သန်းဝင်းလှိုင် -သမိုင်းတကွေ့မှ ဦးပိန်တံတား



သန်းဝင်းလှိုင် -သမိုင်းတကွေ့မှ ဦးပိန်တံတား
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈


ကဝိလက္ခဏာဒီပနီကျမ်း၌ မင်းကြီးသီရိမဟာဇေယျသူက "ရေစစ်ကိုင်း၊ လှိုင်းပခန်းငယ်၊ လယ်တောင်ကွင်း၊ စပါးရမည်းသင်း၊ အင်းတောင်တမန်၊ ကန်မိတ္ထီလာ" ဟူ၍ ဖွဲ့ထားသည့်အတိုင်း အမရ ပူရမြို့၏ တောင်ဘက်တွင် တည်ရှိသည့် တောင်သမန်အင်းသည် အရှေ့မှ အနောက်သို့ နှစ်မိုင်၊ တောင်မှ မြောက်သို့ တစ်မိုင် ကျယ်ဝန်း လျက် စုစုပေါင်း ၂၃၁ ဒသမ ၇၃ ဧက ကျယ်ဝန်းပေသည်။
မြန်မာနိုင်ငံတွင် အထူးခြားဆုံး သဘာဝရေချိုအင်းကြီး ဖြစ် သည်။ တောင်သမန်အင်းသည် ဧရာဝတီမြစ်ရေပြင် မြင့်တက်ချိန် မိုးရာသီ၌ ရေများ ပြည့်လျှံလျက်ရှိသည်။ ဂိမှာန နွေရာသီတွင် ပတ်ကြားအက် မြေကြီးပေါ်၌ ယာသမားက ထွန်ချကြသည်။ တံငါသည်တို့ကလည်း ဖား ငါး ရှာဖွေကြသည်။

တောင်သမန်အင်း၏ အနောက်ဘက်ကမ်းနဖူးတွင် ဘိုးတော် ပဒုံမင်း တည်ခဲ့သော အမရပူရမြို့တော်ဟောင်း ရှိသည်။ ပဒုံမင်း သည် အမရပူရမြို့တော်ကို 'အင်းအိုင်ဝိုင်းလည် ဘိုးတော်တည်၊ ရွှေပြည်အမရ၊ သာမောစွ' ဟု အမှတ်အသားပြုသည့်အတိုင်း မြန်မာ သက္ကရာဇ် ၁၁၄၄ (ခရစ် ၁၇၈၂) တွင် တည်ခဲ့သည်။ ပဒုံမင်းတရား သည် မြို့တော်ဆောက်လုပ်ပြီးနောက် မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် တွင် အင်းဝမြို့တော်မှ အမရပူရသို့ ပြောင်းရွှေ့စံတော်မူသည်။ ထို့နောက် ဘကြီးတော်ခေါ် စစ်ကိုင်းမင်း၊ သာယာဝတီမင်းခေါ် ရွှေဘိုမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းတို့ အသီးသီး ထီးနန်းစိုက်ခဲ့ရာ မင်းအသီးသီးတို့သည် နန်းသက်ပေါင်း ၇၄ နှစ် စိုးစံခဲ့သည့် မြို့တော် ဟောင်းဖြစ်သည်။  တောင်သမန်အင်းနှင့် တောင်သမန်တံခါး (ဝါ) ဦးပိန်တံတား သည် ခွဲခြား၍မရပေ။

 
ဦးပိန်တံတား
ကုန်းဘောင်ဆက် နဝမမြောက် ပုဂံမင်းလက်ထက် အမရ ပူရမြို့ဝန် ဘိုင်ဆပ်၏တပည့်
မြို့စာရေးဦးပိန်သည် မိုးကာလ တောင် သမန် ၁၂ ရပ်မှ လူအများ သွားလာရခက်ခဲသည့် ဒုက္ခကိုမြင်၍ တောင်သမန်အင်းကို ဖြတ်ကာ တံတားခင်းရန် အကြံဖြစ်ပေါ်လာ သည်။ မြို့ဝန် ဘိုင်ဆပ်နှင့် ဦးပိန်တို့သည် အစ္စလာမ်ဘာသာဝင် မူဆလင်များ ဖြစ်ကြသော်လည်း ဘုန်းကြီးကျောင်းထွက်များ ဖြစ် ကြသည်။ ပုဂံမင်း၏ အိမ်တော်ပါ ငယ်ကျွန်များလည်း ဖြစ်သည်။ ယင်းသို့ မင်းကျွမ်းဝင်သူများ ဖြစ်ကြသဖြင့် တောင်သမန်အင်းကို ဖြတ်၍ တံတားခင်းရန် ခွင့်ပြုချက်ကို ပုဂံမင်းထံမှ လွယ်လွယ်နှင့် ရကြသည်ဟု ဆိုနိုင်သည်။

