ကျော်ကျော် (မြရည်စမ်း) ● ရေးမယ့်စာတွေက ကျွန်တော်ပါ
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၈
စာရေးဖို့ကြိုးစားပေမယ့် စာရေးလို့မရတာ ကြာပါပြီ။ လူတွေက ပြောကြတယ်။ စာရေးချင်တယ်ဆိုရင် စာတွေဖတ်ရင်ဖတ် စာမဖတ်နိုင်ရင် ခရီးသွားတဲ့။ စာလည်း တတ်နိုင်သလောက်တော့ ဖတ်ဖြစ်ပါတယ်။ ဝတ္ထုကြီးတွေ အတော်များများကိုလည်း ဖတ်ပြီးခဲ့ပါပြီ။ ပင်ကိုယ်ရေးတွေရော၊ ဘာသာပြန်တွေရော စုံလို့ပါ။ ဘိုင်အိုဂရပ်ဖီတွေ၊ အော်တိုဘိုင်အိုဂရပ်ဖီတွေ ဖတ်ဖြစ်ခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်းစာအုပ်ကြီးဖတ်ဖြစ်ခဲ့သလို မှော်ဝန်းသားရဲ့စာအုပ်ကိုလည်း ဖတ်ပစ်လိုက်တယ်။ ကိုယ်တိုင်ရေးထားပြီး ရိုးသားမှုအပြည့်ပါကြောင်းသိလို့ လေးလေးစားစား ဖတ်ဖြစ်ခဲ့တဲ့ စာတွေရှိသလို အောက်ကလိအာ အသံသွင်း ထားတာကို ရှဲထိုးစာရေးဆရာက မွမ်းမံပြုစုထားမှန်း သိသိကြီးနဲ့လည်း ဘာတွေဖြီးသလဲသိအောင် ဖတ်ပစ်ခဲ့တဲ့ စာတွေရှိပါ တယ်။ စာရေးဖို့ကြိုးစားပေမယ့် စာရေးလို့မရတာ အတော်ကြာပါပြီ။ ခရီးတွေအများကြီးသွားဖြစ်ခဲ့ပါတယ်။ ငွေကြေးမပိုလျှံလှတော့ နိုင်ငံ့အပြင်ဖက်တော့ ထွက်မလည်နိုင်ခဲ့ပါဘူး။ ဝန်ထမ်းဘဝက သူငယ်ချင်းတွေ၊ စာပေမိတ်ဆွေသူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် ခရီးတွေအများကြီးရောက်ခဲ့ဖူးပါပြီ။ စာတွေအများကြီးရေးချင်လှပါတယ်။ စာတွေဖတ် ခရီးတွေ ထွက်ပေမယ့် စာက ရေးလို့မထွက်တတ်ခဲ့ဘူး။
နယ်တွေစုံအောင် နေခဲ့ဖူးရင် စာတွေစုံတယ်လို့ မိတ်ဆွေတွေက ပြောကြတယ်။ နယ်တွေတော့ အတော်စုံခဲ့ပါပြီ။ ကျွန်တော့် စာတွေ မစုံပါဘူး။ ဝန်ထမ်းဘဝမှာ ထားရာနေ စေရာသွား မင်းခယောက်ျားပေါ့။ အပြင်လောကထဲရောက်တော့လည်း မြက်နုရာရေကြည်ရာပေါ့။ ဒါပေမယ့် စာတွေမစုံခဲ့ပါဘူး။ စာရေးဖို့ကြိုးစားရင်း စာတွေမစုံခဲ့ရတာပါ။ အခုလည်း ဘာစာတွေများ ရေးရမှာပါလိမ့်။ ဘယ်လို စာပေမျိုးကိုများ ရေးရမှာပါလိမ့်။
