ရေဘေးသင့်ပြည်သူများအတွက် "Together We Can " ရန်ပုံငွေပန်းချီပြပွဲ



ရေဘေးသင့်ပြည်သူများအတွက် "Together We Can " ရန်ပုံငွေပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၂၊ ၂၀၁၈


ရေဘေးသင့်ဒေသများမှ ပြည်သူများကို လှူဒါန်းရန်အတွက် ရည်ရွယ်ပြုလုပ်သည့် "Together We Can " ပန်းချီပြပွဲကို ရန်ကုန်မြို့တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းနှင့်လယ်ယာရွှေမြေလမ်းထောင့် အမှတ် ၈၃၃ ရှိ Sagawar Art Spaceမှာ သြဂုတ်လ ၄ရက်နေ့မှ ၉ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲနဲ့ပတ်သက်ပြီး ပြပွဲစီစဉ်သူ စကားဝါပန်းချီ ပြခန်းထူထောင်သူတဦးဖြစ်တဲ့ မသန့်ဆွေက “ အခု ရေဘေးသင့် ရေကြီးနေတဲ့ဒေသတွေကို အလှူတန်းလုပ်ချင်တယ်ပေါ့။ အဲဒါနဲ့စကားဝါမှာ ချိတ်ဆွဲထားတဲ့ ပန်းချီပြပွဲလေးလုပ်မယ်။ ပန်းချီပြပွဲမှာ ရေးဆွဲကြတဲ့ ဆရာတွေကလည်း ရောင်းချရတဲ့ ၁၀၀ရာခိုင်နှုန်းကို သွားလှူဒါန်းကြမယ်ဆိုပြီး တိုင်ပင်လုပ် ဖြစ်ကြတာပါ။ ”လို့ ပြောပြပါတယ်။

ပြပွဲမှာ ပန်းချီဆရာကြီး ဦးမာလာ၊ ဆရာဝင်းဖေမြင့်၊ ဆရာမြတ်ကျော်ထွန်း၊ ဆရာနီပိုဦး၊ ဆရာဦးဝင်းကြည်၊ ဆရာညီငယ် အလိမ္မာ၊ ဆရာဖိုးစန်းတို့လက်ရာ ပန်းချီကားများအပြင် စကားဝါပန်းချီသင်တန်းဆင်းများမှ လှူဒါန်းရေးဆွဲခဲ့တဲ့ ပန်းချီကား ၄၀ကျော် ၅၀နီးပါးကို ချိတ်ဆွဲ၊ ပြသ၊ ရောင်းချသွားမှာဖြစ်ပြီး ရောင်းချရငွေအားလုံးကို ရေဘေးသင့်ဒေသများသို့ (၁၂.၈ .၁၈) ရက်နေ့မှာ သွားရောက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

ပန်းချီပြပွဲကို ၄.၈.၁၈ မှ ၉.၈.၁၈ ရက်နေ့ထိ မနက် ၁၀နာရီမှ ညနေ ၅:၃၀ အတွင်း ပြသရောင်းချသွားမည်ဖြစ်ပြီး အဝေးမှ ဝယ်ယူလှူဒါန်းသူများထံကိုလည်း ဝယ်ယူသည့်ပန်းချီကားများအား ပေးပို့သွားမှာ ဖြစ်ပါတယ်။

ပြည်တွင်း ၊ ပြည်ပမှ ရေဘေးသင့်ဒေသများသို့ လှူဒါန်းလိုသူများအနေလိုသူများအနေဖြင့် 09 4444 51640 ၊ 09 44900 3484(မြန်မာ)၊ +95 9 449003484, +65 8190 2036 ( WhatsApp ၊ Viber ) မှသို့ ဆက်သွယ်၍လည်းကောင်း ၊ Paypal ၊ POSB Bank (Singapore) ၊ ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်များမှလည်းကောင်း ဆက်သွယ်၍ ဝယ်ယူလှူ ဒါန်းနိုင်ကြပါတယ်လို့လည်း သိရပါတယ်။

Comments