တံတားဆောက်လုပ်ရာတွင် စစ်ကိုင်း၊ အင်းဝ နန်းတော် အိမ်တော်များမှ သစ်သားဟောင်းများကို အသုံးပြုလိုကြောင်း လျှောက် တင်ကြသောအခါ ပုဂံမင်းက နန်းတော် အိမ်တော်များမှ သစ်သား များကို ကျေးတော်မျိုး ကျွန်တော်မျိုးများ အသုံးမပြုနိုင်။ သာသနိက အဆောက်အအုံလုပ်ရန်မှာလည်း မှူးမတ်တို့ အသုံးပြုနေထိုင်ဖူးပြီး ဖြစ်၍ မသုံးလို။ အလဟသတ် ဆွေးမြည့်ပျက်စီးမည့်အရေးကို မြင် သဖြင့် အများအတွက် တံတားဆောက်ရန် ခွင့်ပြုလိုက်သည့်ဆိုသည်။ အဆိုပါတံတားကို ဦးပိန်က ဦးစီးဆောက်လုပ်သဖြင့် 'ဦးပိန်တံတား' ဟု အမည်တွင်သလို တောင်သမန်အင်းကို ဖြတ်ကူးထားသဖြင့် 'တောင်သမန်တံတား' ဟုလည်း ခေါ်ကြသည်။

 အဆိုပါတံတား ဆောက်လုပ်ချိန်မှာ ၂ နှစ်မျှ ကြာခဲ့သည်။ တံတားဆောက်သည့်နှစ်က အလွယ်တကူ မှတ်မိစေရန် "အင်းက အော်အာ ဆောက်လုပ်ကာ" (၁၂၁၁ ခု) "အင်းကအော်ညီး၊ ဆောက် လုပ်ပြီး" (၁၂၁၃ ခုနှစ်) ဟု ပြောဆိုကြသည်။ ယခုအခါ တံတား ၏သက်တမ်းသည် ၂၀၁၈ ခုနှစ်ဆိုလျှင် ၁၆၇ နှစ် ရှိပြီဖြစ်သည်။


တံတားဆောက်လုပ်ရာ၌ ရှေးခေတ်မြန်မာ့အင်ဂျင်နီယာပညာရှင်တို့သည် စကေးမှန်ချိန် စသည်တို့မပါ၊ ခြေလှမ်းဖြင့်သာ တိုင်းတာ ကြသည်။ လှိုင်းဒဏ် လေဒဏ် ခံနိုင်ရန်အတွက်လည်း တံတားကြီး ကို ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက် ကာ ကျင်တွယ်ချိုးသဏ္ဌာန် စီမံဆောက်လုပ်ထားသည်။ တံတားတိုင် မြေဝင်သည် 'တစ်ရပ်တစ်သူ' (လက်ခုပ်တစ်ဖောင် သို့မဟုတ် ၇ ပေ) အနက်ရှိသည်။ မြေဝင်တိုင်အဖျားကိုလည်း ခဲတံသဖွယ် ချွန် ထားသည်။ မြေဝင်တိုင် ခြေဖျားကို အပေါက်ဖောက်၍ ထူးနှစ်ချက် ခတ်ထားသည်။ ဝရန်တာနှစ်ဖက်ကာ၍ အခင်းက သုံးထပ်သုံးလွှာ ခင်းထားသည်။ ထို့ကြောင့် "မြေဝင်တသူ၊ ထူးမှုနှစ်ချက်၊ နှစ်ဖက် ဝရန်တာ၊ ခင်းသုံးလွှာနှင့်" ဟူ၍ ဆောင်ပုဒ်ကလေး ထုတ်ထား သည်။ တံတားကြီး ဆောက်လုပ်စဉ်က ရှိသည့် တိုင်ပေါင်းကိုလည်း "နဝအဋ္ဌဇေယမောင်ပိန်" (၉၈၄) တိုင် ရှိသည်ဟု အမှတ်အသား ပြုထားသည်။