မီးရထားဌာနမှာ ဝန်ထမ်းဘဝ အစပြုခဲ့ရတာက တွဲထိန်းအဖြစ်နဲ့ပါ။ အဲသည်တုန်းက ရထားစီးသူတွေ တအားများပါတယ်။ ရန်ကုန်နဲ့မန္တလေးက ကားတွေရှိလို့ သွားရေးလာရေးအတွက် အခက်အခဲသိပ်မဖြစ်ပေမဲ့ မန္တလေးကနေ မြစ်ကြီးနားဖက် သွားမယ်လာမယ်ဆို ခက်ခဲပါတယ်။ ကားလမ်းက မကောင်းတော့ ခရီးသည်တင်ကားကောင်းကောင်းလည်း မရှိသေးပါဘူး။ ကျွန်တော်အလုပ်လုပ်ရတဲ့ ရထားကြီး ထွက်ခါနီးလို့ ပလက်ဖောင်းမှာ တွဲဆိုင်းထိုးထားပြီဆိုရင် လက်မှတ်မရပဲ လိုက်ချင်တဲ့ ခရီးသည်တွေက လိုက်ပါရစေလို့ လာလာတောင်းဆိုတတ်ကြပါတယ်။ အတွေ့အကြုံနုနယ်သေးတော့ သူတို့ကို ဘယ်လိုခေါ်လာရမယ်မှန်းမသိ ဖြစ်ရပါတယ်။ သူ့အမေရဲ့ အသုဘအမီ ပြန်ရမှာပါလို့ ငိုကြီးချက်မနဲ့ ဆိုလာတော့ ကျွန်တော့်ယူနီဖောင်းကို ဝတ်ခိုင်းပြီး ခေါ်လာခဲ့မိတယ်။ မြစ်ကြီးနားရောက်ခါနီးတော့မှ အဲဒီလူက လိမ်ပြောမှန်း ကျွန်တော်သိလိုက်ရတာ ပါ။ မျက်ရည်တွေက ကျွန်တော့်စိတ်ကို လှည့်စားသွားကြတယ်။ အဲဒီအကြောင်းကို အခုထက်ပိုပြီး စုံစုံလင်လင် ရေးချင်ပေ မယ့် ကျွန်တော်မရေးနိုင်သေးပါဘူး။ အခုနေအခါမှာ ကျွန်တော်သာ တွဲထိန်းဖြစ်ကြည့်။ ငိုကြွေးခြင်းနဲ့မျက်ရည်စကို အရောင်ခွဲတတ်ပါပြီ။ စာတွေအများကြီးရေးချင်ပါတယ်။ မရေးနိုင်သေးပါဘူး။ ဘယ်လိုရပ်တည်မှုမျိုးနဲ့များ ရေးရမှာပါလိမ့်။
အလုပ်တွေစုံရင် စာတွေစုံတယ်လို့ ပြောကြသေးတယ်။ ကျွန်တော်အိမ်ထောင်ကျစမှာ စည်ပင်သာယာရုံးက အင်/ယာဌာန မှာ အလုပ်ဝင်ခဲ့ဖူးပါတယ်။ အဲတာကြောင့်မို့ နေရေးထိုင်ရေးအတွက် သူတို့ဌာနက တာဝန်ယူထိန်းသိမ်းရတဲ့ အဆောက်အဦကြီးတလုံးက အောက်ထပ်ထောင့်ခန်းလေးမှာ နေခွင့်ရခဲ့တယ်။ အဲသည်အဆောက်အဦကြီးကို ဌာနဆိုင်ရာက ဧည့်ရိပ်သာကြီးအဖြစ်လည်း အသုံးပြုပါတယ်။ စစ်တိုင်းမှူးတွေလာရင်လည်း အစည်းအဝေးတွေဘာတွေလုပ်တတ်တယ်။ သရဲခြောက်တယ်လို့ နာမည်ကြီးပေမဲ့ နေထိုင်ရတာ အဆင်ပြေပါတယ်။ ဆေးရုံနဲ့နီးတဲ့အပြင် သရဲခြောက်တယ်လို့ နာမည်ကြီးနေတော့ လူသွားလူလာမရှိသလောက်ပဲ။ လေမတိုက်ပဲ ပန်ကာတွေလည်နေတတ်တယ်ဆိုတာမျိုး။ ရေစင်ကြီးပေါ်မှာ ခေါင်းပြတ်နေတဲ့ လူတယောက် လက်ပိုက်ရပ်နေတယ်ဆိုတာမျိုး။ သရဲဇာတ်လမ်းတွေတော့ အများကြီးပါ။ ကျွန်တော်က သရဲတော့မတွေ့ခဲ့ရပါဘူး။ သရဲထက်ကြောက်စရာကောင်းသူတွေကိုတော့ တွေ့ခဲ့ရဖူးပါတယ်။ အခုတော့ မသိဘူးပေါ့။ အဲ သည်တုန်းကတော့ စည်ပင်သာယာရေးဌာနက အရာရှိတွေဟာ ခရိုင်ငြိမ်ဝပ်ပိပြားရေးဥက္ကဌကြီးရဲ့ နုတ်မိန့်ကို တသဝေမတိမ်းလိုက်နာရပါတယ်။
သရဲထက်ကြောက်စရာကောင်းတဲ့သူတွေကို မြင်ခဲ့ရပြီးတဲ့နောက် ပုဂ္ဂလိက ဆီစက်တစက်မှာ အလုပ်ဝင်လုပ်ခဲ့တယ်။ စက်ထဲကထွက်လာတဲ့ ပဲဖတ်ပူပူကြီးတွေကို ပုခုံးတွေအပူလောင်အောင်ထမ်းပြီး စက်အနောက်ဘက်က ဂိုထောင်ကြီးထဲ သွားသွန်ရပါတယ်။ သွားသွန်ပြီး ပြန်လာရင် နောက်တစ်တောင်းက ပြည့်နေပြီ။ ညောင်းလို့ ခဏနားမိရင်၊ဒါမှမဟုတ် ဖြေးဖြေးလျှောက်မိရင် နှစ်တောင်းဆင့်ပြီးထမ်းပေရော့။ အဲဒီကိစ္စတွေကို အလုပ်ထဲအရင်ရောက်ပြီး လူယုံအဖြစ်မွေးခံထားရသူက အော်ဟစ်ငေါက်ငမ်းပြီး စီမံခန့်ခွဲပါတယ်။ အဲဒီလူက လက်တစ်ဖက်ကို ပဲကြိတ်တဲ့ဆုံကြီးထဲ လက်ပြန်ထည့်ထားပြီး မျက်လုံးနဲ့ခန္ဓာကိုယ်က အလုပ်သမားတွေဖက် လှည့်နေတတ်တယ်။ ကျွန်တော့်စိတ်ထဲမှာ အဲတာကိုမြင်ရတိုင်း သူ့ကို သတိပေး ချင်စိတ်ပေါ်လာတတ်ပါတယ်။ သူ့ရဲ့ အော်ဟစ်ငေါက်ငမ်းသံတွေကြားမှာ အဲဒီစိတ်ကူးက ပျက်သွားခဲ့ရတာ ခဏခဏပါပဲ။ အဲဒီအလုပ်ကနေ မီးရထားဌာနဖက်ကို ကျွန်တော်အလုပ်ပြောင်းပြီး တနယ်တကျေးမှာ အတော်ကြာသွားတယ်။ မြို့လေးကို ပြန်ရောက်တဲ့အချိန်မှာ သူ့သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူ့လက်တဖက် ကြိတ်ဆုံကြီးထဲပါသွားပြီး သွေးလွန်သေဆုံးသွားသတဲ့။ အလုပ်တွေစုံရင် စာတွေစုံတယ်လို့ ပြောကြပေမယ့် ကျွန်တော်ဘာတွေ ရေးရမယ်မှန်း၊ဘယ်လိုရေးရမယ်မှန်း မသိသေးပါဘူး။
အိမ်ထောင်ကျကာစက သူမနဲ့ကျွန်တော် မိသားစုအနာဂတ်စီမံကိန်းတွေ ချခဲ့ကြဖူးတယ်။ အဲဒီအကြောင်းတွေကို စာအဖြစ်ဖွဲ့နွဲ့ရင် တခမ်းတနားဖြစ်နေလိမ့်မယ်။ အင်မတန်လှပနေလိမ့်မယ်။ လင်းလင်းချင်းချင်းရှိလွန်းတဲ့ အနာဂတ်ခရီးပေါ့။ ဆယ်တန်းအောင်ပြီးကြပြီဆိုတော့ ဌာနလေးတစ်ခုစီမှာ၊ဒါမှမဟုတ် ဌာနတစ်ခုထဲမှာ(အဲသည်ခေတ်က)ရုံးအကူအဖြစ်ဝင်လုပ်ကြမယ်။ ဥပဒေမေဂျာကို အတူတူလျှောက်ပြီး အဝေးသင်စာမေးပွဲ ဖြေကြမယ်။ တစ်နှစ်တစ်တန်း(ဒါမှမဟုတ် ခြောက်လတစ်တန်းလည်း ဖြစ်ချင်ဖြစ်မယ်)အောင်ကြမယ်ပေါ့။ ဌာနတွင်းမှာ ရုံးအကူကနေ အမြဲတန်းဝန်ထမ်းပေါက်စလေးတွေ ဖြစ်လာကြမယ်ပေါ့။ ဈေးနှုန်းသင့်တင့်တဲ့ အိမ်ပေါက်စနလေးတစ်အိမ်၊ဒါမှမဟုတ် အခန်းလေးတစ်ခန်းကို ငှားနေကြမယ်။ သူမနဲ့ကျွန်တော် တတိယနှစ်လောက်ရောက်ချိန်မှာ ပထမဆုံး ရင်သွေးလေးတစ်ယောက် ယူကြမယ်။ အဝေးသင်စာမေးပွဲ သွားဖြေကြချိန်မှာ ကျွန်တော်တို့ကလေးလေးကို အဖိုးအဖွားတွေလက်ထဲ ရက်နှစ်ဆယ်ဖြစ်ဖြစ် တစ်လလောက်ဖြစ်ဖြစ် ထည့်ထားခဲ့မယ်ပေါ့။ နောက်တစ်နှစ်လောက်နေတော့ သူမရောကျွန်တော်ပါ ဘွဲ့ကိုယ်စီရပြီး ဥပဒေအရာရှိစာမေးပွဲဖြစ်စေ၊တရားရေးအရာရှိစာမေးပွဲဖြစ်စေ ဖြေကြမယ်ပေါ့။ မအောင်ခဲ့လည်း အခက်အခဲမရှိနိုင်ပါဘူး။ ရှေ့နေ့ကြီးတစ်ယောက်ယောက်ဆီမှာ အချိန်လေးနည်းနည်းလောက် တပည့်ခံသင်ကြားပြီး ရှေ့နေလိုက်ကြမယ်။ အမှုတွေဆိုတာ မတိမ်ကောတတ်တော့ အမှုသည်တွေ အမြဲတမ်းရှိနေမယ်ပေါ့။ တို့တတွေရဲ့ စာဖတ်အားနဲ့ဆို သာမန်ရှေ့နေတွေလောက်တော့ ယှဉ်နိုင်တယ်ပေါ့။ ပေါ့ပေါ့လေးပါပဲ။ စိတ်ကူးထဲမှာ အရာရာဟာ လွယ်ကူလွန်းခဲ့ပါတယ်။ အရပ်မြင့်မြင့် ကျွန်တော်နဲ့ ဆံပင်ရှည်ရှည်သူမ ဗောဓိကုန်းရပ်ထဲက အဆောင်လေးမှာ ထမင်းစားနေကြရင်း စိတ်ကူးယဉ်လို့ ကြည်နူးခဲ့ဖူးတယ်။ တစ်နှစ်စာကို စာငါးပုဒ်၊ ခြောက်ပုဒ်ကျက်နိုင်ရင် လွတ်လွတ်ကျွတ်ကျွတ်ကြီးအောင်မှတ်ရတဲ့ ဥပဒေသင်ခန်းစာတွေဟာ အဲဒီအချိန်က ကလေးကစားစရာတွေလိုပါပဲ။ ကလေးတွေကစားတဲ့ ပစ္စည်းကိရိယာလေးတွေကို လူကြီးတွေလိုက်မမီတဲ့ အခုအချိန်မှာ အဲတာတွေကို စာရေးဖို့ စာမရေးတတ်တော့ပြန်ဘူး။ အဲတာတွေကို ပွင့်ပွင့်လင်းလင်း ရေးချင်မိပေမယ့် တကယ်တွေးနေမိတာက ကြက်ဥတစ်လုံးရဲ့ အရောင်အကြောင်းနဲ့ တိမ်တောင်တိမ်တိုက်တွေရဲ့ အရောင်အကြောင်းပါပဲ။ စာရေးချင်ပေမယ့် ရေးလို့မဖြစ်တတ်သေးပါဘူး။
ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်ထဲက မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ဖူးတယ်။ မြို့လေးကို ရောက်ကာစမှာ အဲဒီက လွှတ်တော်အမတ်တစ်ယောက်ကို စကားဝိုင်းတစ်ခုမှာ မဂ္ဂဇင်းလေးတစ်အုပ် လက်ဆောင်ပေးလိုက်မိတယ်။ ခေတ်ရနံ့မဂ္ဂဇင်းလေးပါ။ သူပြောလိုက်တဲ့ စကားကြောင့် ကျွန်တော့်မှာ စာအုပ်လေးကို နှမြောကြေကွဲခဲ့ရတယ်။ "အဲဒီမဂ္ဂဇင်းက ထွက်တာ ကြာပြီ လား" တဲ့။ အဲဒီလောက်နဲ့ဆို တော်ပါသေးတယ်။ သူက မြဝတီတော့ လတိုင်းယူသတဲ့။ ပေးထားခဲ့မိပြီးမှတော့ ပြန်တောင်း လို့မှ မရတော့တာ။ ဒီလိုနဲ့ ကြေကွဲခံလိုက်ရတာပါပဲ။ ကျွန်တော်နေထိုင်ရာ လမ်းလေးထဲမှာ မူးယစ်ဆေးဝါးကို ပါဆယ်ရောင်းတဲ့ အိမ်ရှိတယ်။ ညအချိန်ဆိုရင် မီးအိမ်နီအောက်ကထွက်လာတဲ့ ဆိုင်ကယ်သံ ကားသံတွေကြားမှာ ခေတ်ရနံ့ကို မသိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဖျတ်ခနဲသတိရတတ်ပါတယ်။ ပြီးတော့ ရေစိုစီးကရက်ကို ခါးချိုးပြီးမီးညှိလို့ သောက်မိပါတယ်။ အဲဒီမြို့လေးမှာ နေထိုင်နေတုန်းက ဆောင်းညတစ်ညမှာ ဆိုင်ကယ်လေး အခိုးခံလိုက်ရတယ်။ နောက်တနေ့မနက် သိသိ ခြင်းမှာ မြို့လေးနဲ့ လေးဖာလုံလောက်ပဲဝေးတဲ့ နံပါတ်ဖိုးဘိတခုကို ခါးမှာဓားချပ်ပြီး လိုက်သွားခဲ့မိတယ်။ ဗျူဟာလမ်း မကြီးရဲ့ အဆင်းလေးက တောစပ်တစ်နေရာမှာ လူငယ်တွေဟာ လက်ဖက်ရည်ဆိုင်ကိုလာကြသလိုပဲ အရောင်အသွေးစုံလို့။ ဆိုင်ကယ်တွေလည်း အရောင်အသွေးစုံလို့။ အသင့်ပြင်ပေးထားတဲ့ ဆေးထိုးအပ်ကို အကြောလေးတွေထဲ စိုက်သွင်းကြ။ ဗလာစာအုပ် ညစ်ပေပေ တစ်အုပ်က စာရွက်ပိုင်းလေးတွေကို စုတ်ဖြဲပြီး အပ်ပေါက်ရာသွေးစက်တွေကို ဖုံးဖိပွတ်သပ်ကြ။ လျှာနဲ့လျက်ရုံနဲ့ သွေးမတိတ်တဲ့ အနာဂတ်ဒဏ်ရာတွေ။ ပျောက်သွားတဲ့ဆိုင်ကယ်လေး မတွေ့ခဲ့ရတာဟာ ကံကောင်းခြင်း တစ်ခုပါပဲ။ အဲဒီအကြောင်းလေးကို ရေးဖို့ စဉ်းစားမိလိုက်တိုင်း ရေးမထွက်တတ်ပါဘူး။ ကျွန်တော့်ရဲ့ စာအုပ်တွေသိုမှီးရာ နေရာလေးမှာ ခေတ်ရနံ့တွေ အစုလိုက် အပုံလိုက် ဖရိုဖရဲ ရှိနေပါတယ်။ ကျွန်တော် စာမရေးတတ်သေးပါဘူး။
ငိုပြတဲ့မျက်နှာတွေ၊ပိုးပိုးပေါက်ပေါက် မျက်ရည်စက်တွေကို ခေတ်ရနံ့အပုံကြီးထဲမှာ အမြဲတမ်းတွေ့တာပေါ့။ ကျွန်တော့်မှာ ခဏပေးငှားစရာ ယူနီဖောင်း မရှိတော့ပါဘူး။ ကျွန်တော့်ကို ခင်ဗျားအမေ သေဆုံးသွားတယ်လို့ မညာပါနဲ့။ ခရီးဆုံးအောင် အတူတူသွားကြတာပေါ့။ ကျွန်တော် စာရေးပါ့မယ်။
စာတွေ ကျွန်တော်ရေးပါ့မယ်။ ရေးမယ့်စာတွေက ကျွန်တော်ပါ။
ကျော်ကျော် (မြရည်စမ်း)
Comments