ဇော်အောင် (မုံရွာ) ● မြန်မာနိုင်ငံနဲ့ သြဂဲနစ်သားငါးသီးနှံများ

ဇော်အောင် (မုံရွာ) ● မြန်မာနိုင်ငံနဲ့ သြဂဲနစ်သားငါးသီးနှံများ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂ဝ၁၇


● အချိုမှုန့်၊ အသားမှုန့်၊ ဓါတု အရသာနဲ့ မုန့်ဟင်းခါး ....
မြန်မာနိုင်ငံက စားအုန်းဆီကို ဓါတုဆေးနဲ့ မြေပဲဆီအနံ့ရအောင်၊ ကြည်လင်နေအောင်လုပ်ပြီး မြေပဲဆီအတုတွေ မဖမ်းဆီး၊ လွှတ်ထားတယ်။ ဖော်မလင် (ကြာရှည်ခံဆေး) တွေကို မုံဟင်း၊ ခေါက်ဆွဲဖတ်၊ တိုဟူး၊ ပဲပြားတွေမှာ FDA စစ်ဆေး တွေ့ရ လည်း မဖမ်းဆီးနိုင် ဖြစ်နေတယ်။ မွေးမြူရေး ကြက်ဝက်တွေလည်း ဘယ်လိုတိရိစ္ဆာန်အစာတွေ ကျွေးထားလဲမသိ၊ တရုတ် ပြည်ကလာတဲ့ မျိုးစေတွေနဲ့ဓါတ်မြေသြဇာသုံးပြီး ဟင်းသီးရွက်တွေ အကြီးကြီးတွေလဲ စားဖို့ စိတ်ပျက်စရာ ဖြစ်နေပါတယ်။ ဒါတွေ ဝယ်မစားဘူးဆိုပေမဲ့ အပြင်စားစရာ၊ ထမင်းဟင်းတွေ ဝယ်စားမိရင်တော့ အဲဒီဓါတုအစာတွေနဲ့မိသွားမှာပဲ။

ဓါတုအစားသောက်တွေက ပြေးလို့လွတ်နိုင်သမျှ လွတ်နည်းကတော့ မိမိဖာသာဈေးဝယ် မိမိဖာသာချက်စားတဲ့ နည်းလမ်းပဲ ရှိပါတယ်။

● အချိုမှုန့် (အာဂျီနိုမိုတို)
ဆောင်းပါး တစ်ခုဖတ်ဖူးတယ်။ နိုင်ငံခြားပြန်တစ်ယောက် ရန်ကုန်က သူ့မိတ်ဆွေကို အချိုမှုန့်မသုံးပဲ ငါးကောင်းကောင်းသုံးပြီး မုန့်ဟင်းခါးဆိုင် ရင်းနှီးပေးပြီး ဖွင့်တယ်။ သန့်ရှင်းစွာရောင်းတော့ ပထမတစ်ပတ် လူတွေအများကြီး၊ ဆိုင်သစ်ဆိုတော့ အား ပေးကြတယ်။ သူလဲ ခရီးထွက်သွားပြီး ၂ လလောက်အကြာ ရန်ကုန်ပြန်ရောက်တော့ အဲဒီမုန့်ဟင်းခါးဆိုင် ရပ်ထားတာတွေ့ တယ်။ မေးကြည့်တယ်။

မြန်မာတွေပါးစပ်က ဟင်းချိုမှုန့် စွဲနေပြီ။ မုန့်ဟင်းခါးက သူတို့လျှာနဲ့အရသာမရှိလို့ လာမစားတော့ဘူး။ နောက်ပိုင်း အချိုမှုန့် ထည့်ရောင်းလည်း မိတ်ပျက်သွားတော့ ဆိုင်ပဲပိတ်လိုက်ရတယ်လို့ ပြောတယ်။

အချိုမှုန့်မသုံးဘူး၊ အသားမှုန့်ပဲသုံးတယ်။ ဒီလိုပြောတဲ့ အမျိုးသမီးကိုတွေ့လို့ ဟာ.. ဒါမှ ပိုဆိုးတယ်။ အသားမှုန့်ဆိုတဲ့ ကြက်သားမှုန့်က ကြက်ကလီစာ၊ အရိုးတွေအထိ ညက်နေအောင်ကြိတ်ထားပြီး အချိုမှုန့်တွေပါ ထည့်ထားတာပဲ။ ပြီးတော့ ဓါတုဆေးတွေလဲ လျှာကို စွဲအောင် အနံ့၊ အရောင်အဆင်းတွေ ထည့်ထားတော့ လူကြိုက်များတာပေါ့လို့ ပြောလိုက်မိတယ်။ မပြောချင်ပါဘူး။ ပြောလဲ ကြက်သားမှုန့်စွဲနေတာကို ပြက်နိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံးတော့ မြန်မာနိုင်ငံက အစားအသောက်တွေမှာ ဓါတုဆိုးဆေး၊ ကြာကြခံဆေး၊ အနံ့ရသာကောင်းဆေး၊ တိရိစ္ဆာန် အစာ တွေလဲ မြန်မြန်ကြီးတဲ့ဆေးတွေပါသလားလို့ သံသယဖြစ်စရာပါ။

● အော်ဂဲနစ်မြန်မာအစားအစာများ
ကမ္ဘာမှာ ဓါတ်မြေသြဇာ မသုံးပဲ သဘာဝမြေသြဇာသုံးတဲ့ ဆန်၊ ပဲ၊ စိုက်ပျိုးသီးနှံတွေနဲ့အဲဒါတွေကိုပဲ ကျွေးပြီး အားဖြည့်အန္တ ရာယ်ကင်းတဲ့ ဓါတုဆေးတိရိစ္ဆာန်အစာသုံးတဲ့ ကြက်၊ ဝက်၊ ငါးမွေးမြူရေးလုပ်ငန်းများစွာ မြန်မာနိုင်ငံမှာရှိနေကြောင်း စိုက် ပျိုး မွေးမြူပညာရှင်များထံက သိရပါတယ်။