 သို့သော် နောင်တွင် တံတားနှစ်ဖက်ထိပ် အုတ်တံတားကို ဖြုတ်၍ အသားတံတား အစားထိုး ဆောက်လုပ်သဖြင့် တံတားတိုင် များ တိုးလာသည်။ ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်း၍ ရေတွက် လျှင် တိုင်ပေါင်း ၁၀၈၆ တိုင်ဖြစ်သည်။ နားနေရန် ဇရပ်လေးဆောင် ဆောက်လုပ်ထားသည်။ ဘုရင့်စစ်လှေကြီးများ၊ ပြည်ကြီးမွန်ဖောင် တော် စသော ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင် ရန် 'ဖောင်ကြောင်း' (၉) ခု ထားသည်။ ဖောင်ကြောင်းအခင်းတို့ သည် လွယ်ကူစွာ ဖြတ်နိုင်သည်။ အခန်းပေါင်း ၄၈၂ ခန်းရှိ၍ အခန်းကြမ်းပြင် ၉ ချပ် ထပ်ခင်းထားသည်။ တံတားအရှည်မှာ ၃၃၉ တာနှင့် ၂ တောင် (၃၉၆၇ ပေ) ရှိသည်။ လေးချိုးသုံးချိုးပင် ရှည်လျားသည်။


 ဒုတိယကမ္ဘာစစ်ကြီးပြီးစ ၁၉၄၅ ခုနှစ်က တောင်သမန်အင်း တွင် ရေအလွန်ကြီးသဖြင့် တံတားကြီး ရေမြှုပ်ကာ လှိုင်းဒဏ်ကြောင့် တိုင်အချို့ ပြုတ်ထွက်သွားသည်။ အခန်းအချို့လည်း ပျက်စီးသွားခဲ့ သည်။ ယင်းသို့ ပျက်စီးသည့် အခန်းအချို့ကို တောင်သမန်ရွာတွင် နေထိုင်သော အမရပူရအမတ် ဦးဘသီက ဦးစီး၍ အခန်းအချို့မှ သစ်သားအခင်းများနှင့် ဖြည့်စွက်ပြင်ဆင်ခဲ့သည်။


၁၉၇၃ ခုနှစ်တွင်လည်း အဆမတန် ရေကြီးခဲ့ပြန်သဖြင့် တံတားကြီး ရေနစ်မြှုပ်၍ ပျက်စီးခဲ့ရပြန်သည်။ လှိုင်းဒဏ် လေဒဏ် ကြောင့် အခန်းပေါင်း ၈၀ ကျော် ရေထဲပါသွားသည်။ တံတားပေါ် မည်သူမျှ ဖြတ်သွား၍မရတော့ပေ။ ထို့ကြောင့် မဟာဂန္ဓာရုံဆရာ တော်ကြီးနှင့် မြို့နယ်ပြည်သူ့ကောင်စီတို့ ဦးစီး၍ ပြည်သူလူထုအများ ကောင်းမှုဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည်။ တံတားထိပ်အနီး ဇရပ်တစ်ခု ကို စာရေးဆရာကြီးတက်တိုး မိသားစုက ပြန်လည်ပြင်ဆင်ပေးခဲ့ သည်။

မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်

ပုဂံမင်းလက်ထက် (၁၈၄၆-၁၈၅၂) တွင် မြို့ဝန် (၅) ဦး အထိ ခန့်အပ်ခဲ့ကြောင်း တွေ့ရသည်။ ယင်းတို့မှာ (၁) မင်းကြီး မဟာမင်းလှသီရိဘွဲ့ခံ ဦးရွှေမောင်၊ (၂) မင်းကြီးမဟာမင်းခေါင် ကျော်ထင်ဘွဲ့ခံ ဦးအုပ်၊ (၃) ဆေယက်ခန်ခေါ် ဘိုင်ဆပ်၊ (၄) ဦးအုပ် (အမည်တူ)၊ (၅) မဟာစည်သူဦးမောင်ကလေးတို့ ဖြစ်ကြ သည်။
ပုဂံမင်းလက်ထက်တွင် တန်ခိုးကြီးလာသော ဆေယက်ခန် သည် သူ့ကို 'ဘိုင်ဆပ်' ဟု ခေါ်တွင်စေသည်။

ယင်းဘိုင်ဆပ်မှာ ယင်းတို့ဘာသာစကားအရ 'အစ်ကို'ဟု အနက်ရ၍ 'ဆပ်' ဆိုသည် မှာ 'ဆရာ'ဟု
အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘိုင်ဆပ်ဆိုသည်မှာ 'အစ်ကိုဆရာ' ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့် ခေါ်စေခြင်းဖြစ်ဟန်ရှိသည်။


ဘိုင်ဆပ်နှင့်ပတ်သက်၍ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ၏ 'ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး' စာအုပ် (တတိယအကြိမ် ၂၀၁၂) စာမျက်နှာ (၁၉)၌-

"... ဘုရင်သစ် (ပုဂံမင်း)လက်ထက်တွင် အဝေးမြို့ဝန်များ ရှိသလို မင်းနေပြည်တော် ရွှေမြို့တော်၌လည်း ရွှေမြို့တော်ဝန်များ တစ်ယောက်မက သုံးလေးဦးအထိ ခန့်ထား၍ သူကောင်းပြုထားလေ့ ရှိကြရာမှ ပုဂံမင်းတရားလက်ထက်တွင် ရွှေမြို့တော်ဝန်များအပေါ် တွင် အိမ်တော်ပါ ဘိုင်ဆပ်လို အကြီးအမှူး မြို့ဝန်အဖြစ် ထပ်၍ ခန့်အပ်သူကောင်းပြုထားလိုက်လေသည်။

ဤတွင် မြို့ဝန်လက်သစ်ကြီး ဘိုင်ဆပ်သည် အခြားမြို့ဝန် တို့အပေါ် ကျော်လွှား၍ တန်ခိုးအာဏာ ထွားလျက်ရှိသူဖြစ်သည်။ မြို့တော်ဝန်လက်အောက်တွင် မြို့စာရေးဆရာများလည်း ရှိသေးသည်။ ထိုမြို့ဝန်များတွင် ရွှေမြို့တော်ဝန် ဘိုင်ဆပ်က လက်သပ်မွေးမြူထား သော မြို့စာရေးမှာ 'မောင်ပိန်' ဆိုသူဖြစ်သည်။ (ဘိုင်ဆပ်သည် ဩဇာအရှိန်အဝါကြီးလာသောအခါ သူ့တပည့် လူမိုက်များဖြစ်သည့် မောင်ပိန်ကို မြို့စာရေးခန့်သလို၊ ရွှေဘော်ကို တံခါးနီမှူး၊ ငမှုံကို ဈေးခေါင်း၊ ငရှင်လေးကို ထန်းခေါင်း စသည့်ရာထူးများ ပေးအပ် ခဲ့သည်။)

မြို့စာရေးမောင်ပိန်သည် ရာထူးရခါစက သာမညမျှသာဖြစ် သော်လည်း ပုဂံမင်း နန်းစံ (၆) နှစ်ကာလ (၁၈၄၆-၁၈၅၂) အတွင်း သူဌေးကြီးဦးပိန် ဖြစ်လာခဲ့ပေသည်။ မြို့တော်စာရေးဦးပိန်၊ သူဌေး မင်းဦးပိန်ဟူ၍ နိုင်ငံတော်လေးရပ်မှာ ကျော်စောသတင်းအရှိန် တော် တော်ပြင်းတဲ့သူ ဖြစ်လာသည်။

အမရပူရတောင်သမန်အင်းကြီးတွင် ဖြတ်ဆောက်ထားသော တံတားကြီးဖြစ်၍ 'ဦးပိန်တံတား' ဟု ယခု တိုင် တွင်သည်။ ဆရာမြို့ဝန်ဘိုင်ဆပ်၏ အလိုကိုလည်း ချက်ဆိုလျှင် နားခွက်က မီးတောက်အောင် အလိုက်သိသူဖြစ်သည်။ ငွေရပေါက် ရှာရာတွင်လည်း ထူးကဲသော ပါရမီရှင်တစ်ယောက်ဟု ဆိုလောက် ပေသည်။ ဦးပိန်ပင် သူဌေးကြီးဖြစ်နေသေးလျှင် ဦးပိန်၏ဆရာ မြို့တော်ဝန်ဘိုင်ဆပ်မှာ ဦးပိန်ထက် အဆတစ်ရာ တစ်ထောင်သာနေ အောင် ဌေးသော ဇာတိကသူဌေးတစ်ဦးပင် ဖြစ်လာလေသည်။

