စာရင်းအကြောင်းပြောဖြစ်ခဲ့သည်။ ဗိုလ်မိုးက ဤသို့ဆိုသည်။

"ကျနော်တို့ မြစ်ဖျားတိုင်းတုန်းက တခါကြုံဘူးတယ်ဗျ။ မော်လိုက်ခရိုင်ကော်မတီမှာ ငွေစာရင်းတွေရှင်းမရလို့ တိုင်ကြ တောကြတာနဲ့ ကျနော် သွားရှင်းရဘူးတယ်ဗျ "

ဗိုလ်မိုးက ၁၉၆၈ ခုနှစ်လောက်ထိ ရပ်တည်နိုင်ခဲ့သော CPB မြစ်ဖျားတိုင်းတွင် တိုင်းစစ်ရေးတာဝန်ခံအဖြစ်တာဝန်ယူဘူးသူ ဖြစ်သည်။ CPB မြစ်ဖျားတိုင်းသည် ပင်လယ်ဗူး၊ ဗန်းမောက်၊ မော်လိုက်၊ ဟုမ္မလင်းတလျောက်တွင် လှုပ်ရှားခဲ့သည်။

"ကျနော်ခရိုင်ရုံးရောက်သွားတော့ ခရိုင်ကော်မတီအစည်းအဝေးခေါ်ပြီး စာရင်းရှင်းရတာပေါ့ဗျာ။ ခင်ဗျားကြုံသလိုဘဲ စာရင်းတွေက စနစ်တကျမဟုတ်။ ပြည့်ပြည့်စုံစုံလဲ မရှိတော့။ ခရိုင်ကော်မတီတွေလဲ ငြင်းကြခုန်ကြရန်ဖြစ်ကြနဲ့ လေးငါးရက် လောက်ကြာသွားတယ်။ ဒါနဲ့ တမနက်ကျတော့ ကျနော်လဲ မီးလှုံနေရင်းနဲ့ မင်းတို့စာရင်းတွေ အကုန်ယူခဲ့စမ်းကွာလို့ဆိုပြီး ရောက်လာတော့ အကုန်လုံး မီးပုံထဲထည့်ပြီး မီးရှို့ပစ်လိုက်တယ်။ ကဲ မင်းတို့ ဒီနေ့က စပြီးစာရင်းအသစ်လုပ်ကြတော့ ပြီးခဲ့တဲ့စာရင်း ရှင်းသွားပြီမှတ်လိုက်တော့လို့ ပြောပစ်လိုက်တယ်" ဟုဆိုကာ တဟားဟားရီမောခဲ့သည်။

"ခင်ဗျားစဉ်းစားကြည့်ဗျ။ ကျနော်တို့တပ်က လယ်သမားတပ်။ ခရိုင်ကော်မတီတွေဆိုတာတွေလည်း လယ်သမားတွေဘဲ။ ပညာတတ်မပါဘူး။ အဲဒီစာရင်းဇယားဆိုတာ နားလည်ကြတဲ့သူတွေ မဟုတ်ဘူး။ ပညာတတ်တွေရောက်လာလို့ တာဝန်ပေး လို့ရရင်တော့ တမျိုးပေါ့ဗျာ။ ခုတော့ လယ်သမားတွေဘဲဆိုတော့ သူတို့ရဲ့ ရိုးသားမှုနဲ့ ပါတီပေါ်သစ္စာရှိမှုပေါ်ဘဲကြည့်ပြီး ဆုံးဖြတ်ရတာပေါလေ" ဟုဆိုသည်။

CPB လယ်သမားတပ်ဖွဲ့နှင့် ရဲဘော်အောင်ကျော်မိုး၏ စာရင်းရှင်းနည်းဟူ၍ မှတ်သားခဲ့ရတော့သည်။ ၁၉၄၈ ခုနှစ် ပါတီဗဟိုကင်းတပ်ဖွဲ့မှရဲဘော်ဟောင်း ရဲဘော်မြရင်၏ ငွေစာရင်းရှင်းတမ်းကတော့ မိမိ၏မရည်ရွယ်သော လက်သီးတချက်ဖြင့် ပြီးစီး သွားပုံရသည်။ ထပ်မံရှင်းလင်းစစ်ဆေးသည်ကို မတွေ့ရတော့ပေ။ မိမိသည်လည်း CPB တပ်ဖွဲ့တွင်းရောက်သည်မှာ တနှစ်မပြည့်သေးမီ  ဗဟိုကော်မတီကို စားပွဲလက်သီးနှင့်ထိုး၍အာခံသူ လူဆိုးစာရင်းဝင် ဖြစ်သွားပြီး မှတ်လောက်သားလောက် သင်္ခန်းစာရခဲ့ပေတော့သည်။

စိုင်းအောင်ဝင်းသည်လည်း နောက်ထပ် ကောက်ကွတ်သင်တန်းကျောင်းကာလတလျောက် ဤအကြောင်းအရာကို စကားစ ပြန်လည်ပြောဆိုခြင်းတော့ မပြုခဲ့ပေ။ ကောင်းကွက်ကလေးများလည်းရှိသေး၍ တော်ပေသေးသည်ဟု ဆိုရပေမည်။ သူနှင့် ပတ်သက်၍ ကြည့်မြင်ရာတွင် အဆိုးအကောင်းနှင့် ရန်ငါ ဖက်အားလုံးကို ပြည့်စုံစွာတွက်ချက်ဖို့ မိမိပျက်ကွက်ခဲ့ပုံရသည်။

တဖက်ကလည်း အရှေ့မြောက်ကိုထွက်လာကထဲက စိတ်ဒုန်းဒုန်းချပြီး မိမိကိုမိမိ သေလူအဖြစ် သတ်မှတ်ပြီး ရောက်လာ သည်ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ မိမိစိတ်အတွင်း ပူပန်မှုမရှိ။ လာမည့်ဘေး ပြေးတွေ့ရုံသာရှိပေရာ စိတ်ထဲတွင် ကသိ ကအောက်မရှိဘဲ မိမိအလုပ်ကို စိတ်ရှင်းရှင်းနှင့်ဆက်လက် လုပ်ခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments