မရွှေ့ဆိုင်းတဲ့ ပြပွဲနဲ့ ဆွေးနွေးပွဲ သတင်းများ၊ ကျောင်းသားနဲ့ နိုင်ငံရေးပွဲ ရွှေ့ဆိုင်း

မရွှေ့ဆိုင်းတဲ့ ပြပွဲနဲ့ ဆွေးနွေးပွဲ သတင်းများ၊  ရွှေ့ဆိုင်းလိုက်ရတဲ့ ကျောင်းသားနဲ့ နိုင်ငံရေးပွဲ
K (မိုးမခ) ဇွန် ၂၇၊ ၂၀၁၈



 
ပန်းချီကျော်မင်းထိုက် "Moment of Peace" အမည်ရတဲ့ တကိုယ်တော် ပြပွဲ ဇွန် ၂၇ရက် စပြမယ်
Moment of Peace အမည်ရတဲ့ ပန်းချီကျော်မင်းထိုက်(green opera)ရဲ့ လေးကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ယောမင်းကြီးလမ်းရှိ Gallery 65မှာ ဇွန်လ ၂၇ရက်ကနေ ဇူလိုင် ၁ ရက်နေ့ထိ ငါးရက်ကြာပြသ သွားမယ်လို့ သိရပါတယ်။

အဆိုပါပြပွဲမှာ ပန်းချီဆရာ ကျော်မင်းထိုက်ရဲ့လက်တလောရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၃၀ကျော်ကို ပြသသွားမှာ ဖြစ်ပြီး ပြပွဲရက်အတွင်း မနက် ၁၀နာရီကနေ ညနေ ၆နာရီထိပြသသွားမှာဖြစ်ပါတယ်။

 
ဂီတမူပိုင်ခွင့်ဆိုင်ရာနဲ့ပတ်သက်တဲ့ စာတမ်း ဇူလိုင် (၁)ရက်နေ့မှာ ဖတ်ကြားဆွေးနွေးမယ်
Scorpion Soup For Soul အနုပညာဆိုင်ရာအဖွဲ့က ကြီးမှူးပြီး ဂီတအနုပညာနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ကြားမယ့် အစီ အစဉ်တခုကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇရန္တာလမ်းရှိ Soccer House Cafe'မှာ ဇူလိုင် ၁ရက်နေ့ နေ့လယ် ၁နာ ရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ စာတမ်းဖတ်ကြားမယ့် အစီအစဉ်မှာ စာတမ်းရှင် ကိုဝီ(ခ) သန့်ဇင်မြင့်က စာတမ်း၂ စောင် ဖတ်ကြားသွားမှာဖြစ်ပြီး စာတမ်း ၂ စောင်ကတော့ ၁။ ဂီတမူပိုင်ခွင့်စာတမ်း၊ ၂။ ဂီတဂေဟစနစ်သစ်တို့ ဖြစ်ပါတယ်။

Scorpion Soup For Soul ကိုထူထောင်သူတဦးဖြစ်တဲ့ ကိုဝီ(ခ) သန့်ဇင်မြင့်ဟာ အမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီး ပြည် တွင်း၊ ပြည်ပဂီတဆိုင်ရာ ဂီတမူပိုင်ခွင့်နဲ့ပတ်သက်တဲ့စာတမ်းများ၊ ဥပဒေများ၊ သုတေသနများကို အစဉ်တစိုက်ပြုလုပ်နေ သူတဦးလည်း ဖြစ်ပါတယ်။

ဂီတစာတမ်းတွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူများနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်ကြောင်းလည်း သိရပြီး အဆို ပါ စာတမ်းနဲ့ပတ်သက်ပြီးလည်း စာတမ်းဖတ်ကြားမယ့် ကိုဝီ က “ဂီတမူပိုင်ခွင့်စာတမ်းကတာ့ အမေရိကန်နိုင်ငံရဲ့ မူပိုင်ခွင့် ဥပဒေကို ဆန်းစစ်လေ့လာထားတဲ့စာတမ်းဖြစ်ပါတယ်။ စာတမ်းဆိုပေမယ့် ဘော်ဒါအချင်းချင်း ရှင်းပြတဲ့ ပုံစံပဲသွားမှာပါ။ နောက်ထပ်စာတမ်းတခုကတော့ ဂီတဂေဟစနစ်ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ဂီတလောကထဲမှာ နည်းပညာရဲ့အရေးပါ မှုဟာ အရေးကြီးလာသလို စီးပွားရေးလုပ်ပုံကိုင်ပုံတွေဟာလည်း အကြီးအကျယ်ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ဒါလေးတွေ ကို ဆွေးနွေးတင်ပြဖို့ပါပဲ။ စာတမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေထဲက ခင်များတို့မေးခွန်းမေးချင်တယ်ဆိုရင်လဲ အ ချိန်ရသလောက် ပြန်လည်ဖြေကြားချင်ပါတယ်။ ကျနော်နဲ့အတူ တေးရေး၊ တေးဆိုတွေလဲပါဝင်ပြီး ဖြေလို့ရတာဖြေဖို့ အ စီအစဉ်ရှိပါတယ်”လို့ ပြောပြပါတယ်။