မြို့တော်ဝန်ဘိုင်ဆပ်နှင့် တပည့်ကျော် မြို့စာရေးမောင်ပိန် တို့ ငွေရှာရေးသည် အာဏာဩဇာကို တိုက်ရိုက်သုံးခြင်းလည်း ရှိ သည်။ အာဏာကို သွယ်ဝိုက်သော နည်းမျိုးစုံဖြင့်လည်း သုံးကြသည်။
မြို့တော်ဝန်ဘိုင်ဆပ်သည် အာဏာတစ်ကြိမ်သုံးလျှင် ကိစ္စ လေးငါးမျိုး ပြီးစီးစေသည်။ လွှတ်တော်သို့ ရောက်နေသော အမှု အခင်းကြီးမှ အစပြု၍ အရပ်ထဲ ရန်ဖြစ်သော အမှုသေးကလေးများ အထိ မိမိ၏ငွေအိတ်ကိုလည်းကောင်း၊ အာဏာအိတ်ကိုလည်းကောင်း ဖောင်းသည်ထက် ဖောင်းကြစေသည်။ တန်ခိုးအာဏာကိုလည်း တိုး သည်ထက် တိုးပွားလာစေသည်။ တပည့်တပန်း မိုက်ကန်းကန်း အကောင်တွေလည်း သစ္စာခံသည်ထက် ခံလာကြကုန်သည်။ အရာရှိအပိုင်းကလည်း ကျိုးနွံကိုင်းရှိုင်းလာကြစေပြန်သည်။ ဘုရင်ကလည်း မင်းအလိုလိုက် မင်းကြိုက်ဆောင်တတ်သော သစ္စာ ရှိ ကျေးရင်းကျွန်ယုံတစ်ယောက်ဟူ၍ အသိအမှတ်ပြုသထက် ပြုလာ စေသည်။

 ဘိုင်ဆပ်သည် မြို့တော်ရေပြင်တော်အတွင်းတွင်လည်းကောင်း၊ လွှတ်တော်ရုံးတော်၌လည်းကောင်း မတရား အာဏာစက်ဖြန့်ရုံ သာမက နန်းတော်၊ အိမ်တော်၊ အဆောင်တော်တွင်းသို့ပင် သူ၏ အာဏာစက် စူးဝင်အောင် တန်ခိုးပြလာလေသည်။

 ဤသို့ မြို့ဝန်ဘိုင်ဆပ် တန်ခိုးထွား၍ မတရားမှုများ အပြု အလုပ်များလာသောအခါ ဖြောင့်မှန်သော ဝန်ကြီးများ၊ မှူးတော် မတ်တော်များသည် သိလျက်နှင့်ပင် ရင်မဆိုင်နိုင်သေးဘဲ အံခဲ၍ ခံနေကြရသေးသည်" ဟူ၍ ရေးသားထားလေသည်။
 
 မှန်ပေသည်။ ဤသို့ မြို့ဝန်ဘိုင်ဆပ်၏ မတရားမှုများ အပြု အလုပ်များလာသောအခါ ပုဂံမင်း၏ မယ်တော် (သာယာဝတီမင်း၏ မိဖုရားခေါင်ကြီး မင်းမြတ်ရွှေ) နှင့် ညီမတော် စုဖုရားကြီး (နောင် မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီး စကြာဒေဝီ) တို့ကလည်း မြို့ဝန် ဘိုင်ဆပ် ဘုန်းတောက်နေပုံ၊ မြို့စာရေးမောင်ပိန်ကပါ နောက်ခြွေက ပုံများကို ပုဂံမင်းအား တွေ့ဆုံသည့်အခါ သတိပေးလျှောက်တင်ကြ သည်။ သို့သော် ပုဂံမင်းကိုယ်တိုင်က မယုံကြည်တော်မူ၍ အရာ မရောက်ခဲ့ပေ။

