ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၅)





 

ကျော်နိုင် – စည်ပင်ဥပဒေ၊ ကျွန်တော် နှင့် ဂျင်း (၅)
စည်ပင်ဥပဒေ - သံသယဖြစ်ဖွယ်ကောင်းသော ကော်မတီဝင် လျာထားမှု (ဂျင်းနံပါတ် - ၅)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် (၁၁) ဦးနဲ့ဖွဲ့စည်းမယ်လို့ စည်ပင်ဥပဒေမူကြမ်းမှာ ဖေါ်ပြထားပါတယ်။ (ပူးတွဲပါ ပထမ ဓါတ်ပုံ)

ဥက္ကဌဟာ မြို့တော်ဝန်ဖြစ်ပါတယ်။ မြို့တော်ဝင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ပါတယ်။ လျှော်ကန်သင့်မြတ်ပါတယ်။

မြို့တော်နယ်နိမိတ်အတွင်း ရွေးချယ်ခံ (၆) ဦးဖြစ်ပါတယ်။ ဘာကြောင့် ပြည်သူက (၆) ဦးဘဲရွေးချယ်ရမှာလည်း။ ကျန် (၄) ဦးက ဘယ်ကလာမှာလဲ။

ကျန် (၄) ဦးကို အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမှာပါတဲ့။ မေးခွန်း (question marks) တွေ တန်းစီပေါ်လာပါပြီ။

ကျွန်တော့်ရဲ့ "ဂျင်းနံပါတ် - ၃" မှာ "စည်ပင်ဥပဒေမူကြမ်းတွင် ကော်မတီဝင်များ COI ကင်းရှင်းရေး နှင့်ပါတ်သက်၍ လုံးဝဖေါ်ပြထားခြင်းမရှိ" လို့ ရေးခဲ့ပါတယ်။ COI ကင်းရှင်းဘို့ ဥပဒေအရ မတားမြစ်ထားလို့ ခရိုနီတွေ၊ တိုင်ကွန်းတွေ၊ အကျင့်ပျက် စီးပွားရေးသမားတွေ၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေ ရွေးကောက်ပွဲဝင်ရင် ဝင်အရွေးခံခွင့်ရှိပေမယ့်လည်း ကော်မတီဝင်ဖြစ်ဘို့ဆိုတာက ပြည်သူတွေရဲ့မဲ ရဘို့လိုပါသေးတယ်။ ပြည်သူကမဲမပေးရင် သူတို့ရွေးကောက်မခံရပါဘူး။

ဒါပေမယ့် ဒီဥပဒေကြမ်းအရ သူတို့ဟာ ရွေးကောက်ခံအနေနဲ့ မဟုတ်ဘဲ ခန့်အပ်ခံအဖြစ် ကော်မတီဝင် ဖြစ်ခွင့် ရှိနေပါတယ်။ ပိုဆိုးတာက အဲ့ဒီ ခန့်အပ်ခံ (၄) ယောက်ထဲက တစ်ယောက်က အတွင်းရေးမှူး၊ တစ်ယောက်က တွဲဖက် အတွင်းရေးမှူး ဖြစ်မှာပါ။

ဥပဒေမူကြမ်းမှာ COI ကင်းရှင်းဘို့ မတားမြစ်ထားတာရယ်၊ ခန့်အပ်ခံ ကော်မတီဝင် (၄) ဦး လျာထား ထားတာရယ်ပေါင်းစပ်လိုက်ရင် ဒီဂျင်းက တော်တော်လေးကြီး၊ တော်တော်လေး စပ်တဲ့ဂျင်းပါ။

ဥပဒေမူကြမ်းမှာ COI မကင်းသူတွေ ကော်မတီဝင်ဖြစ်ခွင့် တားမြစ်ထားတဲ့ ပုဒ်မတွေ ပါရပါ့မယ်။ ဖေါက်ဖျက် ကျူးလွန်သူကို အပြစ်ပေးတဲ့ ပြစ်ဒါဏ်တွေ ပါရပါ့မယ်။ ကော်မတီဝင် (၁၀) ဦးလုံးဟာ ရွေးကောက်ခံဖြစ်ရပါ့မယ်။

အစိုးရခန့် (၄) ဦးဆိုတာကို လက်မခံနိုင်ပါဘူး။ အစိုးရကိုမယုံလို့ပါ။ အစိုးရအဖွဲ့ရဲ့ ethics ကို မယုံတာမဟုတ်ပါဘူး။ အစိုးရအဖွဲ့ကိုယ်တိုင် ဂျင်းထဲ့ခံရမှာကြောင့် မယုံတာပါ။

မြို့နယ်စည်ပင်ကော်မတီဝင်တွေကို ကြည့်ကြပါစို့။ (ပူးတွဲပါ ဒုတိယ ဓါတ်ပုံ)


ရပ်မိရပ်ဖထဲမှ ကိုယ်စားပြုရွေးကောက်ခံရသူက ဥက္ကဌတဲ့။ ရပ်မိရပ်ဖ ဆိုတာကို ဘယ်လို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်မလည်း။ အဲ့ဒါကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ၊ ကွဲကွဲပြားပြား၊ သေသေချာချာ၊ ရေရေရာရာ ဖြစ်အောင်။ အငြင်းပွားဖွယ်၊ စောဒကတက်ဖွယ်၊ မေးခွန်းထုတ်ဖွယ်တွေမဖြစ်အောင် နည်းဥပဒေမှာ အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် စာမျက်နှာ (၁၀) မျက်နှာနဲ့တောင် မလောက်ပါဘူး။