ယခုစာတမ်းဖတ်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး တေးရေးရွှေဂျော်ဂျော်၊ တေးရေးတေးဆို လင်းလင်းတို့ကလည်း ကူညီအား ဖြည့်ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

 
 ကျောင်းသားနှင့်နိုင်ငံရေး ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားအဖွဲ့များ ဦးဆောင်ပြီး ဆွေးနွေးပွဲ အစီစဉ်ပြောင်းလဲခြင်း
(၂၄) ရက်၊ ဇွန်လ၊ ၂၀၁၈

၂၅.၆.၂၀၁၈ ရက်နေ့တွင်ပြုလုပ်မည့် "ကျောင်းသားနှင့်နိုင်ငံရေး" ဆွေးနွေးပွဲကျင်းပရန် စီစဉ်ခဲ့ရာ ကျောင်းအာဏာပိုင်က ကျောင်းတွင်း လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့် စသော ပညာရေးလွတ်လပ်ခွင့် အခြေခံမူများကို ဖိနှိပ်ကန့်သတ်သောကြောင့် ပွဲကျင်းပရာတွင် အခက်အခဲ ဖြစ်ခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ယခင်က ကြေညာထားသော ပွဲအစီအစဉ် အား ဂျူလိုင်လထဲသို့ရွှေ့ဆိုင်းလိုက်ရပါသည်။ ဖိတ်ကြားထားသော ဆရာများနှင့်ကျောင်းသားသမဂ္ဂများအားအနူးအညွတ်တောင်းပန်အပ်ပါသည်။

ဆက်လက်၍ ဂျူလိုင်လတွင် ကျင်းပမည့် ဆွေးနွေးပွဲ ကိုလည်း မည့်သည့်ကျောင်းအာဏာပိုင်၊ မည့်သည့် အစိုးရဌာနဆီကမှ ခွင့်ပြုချက်ရယူသွားမည်မဟုတ်ကြောင်း တဆက်တည်း ကြေညာ လိုက်သည်။

(ပွဲအစီအစဉ် အသေးစိတ်အား ထပ်မံကြေညာပါမည်။)

ယခင်ဖော်ပြရန် စီထားတဲ့ သတင်းမှာ - 

ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားအဖွဲ့များ ဦးဆောင်ပြီး ကျောင်းသားနှင့်နိုင်ငံရေး ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတရပ်ကို ရန် ကုန်တက္ကသိုလ်ဝင်း၊ စစ်ကိုင်းလမ်းရှိ ဆရာများသမဂ္ဂရုံးခန်းမှာ ဇွန်လ ၂၅ရက်(တနင်္လာနေ့) နေ့လယ် ၁နာရီမှာ ကျင်းပ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးပေးမယ့်သူများကတော့ ဦးသိန်းလွင်( NNER)၊ ဒေါက်တာအာကာမိုးသူ (အရှေ့ တိုင်းပညာဌာန တောင်ကုတ်တက္ကသိုလ်)တို့ဖြစ်ပြီး တက်ရောက်လာသူများနဲ့ အပြန်အလှန်ဆွေးနွေးမယ့် အစီအစဉ်များ ပါဝင်တယ်လို့သိရပါတယ်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ Yangon University Students' Union လူမှုကွန်ရက်စာမျက်နှာမှာ “ပြီးခဲ့တဲ့ ၅ လပိုင်း ၂၁,၂၈ နဲ့ ၃၀ရက်တွေမှာ အဆည ကနေ ကျောင်းသားတွေကျောင်းမှာ ဟောပြောပွဲ ဆွေးနွေးပွဲတွေလုပ်တာနဲ့ ပတ်သက်လို့ စာသုံးစောင်ထွက်ခဲ့တယ်။ အကြမ်းဖြင်းအားဖြင့် ပထမတစောင်က နိုင်ငံရေးဆွေးနွေးပွဲ ဟောပြောပွဲတွေလုပ်ခွင့်ကို ပိတ်ပင်တဲ့တစောင်၊ ဒုတိယတစောင်က ခေါင်းစဉ်နဲ့ မဆိုင်တာမပြောရ ဆိုတဲ့တစောင်၊ တတိယတစောင်က ပထမစာကိုဖျက်ပြီး ဒုတိယစာကိုအတည်ဖြစ်ကြောင်း ပြောတဲ့တစောင် ပေါင်း၃ စောင် ထွက်တယ်။

ကျနော်တို့ကျောင်းသားတွေအနေနဲ့ ပထမစာဖျက်သိမ်းလိုက်ပြီဆိုပြီး ဒီဖြစ်စဉ်တခုလုံးကိုဖြစ်စေတဲ့ အဆညရဲ့ ပညာရေး ကျွန်ပြုနေမှုကို လျစ်လျုရှုဖို့ မသင့်ပါ။