ထို့နောက် ဘိုင်ဆပ်သည် သူအမြင်ကပ်နေသူ စကားမိဖုရားထံ၌ ခစားနေသော မောင်းမငယ်တစ်ဦးဖြစ်သည့် ရှင်ညိုကို အမှု ဆင်လေးသည်။ ဘိုင်ဆပ်မှာ ဤကဲ့သို့ အမြင်ကပ်နေသူတိုင်းကို ငွေညှစ်နေကျဖြစ်သည်။ အချို့မှာ အမှုသွားမမှန်ကြောင်း သိသည့် တိုင် ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားလျှင် အထင်အမြင် လွဲမှားခံရမည်ကို ကြောက်ရခြင်းကြောင့် အပူအေးအောင် မြို့ဝန် ဘိုင်ဆပ်အား ရှိစုမဲ့စု ပုံပေး၍ လာဘ်ထိုးကြရစမြဲ ဖြစ်သည်။
စကားမိဖုရားသည် ဘိုင်ဆပ်ကို လာဘ်လည်း မထိုး ရံရွှေ တော်ကိုလည်း မပေးအပ်သဖြင့် "ငါကဲ့သို့သော ပုဂ္ဂိုလ်အား ဤ မိဖုရားက အဘယ့်ကြောင့် မလေးမစား ပြုနေဘိသနည်း" ဟု အမျက်ထွက်ကာ ကိုယ်တိုင်ခေါင်းဆောင်လျက် အနောက်ပိုင်းမင်း မိန်းမတို့အဆောင်သို့ ဝင်ရောက်ပြီးလျှင် ရှင်ညိုကာ ပေးအပ်ရမည် ဟု အတင်းအဓမ္မ တောင်းဆိုလေသည်။ စကားမိဖုရားကလည်း ဆတ်ဆတ်ကြဲပင် ဖြစ်သည်။ အခြားသူများကဲ့သို့ ငုံ့မခံဘဲ မြို့ဝန် ဘိုင်ဆပ် အနောက်ဆောင်သို့ ကျူးလွန်ဝင်ရောက်မှုနှင့် ဘုရင့်ထံပြန်၍ တိုင်တန်းလိုက်လေသည်။


 ဤသို့ဖြင့် အနောက်ဝန်၏ ခွင့်ပြုချက်မရရှိဘဲ စကားမိဖုရား အဆောင်တော်ထဲသို့ နောက်ပါတပည့်များနှင့် ကျူးကျော်ဝင်ရောက် မှုကြောင့် ပုဂံမင်းသည် အမျက်တော်ပွားကာ မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်တို့ကို သွားရာလမ်းမြဲအတိုင်း ပြစ်ဒဏ်ခတ်ခဲ့သော ကြောင့် အသေဆိုးဖြင့် သေဆုံးခဲ့ရလေသည်။ သူတို့နှစ်ဦး၏ ရုပ် ကလာပ် လင်ဇင်းကုန်း မူစလင်သင်္ချိုင်း၌ မြှုပ်နှံထားရာ မြို့စာရေးစ မောင်ပိန်၏ အုတ်ဂူတစ်ခုသာ ကျန်ရှိတော့သည်။ ဘိုင်ဆပ်၏ သင်္ချိုင်း အုတ်ဂူသည် ဖျက်စီးခံရ၍ ပျက်စီးသွားသည်ဟု ဆိုသည်။

ဤသို့ မင်းပြစ်မင်းဒဏ်ကြောင့် ဘိုင်ဆပ်သည် ဘဝနိဂုံးချုပ် သွားခဲ့ရာ သူ၏အဆက်အနွယ်များသည် အတော်ပင် ဒုက္ခရောက်ကြ ရသည်။ သူ မတရားရှာဖွေခဲ့သော ပစ္စည်းဥစ္စာ ရတနာများကိုလည်း ဘုရင့်ဘဏ္ဍာတော်အဖြစ် သိမ်းပိုက်ခံလိုက်ရသည်။ အမရပူရခေတ်မှ ပန်းခုံဗလီတွင် သူ့ရတနာများ မြှုပ်နှံထားသည်ဟု သတင်းရ၍ တူးဖော်ကြရာ မတွေ့ရဟု ဆရာမောင်သန်းဆွေ (ထားဝယ်)က ကလျာမဂ္ဂဇင်း (၂၀၁၂ ဇန်နဝါရီလထုတ်) တွင် "စကားမိဖုရား နှင့် ဘိုင်ဆပ်" ခေါင်းစဉ်ဖြင့် ရေးသားထားလေသည်။

