ဆောင်းယွန်းလ ● ရေလောင်းမိခဲ့တဲ့ အဆိပ်ပင်တွေအကြောင်း


ဆောင်းယွန်းလ ● ရေလောင်းမိခဲ့တဲ့ အဆိပ်ပင်တွေအကြောင်း
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၈

လက်သည်းထဲ
အဆိပ်တွေ အိပ်နေသလိုမျိုး
မိုးခေါင်ရေရှားရပ်ဝန်းထဲမှာ မျက်ရည်ကိုဝှက်ထားတယ်

ရှယ်နယ်လ်တခြား ချွေးနံ့သက်သက်နဲ့ ကိုယ်ပေါ်မှာ
အရောင်တင်စရာ စိတ်ဓာတ်တွေရှားပေမယ့်
နောက်ဆုံးပေါ် အဖော်တွေတော့ပေါတယ်

နာရီနဲ့ချက်တင်ထိုင်ရင်း ငွေအသပြာဖြစ်ခြင်းမှာ
လူဟာ ထိုအငွေ့ ဒီအရွေ့များနဲ့ သာယာလာပုံများ

ကယ်တင်ရှင်ဟာ ဘုရင်လည်းမဟုတ်
ဘုရားလည်းမဟုတ်ဘူး
ပုံမှားရိုက်မှ ကိုယ့်စရိုက်ကိုယ်ပြန်ထင်ပြတဲ့ မှန်များ
ပြဒါးတလမ်း သံတလမ်းမှာ အမှန်တွေမှားခဲ့
တနေ့ရွှေ တနေ့ငွေမှာ ကျောက်ခဲသလဲဖြစ်ခဲ့

မြစ်ရဲ့ကောက်ကြောင်းအတိုင်းလိုက်ခဲ့ရင်း
ရေတွင်းပျက်နဲ့ တိုးခဲ့တယ်

ဇရပ်အပျက်နဲ့  ရေတွင်းတောင်ပံကျိုးပေါ်မှာ
တစုံတရာကို ရှာမိရာကစပြီး
အိမ်မက်ဟာ ကူးစက်ရောဂါမှန်းသိလာရ

ဆေးရှာမတွေ့ ကြသေးတဲ့ ဘဝများ။

ဆောင်းယွန်းလ

Comments