ဇော်အောင် (မုံရွာ) - အချိန်ပေးခြင်းနဲ့ ငွေပေးခြင်း



ဇော်အောင် (မုံရွာ) - အချိန်ပေးခြင်းနဲ့ ငွေပေးခြင်း
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၈

တနေ့မှာ မိတ်ဆွေတစ်ယောက် အိမ်လာဖို့ ဖိတ်တော့ သွားလည်ပါတယ်။ ခရစ်စမတ်နေ့ဆိုတော့ လာသူများမှာ တတ်နိုင်သူများက လက်ဆောင်တွေ ယူလာကြတယ်။ သူတို့မသိတဲ့ အလွန်အကောင်းမွန်ဆုံး လက်ဆောင်တစ်ခုကတော့ အချိန်ပဲဖြစ်ပါတယ်။ သူတို့ကိုယ်ပိုင်အချိန်လေးတွေကို လာရောက်ပေးခြင်းပါ။ ကျွေးတာစာ၊း ပေးတာယူပြီး ပြောစကားတွေနားထောင်ခြင်က အချိန်ပေးတာပါ။

မိမိနဲ့ရင်းနှီးသူများကို တွေ့ချိန်မှာ ငွေရှိရင် ဆိုင်တစ်ခုမှာ ခေါ်ကျွေးလိုက်ချင်တယ်။ သူလိုအပ်နေတဲ့ ငွေ ဒါမှမဟုတ် ပစ္စည်းကို ဝယ်ပြီး လက်ဆောင်ပေးလိုက်ချင်တယ်။ ဆေးကုသဖို့ လိုအပ်ရင်လဲ ဆေးကုပေးချင်တယ်။ ငွေပေးခြင်းက အလွယ်ကူဆုံး ဒါနပြုခြင်းခြင်းလို့ ဆိုပါတယ်။ မိမိကိုယ်ကိုယ် အလှုရှင်အဖြစ် ကျေနပ်စေပါတယ်။  ရန်ကုန် ကားကြပ်တဲ့ လှည်းတန်းလမ်းဆုံမှာ ငွေစက္ကူ ၁၀၀ တန်ကနေ တထောင် တန်အထိ ကားပေါ်က ပစ်ချတာကို ကောက်ယူနေတဲ့အဖွားကြီးတယောက် ခုန်ဆွပြီး ငွေလိုက်တောင်းနေတဲ့ ခြေတဖက်ကျိုး ဒုက္ခိတတစ်ယောက်ကို တွေ့ရပါတယ်။ သနားတော့ ငွေရှိတာထုတ်ပေးမိတာ မြန်မာများရဲ့စိတ်ထားပါ။ မဖြစ်သင့်ပေမယ့် တောင်းစာသူပပျောက်ရေးက မဟာစီမံကိန်းတခုပါပဲ။

ပုပ်ရဟန်းမင်းကြီး ၂၀၁၇ နှစ်ကုန်မှာ မြန်မာပြည်လာလည်တော့ အချိန်ပေးသာသနာအလုပ်လုပ်သူများကို ရှေ့ဆုံး ထိုင်ခုံနေရာပေးပါတယ်။ အချိန်ပေးသူများကြောင့် သာသနာ အဓွန့်တည်ရတယ်။ ဟုတ်ပါတယ် ဘုရားကတော့ အချိန်ပေးလှူတာကို ပိုနှစ်သက်ပါတယ်။ ဒါပေမဲ့ လူကတော့ ငွေပေးတာပဲ နှစ်သက်ပါတယ်။

ငွေ (သို့မဟုတ်) ငွေပေးပြီး ယူရသော အရာများ
လူဆိုတာ လက်ဆောင်ပေးခြင်းကို နှစ်သက်သလို လကဆောင်ပေးရင် တဖက်လူတွေတွေ ပြုံးသွာတာလေး တဒင်္ဂခံစားမှုလေးတွေနဲ့ ကျေနပ်နေလေ့ရှိပါတယ်။ ငွေနဲ့ ငွေပေးပြီး ယူရသောအရာများဆိုတာ လူတွေနှစ်သက်ပါတယ်။ ဒါပေမဲ့ ငွေကိုတပ်မက်ခြင်းဘဝ ရောက်မသွားဖို့တော့ လိုပါတယ်။ ငွေရှိမှ အခြေခံစားဝတ်နေရေး အဆင်ပြေမှာပါ။ အခုခေတ်ဆို စားဝတ်နေရေးတင် မကတော့ပါ။ တယ်လီဖုန်း မော်တော်ဆိုင်ကယ် မော်တော်ကား တီဗွီ တိုက်ခန်း စတဲ့ သူများနည်းတူ နေထိုင်စားသောက်ဖို့ ငွေ ပိုပြီး လိုလာပါတယ်။ ပိုရှာတယ်။ ပို လိုလာပါတော့တယ်။

တခါက စင်ကာပူမှာ အလုပ်လုပ်နေသူတစ်ဦးက ငွေပိုရှာဖို့ အမေရိကန်ကို ပြောင်းရွှေ့အခြေချမယ် စိတ်ကူးတယ်။ ရင်းနှီးတဲ့ မိတ်ဆွေ သူဌေးတယောက်က ငွေဆိုတာ ဘယ်နိုင်ငံသွားရှာရှာ ခက်တာချည်းပဲ။ အတူတူပါပဲလို့ ပြောပါတယ်။ ကောက်ချက်ချရင် ငွေရှာနည်း ဆိုတာ မလွယ်ပါ။ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် The Richest Man from Babylon ဆိုတဲ့စာအုပ်ကတော့ အလွန့်အလွန်ကောင်းတဲ့ ငွေရှာနည်းစာအုပ် ဖြစ်ပါတယ်။ လက်တွေ့မှာ အဲဒီနည်းနဲ့ပဲ လူတွေ သူဌေးကြီးတွေဖြစ်လာတာပါ။

နောက်တစ်မျိုး ငွေရှာနည်းကတော့ သြဇာအာဏာရရင် အလိုအလျောက် ငွေတွေ ဝင်လာတဲ့နည်းပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက နိုင်ငံရေးအာဏာရသူများ ငွေလည်းရပြီး ချမ်းသာကြွယ်ဝလာကြတယ်။ ဒီနည်းက မကောင်းပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ နိုင်ငံရေး သြဇာအာဏာရသူများက နဂိုကတည်းက ဖူလှုံသူများပါတယ်။ တနည်းအားဖြင့် လာဘ် အဂတိလိုက်စား ငွေရှာဖို့ စိတ်မကူးကြပါဘူး။

ရေရှည်အတွက် ဘဝစိတ်ချရအောင် ပညာရှာ စာသင်ခြင်းပါ။ လူငယ်ဘဝတော့ ငွေရှာဖို့မလို မိဘများကပညာရေးအတွက် ဘွဲ့တခုတော့ ရအောင် ထောက်ပံ့ပေးကြတာ အရှေ့တိုင်းသားများရဲ့စရိုက်ပါ။ အနောက်တိုင်းစရိုက်ကတော့ ၁၈နှစ်ပြည့်ရင် မိဘထောက်ပံ့မှုကို မလိုချင်တော့ပဲ ကိုယ်ဒူးကိုယ်ချွန် ပညာရေးချေးငွေ သို့မဟုတ် ပညာသင်ဆု ပညာချွန်ဆုများကို ရအောင်ယူ မိဘလောင်းရိပ်အောက်က ထွက်ကြပါတယ်။

အခုခေတ်ကာလမှာ ငွေရှာဖို့ထက် ရလာတဲ့ငွေ အသုံးချတတ်ဖို့က ပိုအရေးကြီးနေပါတယ်။ Jack Ma ဆိုသူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးက ပြောပါတယ်။ အသက်၂၀-၃၀ အရွယ်ကတော့ အလုပ်လုပ်နိုင်ဆုံးကာလ ဖြစ်ပြီး၊ အသက်၃၀-၄၀ အရွယ်မှာ ဆရာကောင်းရဖို့ လိုကြောင်း၊ ဆရာကောင်း (မိမိထက် အသက်ကြီးသူ ပညာရှိထံ) ချဉ်းကပ်သင်ယူဖို့ လိုကြောင်း ပြောပါတယ်။ ပညာမျိုးစုံအတွက် အထူးသဖြင့် ချွေတာစုဆောင်းခြင်းပညာ ဆရာကောင်း လိုအပ်ပါတယ်။ မိမိကြိုက်သလို လုပ်နေသူကဟာ ရေရှည်မှာတော့ သူလိုကိုယ်လိုလူပဲ ဖြစ်သွားမှာပါ။


အချိန်ပေးခြင်း

လူတစ်ယောက် ဘဝတစ်ခု မိမိဖာသာရပ်တည်ဖို့ မိဘများက အချိန်ပေးရပါတယ်။ ဘုရားတရားနဲ့ နေတတ်အောင် ဘုရားကျောင်းကန်တွေဆီ ခေါ်သွားပေးရပါတယ်။ ပညာသင်ချင်စိတ် ရှိရပါတယ်။ ကျောင်းသားအရွယ် ကျောင်း တက္ကသိုလ်မှာပဲ အချိန်ပေးရပါတယ်။

သားသမီးကြီးလာ ၊ အလုပ်ကိုင်ရှိ၊ အိမ်ထောင်ပြုတဲ့အခါလည်း မိဘတွေက သားသမီးအတွက် အချိန်ပေးရပြန်တယ်။ တတ်နိုင်တဲ့မိဘများက ထိမ်းမြားခြင်းလျင် ဝတ်ငါးအင် ဆောင်ပုဒ်အတိုင်း ငွေပါ အကုန်ခံ မင်္ဂလာဆောင်ပေးကြပါတယ်။

ငိုကြွေးသောသူနဲ့ အတူငိုကြွေးဖို့၊ ဝမ်းမြောက်ပျော်ရွှင်နေသူနဲ့လဲ အတူဝမ်းမြောက် ပျော်ရွှင်ရပါတယ်။ နည်းလမ်းကတော့ မိမိ မိတ်ဆွေများအတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။

