ခိုင်ကြည်သစ် - "ဟန်လင်း"



ခိုင်ကြည်သစ် - "ဟန်လင်း"
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၇

ဟန်လင်းကို ရင်ခွဲကြည့်တော့
မီးကျွမ်းခဲ့တဲ့ လူ့သမိုင်းကိုတွေ့တယ်။

အုပ်ချပ်တွေကြားက ညည်းသံကြားရ
"ငါတို့ယဉ်ကျေးတာ နှစ်ပေါင်းနှစ်ထောင်ကျော်ပြီကွာ" တဲ့။
အခုထိတော့
တောဥပဒေက
လူတွေကို မီးလောင်တိုက်သွင်းနေတုန်း။

မြေပုတီးတွေက
အလှအပအတွက်လား
တရားဓမ္မအတွက်လား။
၂၁ ရာစုကတော့
အကျည်းတန်ပြီး မှန်ကြိုက်နေတုန်း
အဝိဇ္ဇာ မှောင်မိုက် ပိတ်ဖုံး။

အရိုးစုအထပ်လိုက်ကြီး
ပြုံးပြီးကြည့်နေတယ်။
ယနေ့ခေတ်ရဲ့ ရမ္မက်လူသားကို
သေရင် ကိုယ့်နောက်
အိုးခြမ်းကွဲတောင် မပါကြောင်း တရားပြဖို့လေ။

အာဏာနဲ့ စည်းစိမ်
မတင်းတိမ်ဘူးလား။
ရေပူစမ်းမှာ
ရေတစ်ပွက် ဘယ်လောက်ကြာသလဲ
စောင့်ကြည့်သွားပါ။

ဟန်လင်းကို ရင်ခွဲကြည့်တော့
မီးကျွမ်းခဲ့တဲ့ လူ့သမိုင်းကိုတွေ့တယ်။
ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့
မီးလောင်နေတာ တွေ့တယ်။


Comments