အဆိုဆောင်းပါး၌ပင် ဘိုင်ဆပ်သမီး၏ ခင်ပွန်းမှာ အီဆပ် ဆိုသူဖြစ်ကြောင်း၊ သို့သော် မြန်မာအမည် မောင်မောင်ကြီးဟုသာ ခေါ်ရကြောင်း၊ သူဌေးဘွဲ့ရ ဗလီဒါယကာဖြစ်ကြောင်း၊ သီပေါမင်း လက်ထက်တွင် ပြန်၍ကောင်းစားခဲ့ကြောင်း၊ သီပေါမင်းတရား ညီလာခံနေရာတော်များတွင် အီဆပ်၏နေရာဟု ဖော်ပြထားသည်ဟူ၍ ရေးသားဖော်ပြထားလေသည်။

မြို့စာရေးဦးပိန် (မြန်မာ ၁၁၆၈-၁၂၁၃) သည် တံတားကြီး ၏ တစ်ဖက်ကမ်း၌ ရှိသော ဘုံးအိုးရွာသူကြီးမျိုး ဖြစ်သည်။ သူသည် မဏိပူရကသည်းသြွူကယ်မျိုးရိုးမှ ဆင်းသက်လာသူဟု ဆိုသည်။ သူ့တွင် ဇနီးလေးယောက်ရှိရာ ပထမဇနီး ဒေါ်ခင်ခင်ကြီးမှ သား ဦးဝဏ် (သူကြီးမင်း) ထွန်းကားခဲ့သည်။ ဦးပိန်၏မြစ် ဦးစွလ္လတန် (ဒေါ်ရာဘီယာ၏ သားကြီး)သည်လည်း သူကြီးပင် ဖြစ်သည်။
ဒုတိယဇနီး ဒေါ်ဒေါ်စိန်မှ သား ဦးသာရွှန်း ထွန်းကားခဲ့သည်။ ဦးသာရွှန်းသည် ဒေါ်ညှာဆိုသူနှင့် လက်ထပ်ကာ သား ဦးဖေပု မွေးဖွားခဲ့သည်။ အမည်မသိ တတိယဇနီးမှာ သား ဦးရှင်နှင့် ဦးဘိုး သင် ထွန်းကားသည်။ စတုတ္ထဇနီး ဒေါ်ငယ်နှင့် သား ဦးဖေလေးနှင့် ဦးသာချစ်ကယ် ထွန်းကားခဲ့သည်။

 ဦးပိန်သည် ဦးပိန်တံတားအပြင် တောင်ကြီးတံတား၊ ပန်းပဲ တံတား၊ မင်္ဂလာအမြောက်ဗုံးအိုးဗုံတောင်တံတား၊ ရွှေလေးတံတား၊ စားကြင်ဝတံတား၊ တောင်မြင့်တံတား၊ ရွှေတောင်တံတား၊ ဂျွင်းကုန်း တံတား၊ ရွှေဒုံးတံတားနှင့် ကြက်မွှေးတံတား အပါအဝင် တံတား (၁၁) စင်း တည်ဆောက်ခဲ့သေးသည်။ ထို့ပြင် ရေကန် (၁၁) ကန် ကိုလည်း တူးဖော်ခဲ့သည်။ ဦးပိန်၏ ကန်များမှာ ယခုအခါ ဘုရား ကြီးလိပ်ကန်နှင့် ဦးပွားဘုရား အနောက်ဘက်ရှိ ရေကန်တို့သာ ကျန်ရှိ တော့သည်။

 
အကြီးစားပြုပြင်ခြင်း

သမိုင်းဝင် ဦးပိန်တံတားသည် ယခုအခါ ပျက်စီးယိုယွင်းမှု များ ပိုမိုများပြားလာသည့်အတွက် အကြီးစား ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားရန် NLD အစိုးရလက်ထက်၌ မန္တလေးတိုင်း ဒေသကြီးအစိုးရက ငွေကျပ်သိန်းပေါင်း ၂၀ဝ၀ ကျော် အကုန်အကျ ခံ၍ ပြုပြင်သွားမည်ဟု သိရသည်။