ဘုရင်မူးမတ်ဖြစ်စေ အမေရိကန်သမ္မတဖြစ်စေ ဆင်းရဲသားဖြစ်စေ လုပ်ငန်းပင်ပမ်းချိန်မှာ မိတ်ဆွေကောင်းလိုပါတယ်။ မိတ်ဆွေကောင်းများနဲ့ ရင်ထဲက စကားပြောဆိုခြင်းက အချိန်ပေးခြင်းပါ။ မိမိစိတ် အားငယ်ချိန် မိမိစိတ်ဓါတ်ကျချိန်များမှာ လာရောက်အချိန်ပေး အားပေး နှစ်သိမ်ပေးသူများ လိုအပ်လှပါတယ်။ လက်ဆောင်ဈေးကြီးကြီး ပေးခြင်းထက် ပိုကောင်းတာက မိဘ ဆွေမျိုး မိတ်ဆွေများရဲ့ ခက်ခဲချိန်များမှာ အနီးမှာ ရှိနေခြင်း၊ ဝေယျာဝစ္စ လုပ်ပေးခြင်း၊ စကားလက်ဆောင်နဲ့ နှစ်သိမ့်မှများက တပါးသူကို ပိုပြီးခွန်အားရစေပါတယ်။

လူတစ်ယောက်၊ သူနဲ့အတူနေတဲ့ မိခင်ကြီးရဲ့ တီးတိုးညည်းသံကို မခံနိုင်ဖြစ်နေတယ်။ အိမ်ဖော်လဲ ခဏခဏပြောင်းရတယ်။ အသက်ကြီး ဆီးချိုသွေးတိုးရှိရက်နဲ့ မတည့်တဲ့ ချဉ်ငံစပ် ဆီကြော်တွေပဲ ရှာစားနေလို့ အို နာမကျန်းဖြစ်နေတဲ့မိခင်ကို စိတ်တိုနေမိကြောင်း ပြောပါတယ်။ အော်တောင်ပြောမိတယ် ... တဲ့။ အချိန်အရမ်းပေးရလွန်းတော့ စိတ်တို စိတ်ညစ်နေရှာတယ်။
ဘာကြောင့်လဲ? ဘယ်လိုကုသမလဲ?

အချိန်ပေးနည်းတစ်ခု
တခါက ဧည့်ခံပွဲတစ်ခုမှာ ဧည့်သည်တွေ အများကြီးလာကြပါတယ်။ အိမ်ရှင်က အပြုံးနဲ့ ကြိုဆိုပါတယ်။ လက်ဆောင်တွေ ပေးကြတယ်။ နေကောင်းလား မေးတယ်။ ရယ်မောစရာပြောကြတယ်။ ရယ်ရွှင်ကြတယ်။ စကား ပေးပြောကြတယ်။ လက်ဆွဲနှုတ်ဆက်တယ်။ ဖက်ကဲတလင်းနှုတ်ဆက်တယ်။ ဘဝအောင်မြင်ရေး အကြံပေးကြတယ်။ အခမ်းအနားပြင်ဆင်ထားမှုတွေ ချီးမွမ်းစကားပြောကြတယ်။ မိတ်ဆွေတယောက်ကတော့ လက်ဆောင်လဲမပါ။ လူချည်းပဲလာတယ်။ အိမ်ရှင်ရဲ့ သားကလေးကို မြူနေတယ်။ ကလေးက သဘောကျလာတော့ ကလေးထိန်းဆီက ကလေးငယ်လေးကို ပွေ့ချီလိုက်တယ်။ မျောက်လိုပဲ ဝူးဝါးလုပ်ပြတော့ ကလေးက တခစ်ခစ် ရယ်တယ်။ ဘေးလူတွေ ပြုံးကြတယ်။

အဲဒီလူ ထိုင်တဲ့စားပွဲမှာ ဧည်ခံပွဲက တခြားစားပွဲတွေနဲ့မတူတဲ့ စားသောက်စရာတွေ အလျှံပယ် ရောက်လာပါတယ်။ ငါတို့စားပွဲက ဘာလို့ စပယ်ရှယ် ရသာစုံ စားဖွယ်စုံ ဖြစ်နေရသလဲ ဆိုပြီး စားပွဲလာထိုးသူကိုမေးကြည့်တော့ ခုနလူကို လက်ညိုးထိုးပြပြီး သူပါတဲ့စားပွဲကို အိမ်ရှင်က စပယ်ရှယ်ဧည့်ခံခိုင်းလို့ပါ တဲ့။

မိမိနဲ့ အတူရှိနေသူများအတွက်
မိမိ ကျောင်း၊ မိမိအလုပ်အတွက်
မိမိမိတ်ဆွေများ ဆွေမျိုးများအတွက်
မိမိ မတွေ့ဖူးပေမယ့် ကိုယ်စိတ်ဆင်းရဲနေသူအတွက်
ရွှင်လန်းစွာနဲ့ အချိန်ပေးနိုင်ကြပါစေ။

ဇော်အောင်
ဇန်န၀ါရီ ၅၊ ၂၀၁၈

Comments