အဆညဟာ ပညာရေးကို အစိုးရရုံးလိုသတ်မှတ်နေတဲ့အတွက် ပညာရေးကို ဟိုဟာမလုပ်ရ ဒီဟာ မလုပ်ရ ဗဟိုချုပ်ကိုင် မှုနဲ့ ကျွန်သဖွယ် ကန့်သတ်လို့ရတယ်လို့ ယူဆနေတဲ့အတွက်သာ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာရခြင်း ဖြစ်တယ်။

ဒီတော့ ကျနော်တို့ဟာ အဆညက ထုတ်တဲ့စာတွေကို ဆန့်ကျင်တာတင်မကဘဲ အဆညက ပညာရေးအပေါ် ကျွန်သဖွယ် ဆက်ဆံနေတဲ့ ဗဟိုချုပ်ကိုင်နေတဲ့ အရှက်မဲ့မှုကိုပါ ဖွင့်ချပြီး ဆန့်ကျင်ရလိမ့်မယ်။ ကျနော်တို့ တက္ကသိုလ်တွေဟာ ပညာရေး လွတ်လပ်ခွင့်အပြည့်အဝရှိရမယ်။ ကျောင်းသားဟာ နိုင်ငံရေးကို လွတ်လပ်စွာပြောဆိုခွင့်ရှိရမယ် ဆိုတဲ့အချက်ကို ရှင်းရှင်း လင်းလင်း ဖော်ပြဖို့လိုတယ်။

လူမျိုးရေးပြဿနာ၊ ပြည်တွင်းစစ်၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု စတဲ့ ပြဿနာတွေ စုပုံနေချိန်မှာ ကျနော်တို့ကို ဒီပြဿ နာတွေနဲ့ဝေးကွာအောင် နိုင်ငံရေးသိစိတ်မဲ့အောင် လုပ်တဲ့ အဆညရဲ့လုပ်ရပ်တွေကို ဆန့််ကျင်ပြီး ကျနော်တို့ဟာ လူ့ အဖွဲ့အစည်းနဲ့ တသားတည်း ဖြစ်ကြောင်းကို နိုင်ငံရေးအသိစိတ်ရှိရှိ ဒီပြဿနာတွေရဲ့အခြေခံဟာ ဘာလဲ ဘယ်သူတွေ ၊ဘယ်အရာတွေက ဒီပြဿနာတွေကို ဖြစ်စေသလဲဆိုတာကို လူ့အဖွဲ့အစည်းကို ဖွင့်ချပြနိုင်ရမယ်။ ဒီလို ပြဿနာအရင်း အမြစ်တွေကိုဖွင့်ချဖို့ တိုက်ခိုက်ဖို့ဟာ ကျနော်တို့ရဲ့နိုင်ငံရေးတာဝန်ပင်ဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

ဆွေးနွေးပွဲဖြစ်မြောက်ဖို့ စီစဉ်ရာမှာလည်း ကြုံတွေ့နေရတဲ့ အခက်အခဲအဖြစ် “အခု ကျင်းပမယ့် "ကျောင်းသားနဲ့နိုင်ငံရေး" ဟောပြောပွဲကို ဝိဇ္ဇာခန်းမ၊ ဒါမှမဟုတ် သိပ္ပံခန်းမ တခုခုမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းအာဏာပိုင်က ဟောပြောမယ့်သူတွေရဲ့ ကိုယ်ရေးအကျဉ်း၊ဟောပြောမယ့်အကြောင်းအရာ၊ တက်ရောက်မယ့် လူစာရင်း စတာတွေကို တင်ပြပေးဖို့ ပြောလာပါတယ်။ အဲ့လို တင်ပြပြီးရင်တောင်မှ အခန်းပေး၊ မပေး ထပ်ပြီး အစည်းအဝေးထိုင်ရဦးမယ်လို့ ဆိုပါတယ်။ စာဖျက်သိမ်းတယ်ဆိုပေမယ့် အခုကျောင်းအာဏာပိုင်လုပ်နေတာက ဒီစာအတိုင်း တသွေမသိမ်း သာဖြစ်ပါတယ်။

ဒီတော့ "အစိုးရနဲ့ ကျောင်းအာဏာပိုင်တွေဟာ ဘာလို့ ပညာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်နေကြသလဲ။ "ကျောင်းသားတွေ နိုင်ငံရေးသိစိတ်ဝင်လာမှာကို ဘာလို့ ထိတ်လန့်နေကြသလဲ။” ဒီမေးခွန်းတွေရဲ့အဖြေအတွက် အခုကျင်းပမယ့် "ကျောင်း သားနဲ့နိုင်ငံရေး" ဆွေးနွေးပွဲကို တက်ရောက်ကြဖို့ ကျောင်းသားအားလုံးကို တိုက်တွန်းလိုက်ပါတယ်”လို့ ရေးသားထားပါ တယ်။

Comments