 ဦးပိန်တံတား အောက်ခြေတိုင်များ ဆွေးမြည့်ပျက်စီးမှုကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ မတ်လအတွင်းက ငွေ ကျပ်သိန်း ၃၀ဝ ကျော်ဖြင့် တံတားအခန်းပေါင်း ၃၀ ကျော်လို သစ်အစားထိုး၍ ပြုပြင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဦးပိန်တံတား ရေရှည်ထိန်းသိမ်းခြင်း လုပ်ငန်းအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၇ မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။ ထို့နောက် ဂျာမန်ပညာရှင်များနှင့် ပူးပေါင်း၍ တံတားအနောက်ဘက်မှစပြီး အရှေ့ဘက်ထိ တိုင်တစ်လုံးချင်းစီကို စမ်းသပ်စစ်ဆေးလျက် ရှိသည်။ တိုင်လုံးများ၏ ခံနိုင်ရည်နှင့် ပျက်စီးနေမှု အခြေအနေများကို နည်း ပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ဒေါက်တာဇာခြည်မင်း က-
"ဒီစမ်းသပ်တဲ့နေရာမှာ ဂျာမန်က နည်းပညာရှင် ၃ ဦးနှင့် ကျွန်မတို့အဖွဲ့တွေ လုပ်ငန်းလုပ်ဆောင်နေပါတယ်။ စမ်းသပ်မှုများ မှ ရရှိလာတဲ့ တွေ့ရှိချက်တွေကို စာရင်းပြုလုပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်" ဟု ဆိုသည်။


 ယခုအခါ ဦးပိန်တံတားပေါ်တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင် ၆၀ ကျော်ကိုလည်း ၂၀၁၈ ခုနှစ်၊ မတ ၂၆ ရက်နေ့မှစ၍ ဖယ်ရှားရှင်းလင်းခဲ့ရာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို အနှောင့်အယှက်ဖြစ်မှု ကင်းရှင်းသွားလေသည်။

မည်သို့ဆိုစေ နှစ်ပေါင်း (၁၆၇) သက်တမ်းရှိ မြန်မာ့သမိုင်း၊ မြန်မာ့ဗိသုကာ၊ မြန်မာ့ယဉ်ကျေးမှုကို လှစ်ဟနေသော သမိုင်းဝင် ဦးပိန်တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရန် လူတိုင်း၌ တာဝန်ရှိနေပေသည် မဟုတ် ပါလော။

စာကိုး
(၁) ဒဂုံခင်ခင်လေး 'ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး' ရန်ကုန်၊ စိတ်ကူး ချိုချိုစာအုပ်တိုက်၊ တတိယအကြိမ်၊ ၂၀၁၂။
(၂) ကိုပညာ (အမရပူရ) 'တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာ များ' ရန်ကုန်၊ စိတ်ကူးချိုချိုစာပေတိုက်၊ ဒုတိယအကြိမ်၊ ၂၀၁၆။
(၃) မောင်သန်းဆွေ (ထားဝယ်)၊ 'ဖွေဖွေရှာရှာ သမိုင်းစာ'၊ ရန်ကုန်၊ ကံ့ကော်ဝတ်ရည်စာပေတိုက်၊ ပထမအကြိမ်၊ ၂၀၁၂။
(၄) မောင်သန်းဆွေ (ထားဝယ်)၊ 'ထီးစကား နန်းစကား'၊ ရန်ကုန်၊ ပညာရွှေတောင်စာအုပ်တိုက်၊ ပထမအကြိမ်၊ ၂၀ဝ၇။
(၅) သာရဝေါစိုးကြည် 'တောင်သမန်တံတား'၊ ငွေတာရီမဂ္ဂဇင်း၊ ၁၉၈၁၊ ဇွန်လ။
(၆) ရွှေမြို့တော်ဝန် စာရေးတော်ကြီးဦးပိန်၏ ဆွေစဉ်မျိုးဆက် ဇယား၊ (လက်နှိပ်စက်မူ)
0