ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်းရောင် စာပေ၀ိုင်း မန္တလေးမှာ သြဂုတ်လ ၁၇


ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်းရောင် စာပေ၀ိုင်း မန္တလေးမှာ သြဂုတ်လ ၁၇
K (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၈


အရိပ်စိမ်းအနုပညာနှင့် စာပေ၀န်ဆောင်မှုလုပ်ငန်းမှ ဦးစီးကျင်းပတဲ့ ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်း ရောင်အမည်ရတဲ့စာပေဆွေးနွေးပွဲကို မန္တလေးမြို့၂၆Bလမ်း၆၂လမ်း×၆၃ကြားရှိ လင်းရောင်ခြည်စာကြည်တိုက်မှာ သြဂုတ်လ ၁၇ရက် နံနက်၉နာရီအချိန် ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။

ဦးဆောင်ဆွေးနွေးမယ့် စာရေးဆရာများကတော့ သိုက်ထွန်းသက်၊ နေ၀င်းမြင့်၊ ဂျိုဇော်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဆူးငှက် တို့ဖြစ်တယ်လို့သိရပြီး စာရေးဆရာဆူးငှက်ရဲ့စာအုပ်အသစ်ဖြစ်တဲ့ ခုနစ်ရက်တစ်သီတင်းမဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှု စာအုပ်ကိုလည်း ထည့်သွင်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စာရေးဆရာဆူးငှက်က “ကျနော့်အသစ်ထွက်တဲ့ ခုနစ်ရက်တစ်သီတင်း မဂ္ဂဇင်းဝတ္ထုရှည် ၇ပုဒ် စုစည်းမှုစာအုပ်ကို အခြေခံတာပါ။ အဲဒီစာအုပ်ထဲကအကြောင်းအရာတွေရဲ့ ရသစာပေသဘော ရသစာပေရဲ့ လက်ရှိ အနေအထားနဲ့အလားအလာ၊ ရသစာပေရဲ့ရပ်တည်ချက်၊ ရသစာပေနဲ့ နိုင်ငံရေးနောက်ခံ၊ နောက် ရသစာပေနဲ့လူငယ် ဒါတွေကို ကျနော်တို့က လက်ရှိစာရေးဆရာတွေရဲ့အမြင်နဲ့ ဆွေးနွေးကြတဲ့ပုံစံမျိုးနဲ့လုပ်မှာပါ။ စာအုပ်အကြောင်းပြုပြီး ရသစာပေအကြောင်းဆွေးနွေးပွဲပေါ့၊ စာအုပ်အကြောင်းဆွေးနွေးတာ မဟုတ်ပါဘူး။ အဓိက ဒီရက်ပိုင်းတွေမှာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်နဲ့လူငယ်တွေကလည်း ရသစာပေနဲ့ပတ်သက်လို့ စကားဝိုင်းကလည်း ဘာပဲပြောပြော နောက်ဆက်တွဲ ပြန်ပြီး ဆွေးနွေးစရာလေးတွေ ရှိနိုင်တယ်။ အထူးသဖြင့် စာရေးဆရာတွေရဲ့သဘောထားမှာ ပြန်ဆွေးနွေးစရာတွေ ချပြ စရာတွေ ပြန်သုံးသပ်စရာတွေ ရှိနိုင်တယ်။ အဲဒီဟာတွေအတွက်က ကျွဲကူးရေပါပေါ့။ အထူးသဖြင့် ဒီနေ့လူငယ်တွေနဲ့ ရသစာပေ အကွာအဝေး အတိမ်အနက်ပေါ့။ ဒါလေးတွေက အားထားရမယ့်ဟာလေးတွေ။ ဒါလေးတွေ အခြေခံပြီး ဆွေး နွေးကြမှာပါ ”လို့ ပြောပြပါတယ်။

စာရေးဆရာဆူးငှက်ဟာ တစ်ဝက်မန်ကျည်းပင်ဝတ္ထုတိုများ (၁၉၉၇)၊ မန္တလေးမျဉ်းဖြောင့်များ-ရသဆောင်းပါးပေါင်းချုပ် (၂၀၀၀)၊ အနှေးလျှောက်မန္တလေး-ဆောင်းပါးပေါင်းချုပ် (၂၀၀၀)၊ တိမ်ယံအိမ်မက်မိုးထက်နရီ(ဝတ္ထုရှည်)၊ တိမ်ယံအိပ် မက်မိုး ထက်နရီလုံးချင်းဝတ္ထုရှည် အစရှိတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ်ပေါင်း ၃၀ကျော်ရေးသားခဲ့ပါ တယ်။

၂၀၀၇ တွင် ထွက်ရှိသော တိမ်ယံအိမ်မက်မိုးထက်နရီဖြင့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသား စာပေဆု(ဝတ္ထုရှည်) ရရှိခဲ့ပြီး တိမ်ယံအိပ်မက်မိုးထက်နရီလုံးချင်းဝတ္ထုရှည်ဖြင့် ၂၀၀၆ ခုနှစ်အတွက် ရွှေအမြုတေဆု (အခန်းဆက် ဝတ္ထုရှည်) ဆွတ်ခူး ရရှိခဲ့ပါတယ်။

Comments