နောက်ပြီး အတတ်ပညာရှင်၊ အသိပညာရှင်များထဲမှ ရွေးကောက်တင်မြှောက်ခံရသူတစ်ဦး။

လူမှုရေးအဖွဲ့အစည်းများထဲမှ ရွေးကောက်ခံရသူတစ်ဦး။

အဲ့ဒီ အသိပညာရှင်၊ အတတ်ပညာရှင် နဲ့ လူမှုရေးအဖွဲ့အစည်းများဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေကလည်း လိုသလို အဓိပ္ပါယ်ကောက်လို့ရပါတယ်။

ရှင်းရှင်းလင်းလင်း ဖြစ်အောင် မရေးထားတဲ့ဥပဒေဟာ ရှုတ်ရှုတ်ရှက်ရှက် လုပ်ချင်တဲ့ရည်ရွယ်ချက်ရှိလို့ဘဲ ဖြစ်ပါလိမ့်မယ်။

မြို့နယ်အတွင်းရှိပြည်သူများထဲမှ ရွေးကောက်ခံရသူ (၃) ဦး သို့မဟုတ် (၄) ဦး။ ယင်းတို့ထဲမှာ မဲဆန္ဒအများဆုံးရသူက ဥက္ကဌ လို့ သတ်မှတ်လိုက်ရင် တော်တော်လေး ရှင်းပါတယ်။

ဒါဆို ဘာကြောင့် မရှင်းအောင် လုပ်ထားပါသလည်း။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။

တစ်ဦးချင်းရွေးကောက်ပွဲ ဝင်တဲ့အခါ ရွေးကောက်ပွဲ စားရိတ်အတွက် ရံပုံငွေကို ကိုယ့်ဘာသာ ရှာရမှာဖြစ်ပါတယ်။

အတတ်ပညာရှင် အသိပညာရှင်များအဖွဲ့ (ဥပမာ။ ။ထူးခြားဆန်းကြယ်သော မီးရထားလမ်းများ ဖေါက်လုပ်တတ်သူ အတတ်ပညာရှင်များအဖွဲ့) ကို ကိုယ်စားပြုမယ်။

လူမှုရေးအဖွဲ့အစည်းများ (ဥပမာ။ ။ရေဘေးဒုက္ခသည်များအား ဆင်းတုတော်များ ထောက်ပံ့ဝေငှရေးအဖွဲ့) ကို ကိုယ်စားပြုမယ်ဆိုရင် အဲ့ဒီအဖွဲ့တွေရဲ့ ရန်ပုံငွေတွေကို တရားဝင် အသုံးပြုလို့ရပါတယ်။

မြို့နယ်တိုင်းမှာ ရန်ပုံငွေတောင့်တင်းတဲ့အဖွဲ့တွေ ဖွဲ့ချင်သလိုဖွဲ့နိုင်သူတွေဟာ ဘယ်လိုလူတွေလည်းဆိုတာ မေးစရာလိုမယ်မထင်ပါဘူး။ အဲ့ဒီ မေးစရာမလိုတာကို NLD အမတ်တွေနဲ့ NLD အစိုးရအဖွဲ့ဝင်တွေ မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ထပ်ကော်မတီဝင်တစ်နေရာက ထွေအုပ်က ဒု-မြို့နယ်မှူး တဲ့။ အဲ့ဒီရာထားချက်ကို ကန့်ကွက်ပါတယ်။ ထွေအုပ်က ဘာအောက်၊ ညာအောက် က ဖြစ်နေလို့ရယ်မဟုတ်ပါဘူး။ စည်ပင်ကော်မတီဝင်ထဲမှာ မည်သည့် ပြည်သူ့ဝန်ထမ်းမှ မပါသင့်ပါဘူး။

မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး ဖြစ်ရမယ်တဲ့။ လက်ခံပါတယ်။

ဒီတော့ မြို့နယ်စည်ပင်ကော်မတီမှာ အဖွဲ့ဝင် (၅) ဦး ဖြစ်ရမယ်ဆိုရင် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးနဲ့ မြို့နယ်အတွင်းရှိ ရွေးကောက်ခံ ပြည်သူများထဲမှ (၄) ဦးဖြစ်ရပါ့မယ်။ အဲ့ဒီရွေးကောက်ခံသူတွေဟာ ဘာအဖွဲ့အစည်းကိုမှ ကိုယ်စားပြုသူ မဖြစ်စေရပါဘူး။ အဲ့ဒီ (၄) ဦးထဲက မဲအများဆုံးရသူဟာ ဥက္ကဌ ဖြစ်ရပါမယ်။

အခုကျွန်တော်ဝေဖန်နေတာက ဥပဒေကြမ်းပါ။ ဥပဒေကြမ်းမှာပါတဲ့ဂျင်းတွေဟာ ဥပဒေကြမ်းရေးသူတွေက ထဲ့တဲ့ဂျင်းတွေပါ။

ဒါပေမယ့် အဲ့ဒီဥပဒေကြမ်းကို ဒီအတိုင်း အတည်ပြုလိုက်မယ်ဆိုရင်တော့ တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရက ပြည်သူတွေကို ထဲ့တဲ့ဂျင်းတွေ ဖြစ်သွားပါလိမ့်မယ်။

တိုင်းလွှတ်တော်နဲ့ အစိုးရတို့ "ဂျင်းထဲ့ရာ ငြုပ်ဆုံဝိုင်းကူထောင်းသူတွေ" မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်။

Comments