မြန်မာနိုင်ငံ ရေမြေ၊ မြစ်ချောင်းအင်းအိုင်များက စိုက်ပျိုးရေးအတွက် အလွန်ကောင်းသလို၊ တိရိစ္ဆာန်မွေးမြူရေးအတွက်လည်း အလွန်ကောင်းပါတယ်။ ဒါဟာ သဘာဝပေးထားတဲ့ သံယံဇာတပါ။ အထူးသဖြင့် ဧရာဝတီ ဖြစ်ဝကျွန်းပေါ်ဒေသဆိုတာ ဟိုး ရှေးကတည်းက ဆန်းအိုးလို့ ခေါ်ကြပြီ၊ အခုခေတ်မှာ ကြက်ဘဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးတွေလဲ စနစ်တကျလုပ်ရင် များစွာ အောင်မြင်ပါတယ်။ မြန်မာပြည်အလယ်ပိုင်း မြစ်များ၊ ရှမ်းကုန်းမြေမြင့် စတဲ့မြေနေရာတွေလဲ စိုက်ပျိုးရေးကောင်းတဲ့ မြေများဖြစ်ပါတယ်။

အော်ဂဲနစ် သစ်သီးဝလံများက သဘာဝမြေသြဇာ Compost ကိုအသုံးပြုပါတယ်။ Compost သဘာဝမြေသြဇာကို မြန်မာ တောင်သူလယ်သမားများ မိမိဖာသာ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဝယ်သုံးရင် ဈေးကြီးပါတယ်။ အစ္စရေးနိုင်ငံက ကမ္ဘာ့  ဒုတိယအများဆုံး အော်ဂဲနစ် သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်များကို အနောက်နိုင်ငံများထံ တင်ပို့နေပါတယ်။ ဈေးလဲ အင် မတန်ကြီးလှပါတယ်။ သာမန် သီးနှံများထက် ၅ ဆလောက်အထိ ဈေးကြီးပေမဲ့ ဝယ်စားကြပါတယ်။

● မြန်မာ့စိုက်ပျိုးမွေးမြူရေး အော်ဂဲနစ်စနစ်သို့
အခုမှ ပြုပြင်ပြောင်းလဲရေး စတင်တဲ့ မြန်မာနိုင်ငံမှာ တရုပ်ပြည်က ဓါတ်မြေသြဇာ နဲ့ဓါတုပစ္စည်းများကို အမြန်ဆုံးတားမြစ်နိုင်ဖို့ မြန်မာအစိုးရက ကြိုးစားလုပ်ကိုင်နေပါတယ်။ ဝိသမ လောဘသမားများ အထူးသဖြင့် စီးပွားရေးမှာ တရားမျှတမှုမရှိတာ ကြောင့် တောင်သူလယ်သမားအများစုဟာ ဆင်းရဲတွင်းက မထွက်နိုင်ပဲ ဖြစ်နေပါတယ်။

အင်အယ်ဒီ အစိုးရသစ်ရဲ့ စီးပွားရေးပေါ်လစီမှာလဲ လယ်ယာစိုက်ပျိုးရေး ဦးစားပေးမယ် ဆိုပေမဲ့ ..ရိတ်သိမ်းချိန်လွန် နည်း ပညာကို နိုင်ငံတော်က လုပ်မပေးနိုင်ပါဘူ။ စိုက်ပျိုးစရိတ်ချေးငွေတွေလဲ အလဟသ ဖြုန်းတီးစေပါတယ်။ လယ်သမားများ ငွေမကိုင်တွယ်တတ်ခြင်း၊ စိုက်ပျိုးနည်းပညာများ၊ လယ်ယာသုံးပစ္စည်းများ၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေးများအပြင် သို လှောင်ရေးများကို အမြက်ကြီးစားနေတဲ့ ပွဲစားများနဲ့အကျင့်ပျက် စိုက်ပျိုးရေးဝန်ထမ်းတစ်ချို့ကြောင့် ခေတ်အဆက်ဆက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း နိမ့်ကျနေပါတယ်။

● အစိုးရ FDA အရေးယူမှုများ
အရေးထဲ အခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ တရုပ်ပြည်မှာ တရုပ်အစိုးရက ဖမ်းဆီး၊ ထောင်ချတဲ့ ဓါတု စားသောက် ကုန်များ တိရိစ္ဆာန် အစာများ၊ မြန်မာပြည်ဖက်ကို ဒလဟော ဝင်ရောက်လာတာလည်း မတားမြစ်နိုင်၊ အရေးမယူနိုင် ဖြစ်နေ ပါ တယ်။ အခုတော့ မြန်မာအစိုးရလည်း စားသောက်ကုန် FDA စစ်ဆေးမှုကို မြို့ကြီးများမှာ လုပ်ဆောင်လာပြီဖြစ်ပါတယ်။ အရေးယူမှု မလုပ်နိုင်သေးပေမဲ့ မကြာခင် အရေးယူ၊ ဖမ်းဆီး၊ ကြီးလေးစွာ ဒဏ်ငွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ဇော်အောင်
၁၅ အောက်တိုဘာ၊ ၂ဝ၁ရ

Ref:
မြန်မာစိုက်ပျိုးမွေးမြူရေး eBook (Link)
https://www.slideshare.net/…/mdgmilkagruculturericerural-de

Comments